“မင်းအောင်လှိုင်အတွက် အသေခံပြီးတိုက်ချင်တဲ့ ဗိုလ်ချုပ်လည်းမရှိဘူး၊ စစ်သားလည်းမရှိဘူး”

“မင်းအောင်လှိုင်အတွက် အသေခံပြီးတိုက်ချင်တဲ့ ဗိုလ်ချုပ်လည်းမရှိဘူး၊ စစ်သားလည်းမရှိဘူး”

ရန်ကုန် – ၂၀၂၄ ဩဂုတ် ၅ (မော်ကွန်း)

လားရှိုးမြို့မှာအခြေစိုက်တဲ့ အရှေ့မြောက်တိုင်းစစ်ဌာချုပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ ကိုးကန့်တပ်ဖွဲ့ (MNDAA) က သိမ်းပိုက်လိုက်ပါတယ်။ ဒါဟာ စစ်တပ်က အာဏာသိမ်းထားတဲ့သုံးနှစ်ကျော်ကာလအတွင်း ပထမဦးဆုံး တိုင်းစစ်ဌာချုပ်တစ်ခု ကျဆုံးမှုဖြစ်လာခဲ့တာပါ။ အဲဒီလို တိုင်းစစ်ဌာချုပ်တစ်ခု ပြိုလဲသွားတာဟာ နွေဦးတော်လှန်ရေးနဲ့ နိုင်ငံအတွင်းဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်မလဲဆိုတာနဲ့ပတ်သက်လို့ ဝါရင့် နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်တဲ့ ဦးသန်းစိုးနိုင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မော်ကွန်း – လားရှိုးမြို့မှာအခြေစိုက်တဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ MNDAA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက သိမ်းလိုက်ပါတယ်။ သူတိုက လားရှိုးကို ပြီးခဲ့တဲ့လပိုင်း ၃ ရက်နေ့မှာ စတိုက်ခဲ့ပြီး အခုလ ၃ ရက်နေ့မှာ သိမ်းနိုင်ခဲ့တာပေါ့ဆရာ။ တစ်လအတွင်းကို တိုင်းစစ်ဌာနချုပ်တစ်ခုက ဘာကြောင့် အခုလို မြန်မြန်ဆန်ဆန် အသိမ်းခံလိုက်ရတာလဲ။

ဦးသန်းစိုးနိုင် – ဘာကြောင့်လဲဆိုတော့ မင်းအောင်လှိုင်ရဲ့ စကစစစ်တပ်က စစ်တိုက်ချင်တဲ့စိတ်မရှိတော့ပါဘူး။ အခု ကျွန်တော်တို့လားရှိုးမှာရှိနေတဲ့ ရမခရဲ့ကျဆုံးမှုက လောက်ကိုင်ကျဆုံးမှုထက် ပိုပြီးများပြားပါသေးတယ်။ အခုက တိုင်းမှူးလည်းလက်ရဖမ်းမိတယ်၊ လက်နက်ချတယ်။ စကစမှူးလည်း ဖမ်းမိတယ်၊ ရမခတိုင်းရဲ့ စစ်ဦးစီးမှူးကလည်း လက်နက်ချတယ်။ အဲဒါအပြင် လက်နက်ချတဲ့ တပ်ဝန်းထဲကအင်အားက စုစုပေါင်း ၄,၇၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ အဲဒီအင်အားနဲ့ဆိုရင် တစ်နှစ်လောက်တိုက်လို့ရမယ်လို့ ထင်ပါတယ်။ တိုက်ချင်ခိုက်ချင်တဲ့စိတ်ရှိရင်ပေါ့။ ဒါပေမယ့် တိုက်ချင်ခိုက်ချင်စိတ်တွေက မရှိတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ မင်းအောင်လှိုင်ရဲ့အတ္တကြီးမှုတွေပေါ့ဗျာ။ ဘုရင်ရူးရူးတာ၊ မိသားစုအတွက် ကိုယ်ကျိုးအတွက် နိုင်ငံတော်ကိုအသုံးချတာ၊ ဒါတွေကို တော်တော်စိတ်ပျက်သွားကြတယ်။ သူက အဲဒီလို လုပ်ပြတဲ့အခါ သူ့ရဲ့စစ်တပ်အတွင်းတင်မကဘူး၊ သူ့ရဲ့ ဗျူရိုကရေစီယန္တရားကြီးတစ်ခုလုံးမှာရှိတဲ့ ရဲကအစ တိုင်းဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေအဆင့်ဆင့် ခြစားနေတာက နားနဲ့မဆံ့အောင် ကြားနေရပါတယ်။ ဒီအခြေအနေအောက်မှာ ဘယ်သူမှ မင်းအောင်လှိုင်အတွက် အသေခံကြတော့မှာမဟုတ်ပါဘူး။ အဲဒီလို အသေမခံဖို့ စိတ်ပိုင်းဖြတ်ထားတဲ့အတွက် သေနတ်သံထွက်တာနဲ့တစ်ပြိုင်နက် ကိုယ့်ဘက်က လက်နက်ချ၊ အလံဖြူထောင်ကြတော့တာပဲ။ အဲဒီတော့ ဒီရမခတိုင်းဌာနချုပ်ကြီးဟာ ရက်ပိုင်းအတွင်းကျသွားတာပါ။ တစ်လဆိုတာ ဒီကြားထဲမှာ “ဝ” (UWSA) အဖွဲ့ကဝင်ရောက်ပြီး ငြိမ်းချမ်းရေးတရားတွေဟော၊ စစ်ရပ်စဲဖို့ ဝင်လာတာကြောင့် တစ်လကြာသွားတာပါ။ တကယ့် ရမခ ဌာနချုပ်ကြီးကိုတိုက်တာက သုံးရက်ပဲကြာပါတယ်။ စိတ်မကောင်းစရာတစ်ခုက ဆေးရုံကိုသိမ်းတဲ့အခါ လူ ၄၀၀ ကျော် ဒဏ်ရာရထားတဲ့သူတွေ၊ လူမမာတွေ၊ သက်ကြီးရွယ်အိုတွေရှိနေတာ အဲဒါတွေကိုပစ်ထားပြီးတော့ တိုင်းမှာတာဝန်ရှိတဲ့ အထက်အရာရှိတွေအားလုံးက ကိုယ်လွတ်ရုန်းပြေးကြတာပါ။ ဒါကြောင့်မို့လို့ ခဲခဲယဉ်းယဉ်း တော်တော်တိုက်ယူရမယ်လို့ ထင်ရတဲ့ ဒီ ရမခ ဌာနချုပ်ကို သုံးရက်အတွင်းတိုက်ပြီးတော့ သိမ်းလိုက်နိုင်တာလို့ သုံးသပ်နိုင်ပါတယ်။

မော်ကွန်း – အခုလို တိုင်းစစ်ဌာနချုပ်ကြီးတစ်ခု တော်လှန်ရေးတပ်တွေလက်ထဲကို ပထမဆုံးကျသွားတဲ့ အခြေအနေဟာ မြေပြင်မှာ စစ်ရေးအခြေအနေတွေ ဘယ်လိုအပြောင်းအလဲတွေ ရှိလာနိုင်ပါသလဲ။ တခြားတော်လှန်ရေးတပ်တွေနဲ့ စစ်ဖြစ်နေတဲ့ ဒေသတွေကိုရော ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်သလဲ။

ဦးသန်းစိုးနိုင် – တိုင်းစစ်ဌာနချုပ် ၁၄ ခုရှိတဲ့အထဲက အခုကတော့ တတိယအခိုင်မာဆုံး အကြီးဆုံးဆိုတဲ့ တိုင်းစစ်ဌာနချုပ်ကြီး ပြိုသွားတာပေါ့။ ဗမာပြည်ရဲ့ ဒုတိယမြို့တော်က မန္တလေးမှာရှိတဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒုတိယအကြီးဆုံးထဲမှာပါတာပေါ့။ ဒီတိုက်ပွဲဟာ လားရှိုးပြီးရင် ပြင်ဦးလွင်ဘက်ကို သွားမှာ ပြင်ဦးလွင်ကနေတစ်ဆင့် မန္တလေးကို ထိုးဆင်းမှာ။ အဲဒီအချိန်မှာ စစ်ကိုင်းနဲ့ မန္တလေး PDF တွေ ဝိုင်းဝန်းကြမှာဆိုတော့ ကျွန်တော်ထင်တယ်၊ အဲဒီစစ်ဌာနချုပ်ကလည်း လားရှိုးလောက်တောင် ရေရှည်ခံမယ့် အခြေအနေမရှိပါဘူး။ အဲဒါပြီးရင်တော့ နေပြည်တော်ကို တစ်ဆင့်လှမ်းကြတော့မှာပေါ့ဗျာ။ စစ်ရေးအခြေအနေက ခြုံပြီးကြည့်လိုက်မယ်ဆိုရင် စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်ရဲ့ ကျဆုံးခန်းကို လှမ်းမြင်နေရတယ်။ သူ့ကို ကာကွယ်မယ့်သူက ဘယ်သူမှမရှိဘူး။ သူနဲ့အတူတူ ပါသွားမယ့်သူတွေကတော့ နေပြည်တော်က ဗိုလ်ချုပ်ကြီးတွေ၊ ဒုတိယဗိုလ်ချုပ်ကြီးတွေ၊ ဗိုလ်ချုပ်တွေကတော့ သူနဲ့အတူပါမှာပေါ့။ နွေဦးတော်လှန်ရေးရဲ့ အရှိန်အဟုန်ဟာ မထင်မှတ်ပဲနဲ့ မိုးတွင်းမှာတင် ပိုပြီးများပြားလာပြီး ဆောင်းဦးပေါက်လောက်ဆိုရင် စစ်အုပ်စုရဲ့ကျဆုံးခန်းကို မြင်ရလာနိုင်တယ်လို့ တွက်ဆလို့ရတယ်လို့ ထင်ပါတယ်။

မော်ကွန်း – စစ်ကောင်စီဘက်က MNDAA ဌာနချုပ် လောက်ကိုင်ကို ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်တာလည်း မြင်တွေ့ရပါတယ်။ အခုလို ရမခကျသွားတော့ လားရှိုးကိုလည်း ဒီလို တိုက်ခိုက်လာနိုင်သလား။ သူတို့ဘက်က ဘယ်လိုတုံ့ပြန်လာမလဲလို့ သုံးသပ်လို့ရပါလဲ။

ဦးသန်းစိုးနိုင် – မင်းအောင်လှိုင်ကတော့ သူလုပ်နိုင်သမျှတော့ အကုန်လုပ်မှာပဲ၊ ဖျက်နိုင်သမျှတော့ အကုန်ဖျက်ဆီးမှာပဲ။ ဒါပေမယ့် တစ်ခုရှိတာက လားရှိုးမှာကျတော့ တိုင်းဌာနချုပ်ကိုစစ်ဆင်ရေးက “ဝ” (UWSA) က ဖြန်ဖြေရေးတွေ ဝင်လုပ်နေလို့ တစ်လလောက်ကြာသွားတာ။ သူတို့က ဖြန်ဖြေရေးလုပ်ရင် စစ်ကောင်စီနဲ့လည်း ညှိလုပ်မှာဖြစ်တဲ့အတွက် “ဝ” (UWSA) သာ လားရှိုးခွင်မှာ ဆက်ရှိနေအုံးမယ်ဆိုရင် ခုနကလို လေကြောင်းကနေဗုံးကြဲတာတွေ တိုက်ခိုက်တာတွေ လုပ်ချင်မှလုပ်ပါလိမ့်မယ်။ သို့သော်ငြားလည်း အခြေအနေအခွင့်သာတာနဲ့ သူတို့ကတော့ ဖျက်ဆီးရေးလုပ်ငန်းတွေလုပ်မှာပဲလို့ မျှော်လင့်ထားပါတယ်။

မော်ကွန်း – လားရှိးနဲ့တစ်ဆက်တည်းပေါ့ ပြင်ဦးလွင်၊ နောင်ချို၊ ကျောက်မဲဘက်တွေမှာလည်း တိုက်ပွဲတွေ အခုရက်ပိုင်းပြန်ဖြစ်နေပြီး စစ်ကောင်စီဘက်က လားရှိုးကို စစ်ကြောင်းထိုးပြီး ပြန်သိမ်းဖို့လည်း မလွယ်လောက်တဲ့ အခြေအနေဖြစ်နေတယ်လို့ ယူဆရပါတယ်။ အဲဒီဒေသတစ်ခုလုံးရဲ့ စစ်ရေးအခြေအနေက ဘယ်လိုရှိတယ်လို့ သုံးသပ်လို့ရပါလဲ။

ဦးသန်းစိုးနိုင် – အဲဒီဒေသတွေကလည်း တိုင်းစစ်ဌာနချုပ်တောင်ကျသွားပြီဆိုမှာတေ့ အရင်းလဲရင်တော့ အဖျားအနားတွေလည်း လဲတော့မှာပေါ့။ အခုက နည်းနည်းတောင့်ခံနေတာ ကျောက်မဲတစ်ခုပဲရှိပါတယ်။ ၅၀၁ တပ်ရင်းပေါ့။ အဲဒါကလည်း လားရှိုးကျသွားပြီဆိုရင် သူတို့လည်း ရေသောက်မြစ်ပြတ်သွားပါပြီ။ မကြာခင်အချိန်အတွင်းမှာ ကျောက်မဲလည်း သိမ်းနိုင်မှာပါ။ နောက်ပြီးတော့ လားရှိုးကို စစ်ကူလာတဲ့ အင်အားစုကိုလည်း တန့်ယန်းမှာ လမ်းကဖြတ်တိုက်တာတွေရှိတယ်။ နောက်တစ်ခုက မြောက်ပိုင်းဘက်က ချီတက်ဖို့ ကြိုးစားတာလည်း မအောင်မြင်ဘူး။ ပြောချင်တာကတော့ ကူရာမဲ့၊ ကယ်ရာမဲ့ အနေအထားတွေကို စစ်ကောင်စီရဲ့ စစ်တပ်က ရင်ဆိုင်နေပြီ။ ပြည်သူလူထုကလည်း မကူညီဘူး။ သူ့ရဲ့ တပ်မတော်ကြီးကိုယ်တိုင်က ကိုယ့်ရဲဘော်တွေ၊ ကိုယ့်စစ်သားတွေကို ကယ်တင်ဖို့တောင်မှ အစီအစဉ်မရှိဘူး။ ဖြစ်ချင်ရာဖြစ် မောင်ဘချစ်ဆိုသလိုမျိုး မျက်နှာလွှဲခဲပစ်လုပ်ထားတဲ့အောက်မှာ ဘယ်တိုင်းစစ်ဌာနချုပ်မှ ရေရှည်တောင့်ခံမှာမဟုတ်ဘူးလို့ ပြောချင်ပါတယ်။

မော်ကွန်း – အခုလို တိုင်းစစ်ဌာနချုပ်ကျသွားတာဟာ စစ်ကောင်စီတပ်မှာ စိတ်ဓါတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေရှိလာပြီလို့ ဆရာမြင်တယ်ပေါ့။

ဦးသန်းစိုးနိုင် – အခုတောင် မိသားစုတွေ နေရာရွှေ့တာတွေ၊ ပြောင်းတာတွေ လုပ်နေကြပြီလေ။ ပြည်တွင်းရွှေ့နိုင်တဲ့လူတွေရွှေ့၊ တချို့လားရှိုးကနေ မန္တလေးရွှေ့၊ တချို့ရန်ကုန်ရွှေ့တာပေါ့ဗျာ။ တချို့ကြတော့လည်း ပြည်ပရွှေ့ကြတာပေါ့ဗျာ။ အသင့်ဝယ်ထားတဲ့ ကွန်ဒိုတွေဘာတွေ ရှိတာကိုးဗျ။ အဲဒီလို လုပ်နေကြတာပဲ။ ဒါတွေကို သူ့တပ်က မသိတာလည်းမဟုတ်ဘူး။ ဒါ့ကြောင့်လည်း မင်းအောင်လှိုင်အတွက် အသေခံပြီးတိုက်ချင်တဲ့ ဗိုလ်ချုပ်လည်းမရှိဘူး၊ စစ်သားလည်းမရှိဘူးလို့ ကျွန်တော်ကတော့ ပြောချင်ပါတယ်ခင်ဗျ။

မော်ကွန်း – အခုနောက်ဆုံးမေးခွန်းအနေနဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးတစ်ရပ်လုံးရဲ့ အခြေအနေကို သုံးသပ်ရမယ်ဆိုရင် အခုအခြေအနေက ဘယ်လိုအခင်းအကျင်းကို ရောက်နေပြီလဲလို့ သုံးသပ်လို့ရလဲခင်ဗျ။

ဦးသန်းစိုးနိုင် – နိုင်ငံတကာကတော့ ပြောနေတာပေါ့ဗျာ၊ အထူးသဖြင့် တရုတ်က ပိုပြောတာပေါ့၊ စစ်တပ်ပျက်လို့မဖြစ်ဘူးဆိုပြီး။ တရုတ်သဘောထားကတော့ မင်းအောင်လှိုင်တော့ ဖယ်ချင်ဖယ်ပေါ့။ အနောက်တိုင်းကပုဂ္ဂိုလ်တွေကတော့ ဆီးရီးယားလိုဖြစ်လိမ့်မယ်။ ယူဂိုဆလားဗီးယားလို နိုင်ငံတွေ မှိုလိုပေါက်အောင် ပေါ်ထွက်လာမယ်လို့ ပြောကြတာပေါ့။ တကယ်တော့ အဲဒါတွေက အပြင်က မှန်းဆချက်တွေပါ။ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဒီမိုကရေစီအရေးနဲ့ ဖက်ဒရယ်အရေးကို တောင်းဆိုနေတဲ့အဖွဲ့တွေနဲ့ လူထုရဲ့ တောင်းဆိုမှုတွေဟာ မပေါင်းစပ်နိုင်ခဲ့တဲ့အတွက် ဒီပြည်တွင်းစစ်ဟာ နှစ် ၇၀ ကျော်ကြာခဲ့တာပါ။ အခုတိုက်ပွဲတွေထဲမှာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ပေါင်းစည်းမှုတွေဟာ တစ်ဆင့်တိုးပြီး ရရှိနေပါတယ်။ အခု မန္တလေး PDF ရဲ့ ပေါ်လွင်ထင်ရှားတဲ့ အောင်မြင်မှုတွေ ရရှိတာဟာ အဲဒါရဲ့စံနမူနာပါပဲ။ TNLA နဲ့ မန္တလေး PDF တွေ ပေါင်းစပ်နိုင်မှုဟာ စံနမူနာပါပဲ။ အခုမန္တလေးတိုင်းကို တိုက်ပြီဆိုတာတောင်မှ မန္တလေး PDF တွေက ဦးဆောင်ပြီး လှုပ်ရှားမယ့် တိုက်ပွဲဝင်မယ့်သဘောရှိပြီးတော့ ကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကတော့ ပေါင်းစပ်ပါဝင်မယ့်အနေအထားဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့တိုင်းပြည်ဟာ ယူဂိုဆလပ် မဖြစ်နိုင်ဘူးလို့ သုံးသပ်ပါတယ်။

ဓာတ်ပုံ – ဦးသန်းစိုးနိုင် Facebook

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."