ဘုတလင် – ၂၀၂၄ အောက်တိုဘာ ၂၀ (မော်ကွန်း)
ဘုတလင်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အဲဒီနယ်က စီပါရွာကိုမီးရှို့သလို ရွာသားခြောက်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတချို့က ပြောပါတယ်။
အဲဒီရွာဟာ စက်တင်ဘာ ၃၀ ရက်က စစ်ကောင်စီစစ်ကြောင်း တစ်ခုလုံးပြုတ်သွားအောင် တော်လှန်ရေးအင်အားစုတွေ စောင့်ကြိုတိုက်ခိုက်ခဲ့တဲ့ ကူတော်ရွာအနီးမှာရှိတာပါ။
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်က စီပါရွာသား စိတ်ဝေဒနာရှင်တစ်ဦးအပါဝင် အမျိုးသားခြောက်ဦးကို စစ်ကောင်စီကသတ်ဖြတ်ခဲ့ပြီး အိမ်ခြေ ၃၀၀ ခန့်ကို မီးရှို့ခဲ့တာဖြစ်ပါတယ်။
” အမျိုးသားခြောက်ဦး သတ်ခံရတာဗျ။ စိတ်မနှံ့တဲ့လူ တစ်ယောက်ပါတယ်။ သုံးယောက်ကိုတော့ ခြေဖြတ်၊ လက်ဖြတ်၊ အူနှုတ်၊ ခေါင်းဖြတ်ပြီး ထန်းလက်ပြားဝန်းထရံတွေမှာ ချိတ်ဆွဲပြီး ကျန်တဲ့ သုံးယောက်ကိုတော့ သေနတ်နဲ့ပစ်သတ်ခဲ့တယ်။ မြင်ရတာစိတ်ထဲကိုမကောင်းဘူး။ ပက်ပက်စက်စက်ကို လုပ်သွားတာ” လို့ ရပ်ကျေးပကဖအဖွဲ့ဝင်တစ်ဦးက မော်ကွန်းကိုပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ဘုတလင်မြို့နယ် တက်လှိုင်းကျေးရွာမှာ ဒီလ ၁၃ ရက်ကနေ ၁၆ ရက်အထိ လေးရက်ကြာ တပ်စွဲခဲ့ပြီးနောက် ၁၆ ရက် ညပိုင်းမှာ တက်လှိုင်းရွာကနေ ရွာရှည်ရွာကို ဝင်ရောက်ဖျက်ဆီးခဲ့ပါတယ်။
အဲဒီနောက် ဆယ်ဝ၊ စီပါရွာတွေကို ဆက်လက် မီးရှို့ဖျက်ဆီးခဲ့ကာ မနေ့က ညနေပိုင်းမှာတော့ စိုင်ပြင်လေးရွာကို ဝင်ရောက်မီးရှို့နေတယ်လို့ ဒေသတွင်း တော်လှန်ရေးအင်အားစုဝင်တချို့က ပြောပါတယ်။
အဲဒီစစ်ကြောင်းက ရွာစဉ်လှည့်မီးရှို့လူသတ်နေစဉ်မှာ မုံရွာမြို့မှာ အခြေစိုက်တဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ကနေ ရွာတွေဆီကို လက်နက်ကြီးနဲ့ ပစ်ကူပေးတယ်လို့လည်း တော်လှန်ရေးအင်အားစုဝင်တချို့က ပြောပါတယ်။
တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်မှုကြောင့် စက်တင်ဘာ ၃၀ ရက်မှာ ဘုတလင်မြို့နယ်ထဲ စစ်ကြောင်းလိုက်ပြုတ်ခဲ့တဲ့ စစ်ကောင်စီဟာ အခုတော့ ရက် သတ္တပတ်နဲ့ချီ ပြန်လည် စစ်ကြောင်းထိုးနေတာ ဖြစ်ပြီး အရပ်သားတွေကို သတ်ဖြတ်တာ၊ နေအိမ်မီးရှို့တာနဲ့ လူသားဒိုင်းအဖြစ် ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ တော်လှန်ရေးအင်အားစုဝင်တချို့က ပြောပါတယ်။
ပုံစာ- စက်တင်ဘာ၊ ဘုတလင်တိုက်ပွဲမှာ တော်လှန်ရေးအင်အားစုတွေထံ လက်နက်ချခဲ့တဲ့ စစ်ကောင်စီဝင်တချို့
ဓါတ်ပုံ- ဘုတလင်နေ့စဉ်သတင်း
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

