ဂေထော
ရန်ကုန်၊ ၂၀၂၀ – ဖေဖော်ဝါရီ ၂
မင်းပြား၊ကျိုင်းတုံနှင့် ရန်ကုန်မြို့တို့တွင် ပြင်းထန်အဆုတ်ရောင်ရောဂါ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်လိုက်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျယ်ခေါင်မြို့မှ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်သို့ ဇန်နဝါရီ ၂၀ ရက်တွင်ပြန်လည်ရောက်ရှိခဲ့သည့် အသက် (၃၈) နှစ် အရွယ် အမျိုးသားတစ်ဦးအား သံသယလူနာအဖြစ်သတ်မှတ်ကာ မင်းပြားဆေးရုံ သီးသန့်ခန်း (Isolation ward) တွင် ထားရှိ၍ လိုအပ်သောဆေးကုသမှုများပေးပြီး စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဇန်နဝါရီ ၁၉ ရက်တွင်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီချွမ်ပြည်နယ်မှ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် မိသားစုမှအသက် (၁) နှစ်၊ (၂) လ အရွယ်ရှိ ကလေးငယ်တစ်ဦးတွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း ရောဂါလက္ခဏာများဖြင့် ကျိုင်းတုံမြို့ရှိ ပုဂ္ဂလိကဆေးခန်းသို့ လာရောက်ပြသခဲ့သည်။
အဆိုပါကလေးငယ်ကို သံသယလူနာအဖြစ် သတ်မှတ်၍ ဖေဖော်ဝါရီ ၁ ရက်တွင် ကျိုင်းတုံပြည်သူ့ဆေးရုံ သီးခြားခန်း (Isolation room) ၌ ထားရှိကုသလျက်ရှိကြောင်း၊
လူနာ၏ အခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိပြီး ၎င်း၏ မိသားစုဝင်စုစုပေါင်း (၅) ဦးအား ရောဂါလက္ခဏာတစ်စုံတစ်ရာ မရှိသော်လည်း စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
ယခုလ ၁ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆေးရုံတစ်ခုသို့ ဖျားခြင်း၊ ချောင်ဆိုးသွေးပါခြင်း၊ အသက်ရှူကြပ်ခြင်းရောဂါလက္ခဏာများဖြင့် လာရောက်ပြသခဲ့သူ အသက် (၁၅) နှစ်အရွယ် ထိုင်ဝမ်နိုင်ငံသားကလေးတစ်ဦးရှိကြောင်း ၊ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲနှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနများသို့ ဆက်သွယ်အကြောင်းကြားခဲ့သဖြင့် သက်ဆိုင်ရာ ပြည့်သူ့ကျန်းမာရေးပညာရှင်များမှ လူနာရောဂါရာဇဝင်နှင့် ခရီးသွားရာဇဝင်အားသုံးသပ်ပြီး သံသယလူနာအဖြစ် သတ်မှတ်ပြီး ဝေဘာဂီဆေးရုံကြီးသို့ ချက်ချင်းလွှဲပြောင်းကုသမှုပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သက်ဆိုင်ရာဆေးရုံများ၊ ဓာတ်ခွဲဌာနများသည် လူနာများထံမှ နှာခေါင်းတို့ဖတ်နမူနာ (Nasopharyngeal Swab) များ ရယူကာ ညွှန်းပို့ဓာတ်ခွဲခန်းများသို့ ပေးပို့၍ စစ်ဆေးလျက်ရှိပြီး ရောဂါအတည်ပြုချက်ရရှိပါက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ချက်ချင်းသတင်းထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဝေဘာဂီဆေးရုံ၌ သံသယလူနာတွေကိုတင်ဆောင်လာတဲ့ အရေးပေါ်လူနာတင်ကားကို ဆေးဖျန်းနေပုံ
#dailynews