ဂေထော၊ ရန်ကုန်
ဇန်နဝါရီ ၁၇၊၂၀၂၀
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့ရှိ ဟင်္သာတိုင်ဂိတ်စခန်းနေရာကို တပ်မတော်နှင့်ကရင်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ထားရာမှ ပြန်လည်ဖယ်ရှားပေးခဲ့ပြီဖြစ်ကြောင်း အရှေ့တောင်တိုင်း စစ်ဌာနချုပ်က ဗိုလ်မှူးကြီး မောင်မောင်လတ် က ယနေ့တွင် ပြောသည်။
“ နှစ်ဖက်ဘယ်သူမှ မနေတော့ဘူးဗျ။ သူတို့တပ်စခန်းနေရာလည်းမဟုတ်ပါဘူး။ လမ်းဆုံပါခင်ဗျ” ဟု ဗိုလ်မှူးကြီး မောင်မောင်လတ်က ပြောသည်။
မွန်ပြည်သစ်ပါတီ(MNSP)၏ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ထိန်းချုပ်သော ယင်းဂိတ်စခန်းနေရာကို နိုဝင်ဘာလနှောင်းပိုင်းတုန်းက ဖြစ်ပွားခဲ့သည့် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများအတွင်း တပ်မတော်နှင့် BGF တို့က ထိန်းချုပ် တပ်စွဲခဲ့ခြင်းသည်။
“ ဆုတ်ခွာတာမဟုတ်ဘူးလေ။ အဲဒီနေရာမှာဘယ်သူမှမနေကြတော့ဘူး။ ကျွန်တော်တို့ဆီကလည်း မနေတော့ဘူး။ သူတို့ (မွန်ပြည်သစ်) ဆီကလည်း မရှိတော့ဘူးဗျ” ဟု ဗိုလ်မှူးကြီးမောင်မောင်လတ်က ပြောသည်။
မွန်ပြည်သစ်ပါတီ ဘုရားသုံးဆူဒေသမှ ပြောရေးဆိုခွင့်ရှိသူ နိုင်အာကာက တပ်မတော်နှင့် BGF တပ်ဖွဲ့များ ဟင်္သာဂိတ် စခန်းက ထွက်သွားကြပြီဟု အတည်ပြုသော်လည်း သူတို့တပ်ဖွဲ့ပြန်လည်တပ်စွဲ၊မစွဲကိစ္စကိုတော့ ထည့်သွင်းပြောကြားမှု မရှိပေ။
ယင်းဂိတ်စခန်းအသိမ်းခံခဲ့ရမှုအပေါ် ဇန်နဝါရီ ၈ ရက်က နေပြည်တော်တွင်ပြုလုပ်သည့် ငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေး တွင် တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များကို အလွတ်သဘောဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း မွန်ပြည်သစ်ပါတီ ဗဟို အလုပ်အမှုဆောင် နိုင်အောင်မငေးက ပြောသည်။
မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်များကတစ်ဘက်၊ တပ်မတော်နှင့်နယ်ခြားစောင့်တပ်တပ်ဖွဲ့ဝင်များကတစ်ဘက် ဖြစ်ပွားကြ သည့် နိုဝင်ဘာလနှောင်းပိုင်း တိုက်ပွဲများတွင် တပ်မတော်နှင့်နယ်ခြားစောင့်တပ်များက ဘုရားသုံးဆူုမြို့က မွန်ပြည်သစ် ထိန်းချုပ်သော ဟင်္သာတိုင်ဂိတ်စခန်းနှင့် ဂျပန်ရေတွင်းကျေးရွာမှ ကင်းစခန်းများကို ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။
#dailynews