မင်္ဂလာရှိတဲ့ ရွာ

၂ဝ၁၉၊ ဇွန်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၆)မှ  Remembrance  ဖြစ်ပါသည်။

သန်းနိုင်ဦး ရေးသည်။

လမ်းတွေ၊ တံတားတွေရဲ့ အမည်ကို ဘယ်လို ပေးလေ့ပေးထ ရှိကြသလဲ။

မြန်မာနိုင်ငံတစ်ဝန်းက လမ်းတွေ၊ တံတားတွေရဲ့ အမည် အများစုက သူရဲကောင်းတွေရဲ့ နာမည် ဖြစ်နေလေ့ရှိတယ်။ အနော်ရထာလမ်း၊ ဗန္ဓုလတံတား၊ မင်းရဲကျော်စွာလမ်း၊ ဗိုလ်ချုပ်အောင်ဆန်း လမ်း၊ ဆင်ဖြူရှင်တံတား၊ သမိန်ဗရမ်းလမ်း၊ ဘုရင့်နောင်လမ်း၊ မင်းကြီးရန်နောင်လမ်း စသဖြင့် ခေတ် အဆက်ဆက်မှာ သူရဲကောင်းနာမည်တွေကိုသာ ပေးခဲ့ကြတယ်။ သူရဲကောင်းတွေဟာ ဂုဏ်ပြုသင့်၊ ဂုဏ်ပြုထိုက်သူတွေဖြစ်တာအမှန်ပါပဲ။ သူရဲကောင်းတွေလို ဂုဏ်ပြုသင့်၊ ဂုဏ်ပြုထိုက်သူတွေ ရှိပါ သေးတယ်။ အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေ၊ အနုပညာရှင်တွေနဲ့ ပရဟိတလုပ်ကိုင်ကြသူ ဟာလည်း မမေ့မလျော့ ဂုဏ်ပြုကြရမယ့်သူတွေသာ ဖြစ်ပါတယ်။

သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းကို ဂုဏ်ပြုမှည့်ခေါ် ထားတဲ့ လမ်းအမည်ရှိရင် ကောင်းမယ်။ စာပေပညာရှင် ဒေါက် တာလှဘေကို ဂုဏ်ပြုတဲ့အနေနဲ့ ဒေါက်တာလှဘေတံတားရှိရင် လည်း ကောင်းတာပါပဲ။ အလားတူ တိုင်းသိပြည်သိ အနုပညာရှင် တွေ ဖြစ်ကြတဲ့ မြို့မငြိမ်းလမ်း၊ ဂီတနက်သန် ကိုစောညိမ်းတံတား၊ လေဘာတီမမြရင်လမ်းတွေလည်း ရှိရင် ပြည်သူချစ်တဲ့ အနုပညာ ရှင်တွေကို ဂုဏ်ပြုရာ ရောက်တာပေါ့။ ပရဟိတနယ်ပယ်မှာလည်း  နိုင်ငံအနှံ့ ဘိုးဘွားရိပ်သာတွေ တည်ထောင်ခဲ့တဲ့ ဘွားဦးဇွန်း၊ သစ်တောတွေ ပျိုးထောင်ခဲ့တဲ့ ဦးအုန်း၊ ပန်းချီဆရာကြီး ဦးဘဉာဏ် စတဲ့ အမည်တွေနဲ့ လမ်းတွေ၊ တံတားတွေ ဆောက် လုပ်ပြီး ဂုဏ်ပြုမှည့်ခေါ်နိုင်ရင် ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုရာ ရောက်ပါတယ်။

Photo-Than Naing Oo မန်ကျည်းဖြူရွာကို လမ်းကြုံလိုက်ကြသူများ
Photo-Than Naing Oo မန်ကျည်းဖြူရွာကို လမ်းကြုံလိုက်ကြသူများ

ရွှေဘို-မန္တလေး ကားလမ်းတစ်နေရာမှာ သတင်းစာဆရာ ကြီးတစ်ယောက်ကို ဂုဏ်ပြုမှည့်ခေါ်ထားတဲ့ ရွာလမ်းလေးတစ် လမ်း ရှိတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံး သတင်းစာဆရာကြီး ဘိုးဝဇီရကို ဂုဏ်ပြုမှည့်ခေါ်ထားတဲ့ မြေသားလမ်းလေး ဖြစ်ပါတယ်။ ဘိုးဝဇီရလမ်းလေးက ဝက်လက်မြို့နယ်၊ မန်ကျည်းဖြူရွာနဲ့ ရွှေ ဘို-မန္တလေးလမ်းကို ဆက်သွယ်ထားပြီး နှစ်မိုင် ငါးဖာလုံ ရှည် လျားပါတယ်။ ဒီလမ်းလေးရဲ့ အမည်က ပြည်ထဲရေးမှာ ဘိုးဝဇီရ  လမ်းအမည်ပေါက်၊ မပေါက် မသေချာပေမယ့် လမ်းလေးရဲ့ အမည်ကို ရွာသူရွာသားတွေက ဘိုးဝဇီရလမ်းလို့ပဲ ခေါ်ကြပြီး ရွှေ ဘို-မန္တလးလမ်းနဲ့ ဘိုးဝဇီရလမ်းဆုံရာမှာလည်း လမ်းအမည်ကို ဆိုင်းဘုတ်နဲ့ အကျအန ရေးထိုး မှတ်တမ်းတင်ထားတယ်။

မန်ကျည်းဖြူရွာသားတွေ ဘာကြောင့် ဘိုးဝဇီရလမ်းလို့ အမည်ပေးခဲ့ကြသလဲ။ ဘိုးဝဇီရနဲ့ မန်ကျည်းဖြူရွာ အဆက်အစပ် ဘယ်လို ရှိနေသလဲ။ ဘိုးဝဇီရလမ်း အခြေအနေက ဘယ်လိုရှိ သလဲ။ ဘယ်တုန်းက ဘယ်သူတွေ ခင်းခဲ့ကြသလဲ။ လက်ရှိ မန် ကျည်းဖြူရွာရဲ့ လူမှုစီးပွားအခြေအနေတွေက ဘယ်လို ရှိနိုင်သလဲ စတဲ့ အဖြေတွေကို သိရှိနိုင်ဖို့ မေလ ပထမပတ်မှာ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ မန်ကျည်းဖြူရွာကို သွားရောက်ခဲ့ ပါတယ်။

တကယ်တော့ ဘိုးဝဇီရက မန္တလး အမရပူရမြို့နယ်၊ ပုထိုး တော်ကြီးအနီး သရက်သုံးပင်ရွာ ဇာတိ။ ကုန်းဘောင်ခေတ်နှောင်း ပုဂံမင်းလက်ထက် သေနတ်စာရေးကြီး မင်းလှရာဇာ ဘွဲ့ခံ ဦးထွန်း၊ ဒေါ်ခိုတို့က မြန်မာသက္ကရာဇ် ၁၂၁ဝ ခုနှစ်၊ တန်ခူးလပြည့် ကျော် ၄ ရက်၊ ဗုဒ္ဓဟူးနေ့မှာ မွေးဖွားခဲ့တယ်။ မင်းတုန်းမင်းလက် ထက် မန္တလေးရတနာပုံ နေပြည်တော်က ထုတ်ဝေတဲ့ ရတနာပုံ သတင်းစာမှာ ဘိုးဝဇီရအမည်နဲ့ သတင်းစာဆရာအဖြစ် လုပ်ကိုင် ခဲ့တယ်။ ရတနာပုံနန်းတော်မှာ သတင်းစာဆရာအဖြစ် အမှုထမ်း နေရင်း နန်းတွင်းရေးတွေ ရှုပ်ထွေးလာလို့ ဝက်လက်နယ် မန်ကျည်းဖြူရွာဘက် ရှောင်ရင်းတိမ်းရင်းက မန်ကျည်းဖြူရွာသူ မထိန်းနဲ့ အကြောင်းပါခဲ့တယ်။

မထိန်းနဲ့ အကြောင်းပါချိန်မှာ ဘိုးဝဇီရက အသက် ၃၆ နှစ် အရွယ် ဖြစ်ပြီး မထိန်းက ၁၈ နှစ်အရွယ်သာ ရှိသေးတယ်။ နောက် တော့ မန်ကျည်းဖြူရွာနဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ ဆားတောင်ရွာမှာ အခြေချတယ်။ ဘိုးဝဇီရမှာ သားသမီးသုံးယောက် ထွန်းကားပြီး သားနှစ်ယောက်က ဆားတောင်ရွာနဲ့ အနည်းငယ်လှမ်းတဲ့ ကျောက်ပနံရွာမှာ သင်္ကန်းဝတ်ကြတယ်။ ဘိုးဝဇီရ အသက်အရွယ် ရလာတဲ့အခါ သားရဟန်းတွေ ရှိတဲ့ ကျောက်ပနံရွာမှာ နေထိုင်ရင်း မြန်မာသက္ကရာဇ် ၁၂၉၇ ခုနှစ် တပေါင်းလပြည့်ကျော် ၁ ရက် အင်္ဂါနေ့ အသက် ၈၇ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ရတယ်လို့ စာရေးဆရာ တင်နိုင်တိုးရဲ့ ကုန်းဘောင်ခေတ် မင်းမှုထမ်းများ အဘိဓာန်စာအုပ်မှာ ဖော်ပြထားတယ်။

မန်ကျည်းဖြူရွာဟာ ဘိုးဝဇီရအတွက် မင်းပြစ်မင်းဒဏ် သင့်မှာမို့ ရှောင်ဖို့ တိမ်းဖို့ ရောက်လာရင်း မန်ကျည်းဖြူရွာသူ မထိန်းနဲ့ အကြောင်းပါခဲ့လို့ မယားပါရွာသား ဖြစ်ခဲ့ရသူ ဖြစ်တယ်။ မန်ကျည်းဖြူရွာမှာ သေတပန် သက်တဆုံး နေထိုင်ခဲ့တာလည်း မဟုတ်ဘူး။ ဒါပေမဲ့ မန်ကျည်းဖြူ ရွာသူရွာသားတွေက ဂုဏ်ပြု ထိုက်တဲ့ မြန်မာသတင်းစာဆရာတစ်ယောက်ကို အကောင်းဆုံး ဂုဏ်ပြုခဲ့ကြတယ်။

ဘိုးဝဇီရလမ်းက ရွှေဘို-မန္တလေး ကားလမ်း မိုင်တိုင်အမှတ် ၄၃/၇ (ကီလိုမီတာ ၇ဝ) အနီးမှာ အင်္ဂလိပ်အက္ခရာ တီလမ်းဆုံ အဖြစ် တည်ရှိတယ်။ လမ်းဆုံမှာ မဏ္ဍပ်လုပ်ငန်း၊ ကွမ်းယာဆိုင်၊ ရေသန့်ဖြန့်ချိရေး၊ မီးသွေးသည်တွေ ရှိတဲ့အပြင် ခရီးသည်တင် ကားအချို့လည်း ရပ်နားကြတယ်။ အရိပ်ကောင်းတဲ့ သက်တမ်း ရင့် တမာပင်ကြီးတွေက အုပ်မိုးပေးထားလို့ ပူသင့်သလောက် မပူဘူး။ ရွှေဘို-မန္တလေးလမ်းနဲ့ ဘိုးဝဇီရလမ်းဆုံမှာ “ဘိုးဝဇီရ လမ်းသစ် မန်ကျည်းဖြူရွာ” ဆိုတဲ့ သံပန်းဆိုင်းဘုတ် စိုက်ထူထား ပါတယ်။ ဘိုးဝဇီရလမ်းက ရွှေဘို-မန္တလေးလမ်းကနေ အရှေ့စူးစူး ကို မြေသားလမ်းအဖြစ် ဖောက်လုပ်ထားတာပါ။

Photo-Than Naing Oo ဘိုးဝဇီရလမ်းပေါ်မှာတွေ့ခဲ့ရတဲ့ အညာကျေးလက်က မိသားစု
Photo-Than Naing Oo ဘိုးဝဇီရလမ်းပေါ်မှာတွေ့ခဲ့ရတဲ့ အညာကျေးလက်က မိသားစု

ဘိုးဝဇီရလမ်းထဲကို တစ်ဆစ်ချိုး ဝင်လိုက်တာနဲ့ မြင်ကွင်း က သိသိသာသာ ပြောင်းလဲသွားတယ်။ ကွင်းပြင်ကျယ်ကို ဖြတ် တိုက်လာတဲ့ လေထဲမှာ လေပူတွေ ပါတယ်။ ဝန်းကျင်တစ်ခုလုံး ခြောက်သယောင်းနေပါတယ်။ လမ်းက ဂျင်းကျောက်ရောတဲ့ မြေသားလမ်း ဖြစ်ပြီး ၁ဝ ပေ ဝန်းကျင် ကျယ်တယ်။ လမ်းဆုံကနေ မန်ကျည်းဖြူရွာအထိ နှစ်မိုင် ငါးဖာလုံ ကွာဝေးပါတယ်။ အရင်က ယာခရိုးလမ်းဖြစ်ပြီး လှည်းတွေ တအီအီ ဖြတ်သန်းသွားလာလေ့ ရှိတဲ့ ကျေးလက်လမ်းပါ။ အခုတော့ လိုက်ထရပ်ကားတွေ၊ လူမှု ကူညီရေးကားတွေ တဝီဝီ ဖြတ်သန်းနေကြပါပြီ။ မန်ကျည်းဖြူရွာ ကို သွားနေစဉ်အတွင်းမှာပဲ ဘိုးဝဇီရလမ်းပေါ်မှာ ကားတွေ တစ် စီးစ၊ နှစ်စီးစ ဖြတ်သန်းသွားနေတာ တွေ့ရတယ်။

Photo-Than Naing Oo ဝက်လက်မြို့နယ်မန်ကျည်းဖြူရွာအတွင်းမှာ
Photo-Than Naing Oo ဝက်လက်မြို့နယ်မန်ကျည်းဖြူရွာအတွင်းမှာ

ရွှေဘို-မန္တလေး လမ်းဆုံကနေ ဘိုးဝဇီရလမ်းအတိုင်း ဝင် ပြီး မကြာမီမှာ လမ်းတောင်ဘက်မှာ သစ်တောဌာနပိုင် ပျိုးခြံ တစ်ခြံကို တွေ့ရမှာ ဖြစ်တယ်။ သစ်တောပျိုးခြံအနီးက ယူကလစ် ပင်အုပ်က ပင်ပျိုတွေမို့ စိမ်းစိမ်းစိုစိုနဲ့ တောအုပ်သဖွယ် အုံ့ဆိုင်း နေတယ်။ ယူကလစ်ပင်တွေက ဓာတ်တိုင်တစ်ရပ်ကျော် ရှိပါပြီ။ ယူကလစ်တောအုပ်အလွန်မှာ လျှိုတွေ ချိုင့်တွေနဲ့မို့ အညာရှုခင်း ပြန်ဖြစ်သွားပါတယ်။ ကလေးတစ်သိုက်ပါတဲ့ မိသားစုတစ်စု အညာနေပူကျဲကျဲအောက်မှာ စကားတပြောပြောနဲ့ လာနေကြ တယ်။ မန်ကျည်းဖြူရွာ နီးပြီလားလို့ ကျွန်တော်က မေးတော့ လျှပ်စစ်ဓာတ်အားတိုင်တွေကို ဩန်ပြပြီး နီးပါပြီလို့ ပြန်ဖြေတယ်။ သူတို့ထဲမှာ ရင်ခွင်ပိုက်ကလေး ပါတယ်။ မူလတန်းကျောင်းသား အရွယ် ပါတယ်။ အပျိုပေါက် မိန်းကလေးလည်း ပါတယ်။ နေပြင်း လွန်းတာကြောင့် တဘက်ခေါင်းပေါ် တင်ထားသူလည်း ပါတယ်။

မန်ကျည်းဖြူရွာသူတစ်အုပ် လမ်းဘေးထနောင်းပင်ပျို လေးရဲ့ ရှားတောင့်ရှားပါး အရိပ်လေးအောက်မှာ ရွာပြန်ဖို့ ကား ကြုံစောင့်နေကြတယ်။ ကွင်းပြင်ကျယ်ကြီးထဲမှာ ထနောင်းပင် ပျိုလေးက ဝါးတစ်ရိုက်စာလောက်သာ မြင့်တယ်။ အရိပ်လေး မရှိ မဲ့ ရှိမဲ့မှာ မန်ကျည်းဖြူရွာသူတွေ စကားတပြောပြောနဲ့ ကားကြုံ စောင့်နေကြတာပါ။ တဘက်ခေါင်းပေါင်းထားသူ ပါသလို ပုဆိုး ဟောင်းတစ်ထည် ခေါင်းမြီးခြုံထားသူလည်း ပါတယ်။ ကျွန်တော် သူတို့ကို ဓာတ်ပုံမှတ်တမ်းတင်ဖြစ်တယ်။ ခဏအကြာမှာ လိုက် ထရပ်ကားတစ်စီး ရောက်လာပြီး သူတို့ရှေ့မှာ ရပ်လိုက်တယ်။ ကားကြုံစောင့်နေတဲ့ မန်ကျည်းဖြူရွာသူတွေ လိုက်ထရပ်ကား ပေါ် တိုးဝှေ့တက်ကြတယ်။

လမ်းဆုံကနေ  တစ်မိုင်သာသာလောက် ရောက်လာချိန် မှာတော့ ခရီးသွားတွေ ခိုနားဖို့ သစ်သားဇရပ်တစ်ဆောင်  ဆောက်လုပ်ပေးထားပါတယ်။ ဇရပ်က သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း တစ်ထပ်အဆောက်အအုံဖြစ်ပြီး ဇရပ်အနီးက ထနောင်းပင် ခြေ ရင်း အုတ်ရေချမ်းစင်လေးပါ တည်ထားပါတယ်။ အလှူရှင်တွေရဲ့ ကမ်္ပည်း ရေးထိုးမထားလို့ ဘယ်သူဘယ်ဝါ လှူဒါန်းထားမှန်း မသိ ရပါဘူး။ သစ်သားဇရပ်လေးက သန့်ရှင်းသပ်ရပ်သလို အုတ်ရေ အိုးစင်လေးကလည်း  ရေအပြည့်ဖြည့်ထားလို့ သောက်ချင်စဖွယ် ဖြစ်ပါတယ်။ ကျွန်တော့်မှာ ရေဘူးပါပေမယ့် ရေချမ်းစင်က ရေ သောက်ပြီး ဇရပ်မှာ ခဏတဖြုတ် ခိုနားခဲ့သေးတယ်။ ဇရပ်မှာ ခဏတဖြုတ် နားပြီးတာနဲ့ မန်ကျည်းဖြူရွာဘက် ခရီးဆက်တယ်။

Photo-Than Naing Oo မန်ကျည်းဖြူရွာလယ်လမ်းမှာ မီးတိုင်တွေ စိုက်ထားပေမယ့် မလင်းနိုင်သေး
Photo-Than Naing Oo မန်ကျည်းဖြူရွာလယ်လမ်းမှာ မီးတိုင်တွေ စိုက်ထားပေမယ့် မလင်းနိုင်သေး

ရွာထိပ်အဝင်မှာ ရှည်လျားတဲ့ ချောင်းကူးသစ်သား ဘေ လီတံတားကြီးက ဆီးကြိုနေတယ်။  ချောင်းထဲမှာ နွားရေချနေ သူတွေ၊ အဝတ်လျှော် ရေချိုးနေသူတွေ၊ နွားလှည်းပေါ်  ရေပုံး တွေ တင်လာပြီး ရေလာခပ်သူတွေနဲ့ စည်ကားနေတယ်။ တံတား က ပေ ၈ဝ လောက် ရှည်ပြီး ကားတစ်စီး ချောင်ချောင်ချိချိ သွား လို့ရအောင် ကျယ်ဝန်းတယ်။ တံတားကျော်ပြီး မကြာခင်မှာပဲ မန်ကျည်းဖြူရွာကို ဒုတ်ဒုတ်ထိ ရောက်ပါပြီ။

ရွာထဲမှာ လျှပ်စစ်မီးတိုင်တွေ သွယ်တန်းထားတယ်။ ထန်း လက်တဲတွေလည်း ရှိသလို အာရ်စီ နှစ်ထပ်တိုက်လေးတွေလည်း ရှိတယ်။ ကောက်ရိုးတင် နွားလှည်းလေးစီးက ကောက်ရိုးတွေ အပြည့်အမောက်တင်ပြီး ရွာထဲကို တအီအီ မောင်းသွားတယ်။ မန်ကျည်းဖြူရွာထဲမှာ ကျွန်တော်နဲ့ သိကျွမ်းရင်းနှီးသူ တစ် ယောက်မှ မရှိဘူး။ မန်ကျည်းဖြူရွာထိပ်မှာ ဘုန်းတော်ကြီး ကျောင်းတွေ အစီအရီ ရှိတယ်။ မဇ္ဈိမဂုဏ်ရည်၊ မူလ၊ ကံသာ ဘုန်းကြီးကျောင်းသုံးကျောင်းက အစီအရီ စီတန်းနေပါတယ်။ မဇ္ဈိမဂုဏ်ရည် ဘုန်းတော်ကြီးကျောင်းထဲ ဝင်လိုက်ပြီး ထန်းရွက် တဲအောက်မှာ သီတင်းသုံးနေတဲ့ ဦးဇင်းကြီးတစ်ပါးဆီ ရွာ အကြောင်း ရေးချင်လို့ ရောက်လာတာပါ ဘုရားလို့ လျှောက်ထား လိုက်တယ်။ ထန်းလက်တဲထဲမှာ ဦးဇင်းကြီးတစ်ပါးအပြင် မန် ကျည်းဖြူရွာသားတစ်ယောက်လည်း ထိုင်ပြီး စကားစမြည် ပြော နေကြတယ်။ ရွာရဲ့ စိုက်ပျိုးရေးအခြေအနေ မေးကြည့်တယ်။

““ဒီဘက်နယ်မှာ ဘာတွေ စိုက်ကြသလဲ””

““စပါး၊ ကုလားပဲ၊ ဂျုံနဲ့ နှမ်းမျိုးစုံပါပဲ””

““သီးနှံအခြေအနေ ဘယ်လိုရှိသလဲ””

““မိုးစပါးတော့ မိုးပါးလို့ ပိုးကိုက်သွားပြီ””

““ထန်းပင်တွေရော ခုတ်ရောင်းကြသေးလား””

““ဈေးကောင်းမရပါဘူး။ တစ်ပင်မှ သုံးလေးထောင်ရ    တာပါ””

““သုံးရေ သောက်ရေ ဘယ်က ရသလဲ””

““ဒီဘက်နယ်ကတော့ ကန်ရေပဲ သုံးကြတာပဲ။ ဒီနှစ် မိုးပါး တော့ ဟောဒီကန်ရေကိုပဲ မျှသုံးနေရတယ်””

မဇ္ဈိမဂုဏ်ရည်ကျောင်းထိပ်မှာ ရေကန်ကြီးတစ်ကန် ရှိပြီး မိုးရေစုကန် ဖြစ်ပါတယ်။ သောက်ရေအတွက် မိုးရေစုကန်ထဲက ရေကိုသာ သုံးကြရတယ်။ ရွာထဲမှာ ရေတွင်းတွေ ရှိပေမယ့် ရေငန်သာ ထွက်လို့ သုံးရေ ချိုးရေအတွက်သာ အဆင်ပြေတယ်။ ရွာ ထိပ်မှာ မိုးရေစုကန်တွေ ရှိပေမယ့် မိုးနည်းလို့ အခြားကန်တွေမှာ ရေခန်းကုန်ပါပြီ။ တောထဲမှာ စက်ရေတွင်းတူးထားပြီး ရွာထဲအထိ ပိုက်လိုင်းတွေနဲ့ သွယ်တန်းထားပေမယ့် ရေမရောက်သေးပါဘူး။

မန်ကျည်းဖြူရွာမှာ လျှပ်စစ်မီးတိုင်တွေ သွယ်တန်းထားပြီး ဖြစ်ပေမယ့် လျှပ်စစ်မီး မရသေးဘူး။ တယ်လီဖုန်းလိုင်းတွေ ဆက် သွယ်လို့ ရပါတယ်။ တယ်လီဖုန်းအားသွင်းနိုင်ဖို့ နေရောင်ခြည် စွမ်းအင်သုံး ဆိုလာပြားတွေနဲ့ အားသွင်းကြတယ်။ အချို့ကတော့ ညပိုင်းရောက်မှ မီးစက်နဲ့ အားသွင်းကြသူတွေလည်း ရှိတယ်။ ရွာ မှာ မေတ္တာရောင်ပြန် လူမှုကူညီရေးအသင်း ရှိပြီး ကျန်းမာရေး ကိစ္စအတွက် မြို့တက်ဆေးကုသမှု ခံယူရာမှာ အသင်းပိုင်ကားကို အသုံးပြုကြပါတယ်။ အသင်းသားတစ်ဦး တစ်လ ကျပ် ၁,ဝဝဝ နှုန်း ကောက်ခံပြီး အသင်းကို ထူထောင်ထားကြတာပါ။

ဘိုးဝဇီရလမ်းကို လွန်ခဲ့တဲ့ လေးငါးခြောက်နှစ်ကမှ ဖောက် လုပ်ထားတာပါ။ အရင်က လမ်းရှိပေမယ့် ယာခရိုးလမ်းသာ ဖြစ် တယ်။ ရွာထိပ်မှာလည်း ချောင်းကူးတံတား မရှိခဲ့ဘဲ သွားစရာ လာစရာ ရှိရင် ချောင်းရေထဲက ဖြတ်သွားခဲ့ကြရတယ်။ ရွာသူရွာ သားတွေရဲ့ လုပ်အားနဲ့ ဖောက်လုပ်ခဲ့တာ ဖြစ်ပြီး ဆောက်လုပ်ရေး ကုမ္ပဏီကြီးတစ်ခုက မြေသယ်ကားတွေ အကူအညီပေးခဲ့ပါတယ်။ တံတားတည်ဆောက်ရေးအတွက်လည်း ဆောက်လုပ်ရေး ကုမ္ပဏီက တတ်ကျွမ်းသူတွေရဲ့ အကူအညီနဲ့ ရွာသူရွာသားတွေ ကိုယ်တိုင် ဆောက်လုပ်ခဲ့ကြတာပါ။ လမ်းဖောက်ပြီးချိန်မှာတော့ မန်ကျည်းဖြူရွာသူနဲ့ အကြောင်းပါခဲ့တဲ့ ဘိုးဝဇီရကို ဂုဏ်ပြုပြီး ဘိုးဝဇီရလမ်းအဖြစ် အမည်ပေးခဲ့ကြတာပါ။

မန်ကျည်းဖြူရွာက မိုးကောင်းလယ်တွေ ဖြစ်တယ်။ ဆည် ရေသောက် မရှိပါဘူး။ မန်ကျည်းဖြူရွာက ဝက်လက်မြို့နယ်နဲ့ စစ် ကိုင်းမြို့နယ်အစပ် ဝက်လက်မြို့နယ်တောင်ဖျားမှာ ရှိတယ်။ မန် ကျည်းဖြူရွာရဲ့ အရှေ့ဘက်မှာ ချမ်းသာရွာ၊ တောင်ဘက်မှာ မြင်း ကြွရွာ၊ မြောက်ဘက်မှာ ဆင်းဂွတ်ရွာတွေ ရှိတယ်။ မန်ကျည်းဖြူ ရွာမှာ မူလွန်ကျောင်း ရှိပြီး ကျောင်းအုပ်ဆရာမကြီးက မန်ကျည်း ဖြူရွာသူ ဖြစ်ပါတယ်။ မန်ကျည်းဖြူက ကျေးရွာအုပ်စုရွာ ဖြစ်ပြီး အိမ်ခြေ ၂၇ဝ၊ အိမ်ထောင်စု ၂၈၄၊ လူဦးရေ ၁၅၇ဝ၊ ကျေးရွာ အကျယ်အဝန်း ၁၄၄ ဧက ရှိပါသတဲ့။ မိုးကောင်းလယ်တွေမို့ မန် ကျည်းဖြူရွာမှာ စပါးစိုက်ပျိုးကြတဲ့ တောင်သူတွေ များတယ်။ ရွှေရင်အေး၊ မဂျမ်းတော၊ မာကျူရီစပါးမျိုးတွေ စိုက်ပျိုးကြတယ်။

အညာသားတွေ ပြည်ပထွက် လုပ်ကိုင်ကြတဲ့ ခေတ်မှာ မန် ကျည်းဖြူရွာသားတွေလည်း ခေတ်နောက်မကျပါဘူး။ ကာတာ၊ မလေးရှား၊ စင်ကာပူ၊ ကိုရီးယားနိုင်ငံတွေမှာ သွားရောက်လုပ် ကိုင်နေတဲ့ မန်ကျည်းဖြူရွာသား လေးငါးဆယ် ရှိနေပါပြီ။ တချို့ လည်း နှစ်ခေါက် သုံးခေါက် လာလိုက် သွားလိုက် လုပ်နေကြသူ တွေ ရှိတယ်။ မလေးရှားသွားသူတွေက တစ်လ လေးငါးသိန်း ပြန်ပို့နိုင်ပြီး ကိုရီးယားသွားကြသူတွေက တစ်လ သိန်းနှစ်ဆယ် ဝန်းကျင် အထိ ပို့နိုင်ကြတယ်။ ကိုရီးယားက သွားလာစရိတ်လည်း ကြီးသလို အကျိုးအမြတ်လည်း များတယ်။ အရင်းအနှီးကြီးပြီး အဆက်အသွယ်ကောင်းလည်းလိုလို့ တော်ရုံရွာသားတွေက ကို ရီးယားကို မသွားကြဘူး။ မလေးရှားကို သွားကြသူတွေသာ များ တယ်။ ရွာထဲက တိုက်အိမ်သစ်သစ်တွေက နိုင်ငံခြားမှာ သွား ရောက်လုပ်ကိုင်နေကြတဲ့ မန်ကျည်းဖြူရွာသားတွေက သူတို့ မိသားစုတွေဆီ ပြန်ပို့ထားကြတဲ့ ငွေနဲ့ ဆောက်ထားကြတာပါ။ မန်ကျည်းဖြူရွာလယ်မှာ ကားဂိတ်ရှိပြီး မန္တလေးနဲ့ ဆားတောင် မှာ ရှိတဲ့ ပွဲရုံတွေကို ကောက်ပဲသီးနှံတွေ ပို့ဆောင်ပေးပါတယ်။ ကောက်ပဲသီးနှံ လှိုင်လှိုင်ပေါ်တဲ့ ရာသီမှာ နေ့စဉ် အသွားအလာ ရှိပေမယ့် သီးနှံမပေါ်တဲ့ ရာသီမှာ ရက်ခြားထွက်ပါတယ်။ လိုက် ထရပ်ကားနဲ့ ထော်လာဂျီ အလှည့်ကျ ကားထွက်ပေးတာ ဖြစ်ပါတယ်။

Photo-Than Naing Oo မန်ကျည်းဖြူရွာထိပ် ဘိုးဝဇီရလမ်းပေါ်က သစ်သားတံတား
Photo-Than Naing Oo မန်ကျည်းဖြူရွာထိပ် ဘိုးဝဇီရလမ်းပေါ်က သစ်သားတံတား

မန်ကျည်းဖြူရွာက အညာရွာတွေထဲမှာ ရွာငယ်ပေမယ့် ဂုဏ်မငယ်ပါဘူး။ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုရကောင်းမှန်း သိ တယ်။ ကိုယ့်ခွန်ကိုယ့်အားနဲ့ ဖောက်လုပ်ခဲ့တဲ့ ရွာလမ်းကို အမည် ပေးရာမှာ ရွာမှာ ခဏတဖြုတ် အခြေချခဲ့တဲ့ ဂုဏ်ပြုသင့် ဂုဏ်ပြု ထိုက်တဲ့ တစ်နယ်သားကို ဂုဏ်ပြု အမည်ပေးခဲ့ကြတယ်။ မန် ကျည်းဖြူ ရွာသူရွာသားတွေဟာ သင့်တင့်လျောက်ပတ်သော အရပ်မှာ အသက်မွေးဝမ်းကျောင်းမှုပြုကြသူတွေ၊ ပူဇော်ထိုက်သူ ကို ပူဇော်ကြသူတွေ ဖြစ်လို့ မင်္ဂလာတရားတော်နဲ့အညီ နေထိုင် ကြသူတွေ ဖြစ်တယ်။ မန်ကျည်းဖြူက မင်္ဂလာရှိတဲ့ ရွာ ဖြစ်ပါတယ်။

Office :

မော်ကွန်းမဂ္ဂဇင်း

အမှတ်(၁၂၁)၊တတိယထပ်၊ အနော်ရထာလမ်းနှင့် ၄၉ လမ်းထောင့်၊
ပုဇွနေ်တာင်မြို့နယ် ရန်ကုန်မြို့။

ဖုန်း- ဝ၉၃၁၃၄ဝ၂၃၉ ၊ ဝ၉၇၉ ၁၆၆၃ဝ၆၅ ။

websitelinkWebsite: http://www.mawkun.com

E-mail: mawkunmagazine@gmail.com

 

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."