မကွေး-၂၀၂၃ ဇူလိုင် ၁၇ (မော်ကွန်း)
စစ်ကောင်စီတပ်ရဲ့ မကွေးလေတပ်စခန်းကို ဒီနေ့မနက်အစောပိုင်းက မကွေးဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လေတပ်ရဲ့ဆီဂိုထောင်ထိမှန်ကာ စစ်ကောင်စီတပ်သားတချို့လည်းထိခိုက်သေဆုံးကြောင်း တိုက်ခိုက်ရာမှာပါဝင်ခဲ့တဲ့ မကွေးခရိုင် အမှတ် ၂ တပ်ရင်းက တပ်ရင်းမှူးဗိုလ်စံသျှားက မော်ကွန်းကို ပြောပါတယ်။
“မနက်အစော ၁ နာရီဝန်းကျင်မှာ ကျွန်တော်တို့မကွေးခရိုင်၊ အမှတ်၂ တပ်ရင်းနဲ့ မဟာမိတ်တွေအတူပူးပေါင်းပြီး မကွေးလေတပ်ကို ၁၀၇ မမငါးလုံးနဲ့သွားပစ်တယ်။ လေးလုံးကလေတပ်ထဲကျရောက်ပေါက်ကွဲပြီး ကျန်တစ်လုံးကတော့ Errorဖြစ်သွားတယ်။ မကွေးလေတပ်စခန်းက ဆီဂိုဒေါင်ကိုထိမှန်တယ်လို့ လေတပ်နားကသတင်းရင်းမြစ်တစ်ခုကနေ အတည်ပြုနိုင်တယ်။လေတပ်ကနေတော့ ကျွန်တော်တို့ဘက်ကို ပြန်ပစ်တာမျိုးမရှိဘူး။ ကျွန်တော်တို့လည်း ဘေးကင်းကင်းနဲ့ဆုတ်ခွာနိုင်ခဲ့တယ်” လို့ ပြောပါတယ်။
ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတချို့ထိခိုက်သေဆုံးမှုရှိတယ်လို့ ကနဦး သတင်းရထားပေမယ့် ဘယ်နှစ်ဦးသေဆုံးပြီး ဘယ်လောက်ထိခိုက်ပျက်စီးမှုရှိတယ်ဆိုတဲ့ အသေးစိတ်ကိုတော့ စုံစမ်းအတည်ပြုနေဆဲဖြစ်တယ်လို့ သူကပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို ဒေသခံကာကွယ်ရေးအဖွဲ့တွေဖြစ်တဲ့ MKCDF(Mountain Knights Civilians Defecse Force) အဖွဲ့က ဦးဆောင်ပြီး မကွေးခရိုင် အမှတ်(၂) တပ်ရင်း၊ ငါးပြေမ ပျောက်ကြားတပ်ဖွဲ့၊ တောင်တွင်းကြီး ပကဖ စတဲ့အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကတော့ မကွေးလေတပ်စခန်းတိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ လက်ရှိအချိန်အထိ သတင်းတစ်စုံတစ်ရာထုတ်ပြန်ထားတာမျိုး မတွေ့ရပါဘူး။
ပုံစာ-မကွေးခရိုင် အမှတ် ၂ တပ်ရင်းမှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဉ်
Photo – မကွေးခရိုင်အမှတ်၂ တပ်ရင်း
#Dailynews

