ရန်ကုန် – ၂၀၂၃ ဖေဖော်ဝါရီ ၇(မော်ကွန်း)
ဖျက်သိမ်းခံထားရတဲ့ မင်္ဂလာဒုံမြို့နယ် စံသမာဓိရပ်ကွက်မှာ ပြန်လည်နေထိုင်ခွင့်ရဖို့ တောင်းဆိုတဲ့ ပြည်သူအချို့ဟာ ဒီနေ့မှာ သုံးရက်မြောက်အဖြစ်ဆက်လက်တောင်းဆိုနေကြဆဲဖြစ်ပါတယ်။
ရပ်ကွက်အတွင်းပြန်လည်နေထိုင်ခွင့်ရရေးနဲ့ပတ်သက်လို့ အသံတိတ်တောင်းဆိုမှူအဖြစ် အခုလ ၅ ရက်နေ့ကစတင်ကာ စံသမာဓိရပ်ကွက်နေပြည်သူရာနဲ့ချီပြီး တောင်းဆိုမှုကိုလုပ်ဆောင်နေတာပါ။
ရပ်ကွက်ဖျက်သိမ်းခံလိုက်ရပြီး နေအိမ်တွေဆုံးရှုံးသွားတဲ့ ဒေသခံပြည်သူတွေအနေနဲ့ လက်ရှိမှာ စားဝတ်နေရေး အဖက်ဖက်ကအခက်ခဲတွေ ကြုံတွေနေ့ရတဲ့အတွက် အခုလိုပြန်လည်နေထိုင်ခွင့်ရရေးလာရောက် တောင်းဆိုတာဖြစ်တယ်လို့ စံသမာဓိရပ်ကွက်နေသူတွေကပြောပါတယ်။
“ကိုယ့်ရပ်ကွက်လေးမှာပြန်နေခွင့်ရဖိုမျှော်လင့်ချက်နဲ့ လာတာပါ။ တောင်းဆိုမှုလုပ်တဲ့နေရာမှာလည်း ဒီတိုင်းထိုင်ပြီး တိတ်တိတ်ဆိတ်ဆိတ်ပဲတောင်းဆိုတာပါ။အခုအရမ်းခက်ခဲနေတယ် အိမ်ငှါးခတွေက သိန်းချီနေတော့ ဘယ်လိုမှမတတ်နိုင်တော့ဘူးလို့”တောင်းဆိုမှုမှာပါ၀င်တဲ့ ပြည်သူတစ်ဦးကပြောပါတယ်။
တောင်းဆိုတာနဲ့ပတ်သက်လို့ ပျဥ်းမပင်ကျေးရွာအုပ်ချုပ်ရေးမှုးက ခေါ်ယူညှိနှိုင်းတာမျိုးရှိပေမယ့်လည်း အာမခံချက်မပေးနိုင်ဘဲ သက်ဆိုင်ရာတာဝန်ရှိသူတွေဆီကိုသာ စာတင်ဖို့ပြောဆိုတယ်လို့ တောင်းဆိုမှုမှာ ပါ၀င်သူတွေကဆိုပါတယ်။
“မြေအစားပြန်ပေးမယ်ဆိုပြီး ပျဥ်းမပင်အုပ်ချုပ်ရေးမှူးကခေါ်ညှိတာမျိုးတော့ရှိတယ်၊ တိတိကျကျလည်း မဟုတ်ပါဘူး။ ပထမဆုံးတောင်းဆိုတဲ့နေ့ကတော့ သူတို့က ရတယ်ထိုင် တစ်လပဲထိုင်ထိုင်ဆိုပြီးပြောတယ်။နောက်ရက်တွေကျ ရပ်ကွက်ထိပ်ကိုတောင် အလာမခံတော့ဘူး။မနေ့ကညကတော့ နွယ်ခွေထဲမှာ စံသမာဓိကလူတွေရှိလားဆိုပြီး ဧည့်စာရင်းစစ်တာကြားတယ်”လို့ တောင်းဆိုမှုမှာပါ၀င်တဲ့ စံသမာဓိရပ်ကွက်ကပြည်သူတစ်ဦးကပြောပါတယ်။
ဒါ့အပြင် လတ်တလော မင်္ဂလာဒုံမြို့နယ်အတွင်းရှိ နွယ်ခွေနဲ့ကုန်းတလဘောင်ရပ်ကွက်တွေမှာ ငှါးရမ်းနေထိုင်နေပြီး ပြန်လည်နေထိုင်ခွင့်ရရေး တောင်းဆိုမှုမှာပါ၀င်တဲ့ စံသမာဓိရပ်ကွက်ဒေသခံတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ဧည့်စာရင်းမပေးဘူးဆိုတဲ့ ပြောဆိုမှုတွေလည်း ထွက်ပေါ်နေတယ်လို့ ၎င်းကပြောပါတယ်။
စံသမာဓိရပ်ကွက်အပါအ၀င် ဖျက်သိမ်းခံရတဲ့ ရပ်ကွက်ငါးခုကပြည်သူအချို့ဟာ လက်ရှိမှာ မင်္ဂလာဒုံမြို့နယ်အတွင်းက နီးစပ်ရာရပ်ကွက်တွေမှာ အိမ်ငှါးရမ်းနေထိုင်နေကြရတာဖြစ်ပါတယ်။
ဒီလိုငှါးရမ်းနေထိုင်ရာမှာ အိမ်းငှါးခတွေက သိန်းဂဏန်းထိပေးရသလို စျေးသက်သာတဲ့အဆောင်ခန်းတွေကလည်း မိသားစု၀င်များတာ၊ကလေးအငယ်ပါတာ မျိုးတွေကိုလက်မခံတဲ့အတွက် အိမ်ထောင်စုတွေအနေနဲ့ အခက်ခဲအကျပ်အတည်း တွေကြုံတွေ့နေရတာပါ။
ကာကွယ်ရေးဝန်ကြီးဌာနပိုင်၊ ပျဥ်းမပင်စက်မှုဇုန်ဧရိယာအတွင်း ခွင့်ပြုချက်မဲ့ ကျူးကျော်ဆောက်လုပ်နေထိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုက ရပ်ကွက်ငါးခုကို ပြီးခဲ့တဲ့နှစ်နို၀င်ဘာလမှာ ဖျက်သိမ်းဖယ်ရှားခဲ့တာဖြစ်ပါတယ်။
#Dailynews

