ဘားအံ- ၂၀၂၃ ဇွန် ၂ ( မော်ကွန်း)
ကရင်ပြည်နယ်၊ ဘားအံမြို့မှာ လိုင်စင်မဲ့ကားတွေ့ရင် ကားသိမ်း၊ လူထောင်ချတဲ့အထိ အရေးယူမယ်လို့ စစ်ကောင်စီကကြေညာတဲ့အတွက် သွားလာရေးအခက်ကြုံနေရတယ်လို့ မြို့ခံတချို့ကပြောပါတယ်။
ဒီလ ၁ ရက်က စပြီး “ လိုင်စင်မဲ့မော်တော်ယာဉ်များ လက်ဝယ်ထားရှိ အသုံးပြုစီးနင်းခြင်းများကို ပူးပေါင်းအဖွဲ့များဖြင့် လှည့်လည်စစ်ဆေးသွားမည်ဖြစ်ရာ စစ်ဆေးတွေ့ရှိပါက လိုင်စင်မဲ့မော်တော်ယာဉ်အား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်ဖြစ်ပြီး လက်ဝယ်ထားရှိအသုံးပြုသူအား ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် အရေးယူ၍ သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရမည်” လို့ စစ်ကောင်စီက ထုတ်ပြန်အသိပေးထားတာပါ။
ယခင်က လိုင်စင်မဲ့ယာဉ်တွေအဖမ်းခံရရင် ပြန်ရွေးလို့ရနိုင်ပေမယ့် အခုခါမှာတော့ ပြန်ရွေးခွင့်မပေးတော့တဲ့အပြင် လူကိုပါတရားစွဲထောင်ချဖို့လုပ်လာတာပါ။
“ သူတို့လည်း လိုင်စင်မဲ့ကားတွေပဲစီးကြတာပဲ။ အခုသူတို့က လိုင်စင်မဲ့ကားပြန်ဖမ်းမယ်ဆိုတော့ မြို့ကလူတွေ အခက် ဖြစ်တာပေါ့။ အခုတော့မြို့ထဲမှာ ကားကိုရှင်းနေရောပဲ။ အရင်က ကားရပ်စရာမရှိတဲ့ မြို့လယ်ကောင်မှာကို အခုကားမရှိဘူး” လို့ ဘားအံမြို့ခံတစ်ဦးက ပြောပါတယ်။
မြို့ဝင်၊ မြို့ထွက်ပေါက်တွေမှာလည်းစောင့်ဆိုင်းပြီး ကျေးရွာတွေကနေ မြို့ကိုလုပ်ငန်းကိစ္စတွေ၊ ဈေးဝယ်တာတွေ လာတဲ့ကားတွေကိုလည်း ဖမ်းဆီးသိမ်းဆည်းတာတွေရှိတယ်လို့ သူတို့ကဆိုပါတယ်။ မြို့ခံတွေအနေနဲ့ ရှိစုမဲ့စုနဲ့ ဝယ်ယူထားတဲ့ကားတွေ အသိမ်းခံရမှာစိုးရိမ်တဲ့အတွက် လုံခြုံအောင်သိမ်းဆည်းနေရသလို မြို့ခံတချို့ရဲ့ ကားတွေလည်း အသိမ်းခံရတာတွေရှိတယ်လို့ ပြောကြပါတယ်။
ဒီယာဉ်ဖမ်းဆီးမှုနဲ့အတူ တရားစွဲမယ်ဆိုတဲ့ဥပဒေနဲ့ စစ်ကောင်စီဟာ ဘားအံမြို့ကနိုင်ငံရေးသမားတွေကိုလည်း ဖိနှိပ် ထားပြီး လက်တလော ဘားအံအကျဉ်းထောင်ထဲမှာရောက်နေတဲ့ နိုင်ငံရေးသမားအများစုဟာ နိုင်ငံရေးပုဒ်မတွေအပြင် ဒီပို့ကုန်၊သွင်းကုန်ဥပဒေနဲ့လည်း တရားစွဲထောင်ချတာခံထားရပါတယ်။
ပုံစာ- ဘားအံမြို့ရဲ့ မြို့လယ်နာရီစင်တစ်ဝိုက်ကို ယနေ့ နေ့လယ်ပိုင်းကတွေ့ရစဉ်
ဓါတ်ပုံ- မော်ကွန်း
#Dailynews

