ဘိုကလေး – ၂၀၂၂ မေ ၁၂ (မော်ကွန်း)
ဧရာ၀တီတိုင်း၊ ဘိုကလေးမြို့မှာ ဒီကနေ့နံနက်ပိုင်း ညီနောင်ဝကျေးရွာက အာဏာသိမ်းစစ်တပ်သတင်းပေး ပျူစောထီးခေါင်းဆောင် မောင်မောင်မြင့်(ခ) မြင့်သူ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ညီနောင်တံတားအဆင်းက ကျောင်းရှေ့မုန့်ဟင်းခါးဆိုင်မှာ နံနက် ၈ :၀၀ နာရီလောက်က သေနတ်နဲ့လာပစ်သွားတာလို့ ဒေသခံကပြောပါတယ်။
“ သူက အရင်ကတည်းက စစ်တပ်ကအရာရှိတွေကို ပိုင်အောင်ပေါင်းထားတော့ ခုသူပြောသမျှ အုပ်ချုပ်ရေးမှူးတွေက လိုက်လုပ်နေရတာ၊ သူက မလော့ဒိုင်နယ်နဲ့ ညီနောင်ဒိုင်နယ်က ပျူစောထီးအဖွဲ့ခေါင်းဆောင်၊ ပထမတော့ သတင်းပေးလုပ်တာ ပျူစောထီးဖွဲ့တော့ သူကဝင်လုပ်ပြီး ခေါင်းဆောင်ဖြစ်နေတာ”လို့ ဒေသခံက ပြောပါတယ်။
မောင်မောင်မြင့်ဟာ သေနတ်နဲ့ အနီးကပ် လေးချက်ခန့် ပစ်ခတ်ခံခဲ့ရပြီး လူနာတင်ယာဉ်နဲ့ ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် သေဆုံးသွားခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
မောင်မောင်မြင့်ဟာ ကျေးရွာထဲက ချဲဒိုင်တွေဆီကနေလည်း လိုင်းကြေးကောက်ခံတဲ့အပြင် သူ့ကြောင့် ကျေးရွာမှာနေထိုင်တဲ့ နိုင်ငံရေးမှာ ပါဝင်လှုပ်ရှားသူတွေနဲ့ NLD ပါတီဝန်းရံတဲ့ ပြည်သူတွေ ၁၀ ဦး ထက်မနည်း အဖမ်းခံခဲ့ရတာလည်း ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဘိုကလေးမြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းပေးဒလန်တွေ ရှင်းလင်းခံရတာ လေးဦးအထိရှိလာကြောင်း ဒေသခံတွေဆီကသိရပါတယ်။
#Dailynews

