ဘားအံ- ၂၀၂၄ ဇူလိုင် ၂၉ (မော်ကွန်း)
ကရင်ပြည်နယ်မြို့တော်၊ ဘားအံမှာ သံလွင်မြစ်ရေဟာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ခြောက်ပေကျော်အထိ ရောက်နေပြီး နောက် ၂၄ နာရီအတွင်းမှာ ရေထပ်မြုပ်နေဦးမယ်လို့ မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနက ခန့်မှန်းထားပြီး မြို့ခံတွေကလည်း ရေမြုပ်နေဆဲပဲလို့ ဒီနေ့လယ်မှာပြောပါတယ်။
သံလွင်မြစ်ရေလွှမ်းမှုကြောင့် ကားလမ်းတွေရေကျော်နေသလို ခရီးသည်ယာဉ်လိုင်းတွေလည်း ယာယီပိတ်ထားရဆဲလို့ ဘားအံမြို့ခံတချို့က ပြောပါတယ်။
“ အနိမ့်ပိုင်းတွေက အခုထိမြုပ်နေဆဲပဲ။ ရွှေဖားစည်အိမ်ရာတို့၊ ကမ်းနားလမ်းတို့၊ ဘားအံတံတားနားတို့မှာ အကုန်မြုပ်နေတာ။ ရေက နည်းနည်းပြန်ကျနေသလို ရှိပေမယ့် တချို့ ရပ်ကွက်တွေမှာ လက်တဖောင်လောက်အထိ မြုပ်နေတုန်းပဲ။ ရွာတွေမှာလည်း မြုပ်နေကြတယ်။ သွားတော့ မကြည့်နိုင်တော့ဘူး” လို့ ဘားအံမြို့ခံတစ်ဦးက မော်ကွန်းကို ပြောပါတယ်။
ဒီနှစ် ရေလွှမ်းမှုဟာ ၂၀၁၈ တုန်းက ကြုံရတာထက် ပိုဆိုးနေပြီး ယခင်က ရေမဝင်ဘူးတဲ့နေရာတချို့တောင် အခုရေဝင် နစ်မြုပ် နေတာတွေ ရှိတယ်လို့ သူက ထပ်ပြောပါတယ်။
သံလွင်မြစ်အပြင် ကရင်ပြည်နယ်တခွင်က သူ့ရဲ့ မြစ်လက်တက်တွေဖြစ်တဲ့ သောင်ရင်း၊ ဂျိုင်း နဲ့ အထ္ထရံမြစ်တွေမှာလည်း ရေလွှမ်းတာတွေ ရှိနေပြီး နယ်စပ်မြို့ မြဝတီလည်း ရေမြုပ်နေသလို ဒေသခံတွေရဲ့ အိမ်တွေ၊ စိုက်ခင်းတွေ ရေမြုပ်နေတာကို လည်း ကြုံနေရတာ ဖြစ်ပါတယ်။
မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနရဲ့ ဒီနေ့လယ်ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းက မြစ်ရှစ်စင်းရဲ့ တချို့နေရာတွေမှာ စိုးရိမ်ရေမှတ်ကျော်ပြီး မြို့ရွာတွေ ရေလွှမ်းတာကြုံနေရတယ်လို့ သတိပေးထားပါတယ်။
ရေလျှံဖြစ်နေတဲ့ မြစ်တွေကတော့ ဧရာဝတီ၊ သံလွင်၊ စစ်တောင်း၊ ပဲခူး၊ရွှေကျင်၊ဘီးလင်း၊ ငဝန်နဲ့ တိုးမြစ်တွေဖြစ်တယ်လို့ အဲဒီဌာနက ဖော်ပြပါတယ်။
နိုင်ငံကို အလျားလိုက်ဖြတ်စီးနေတဲ့ အဓိကမြစ်ကြီးဧရာဝတီဆိုရင် ဆိပ်သာ၊ ဟင်္သာတနဲ့ ဇလွန်မြို့တွေမှာ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်နေတယ်လို့ ဆိုပါတယ်။ ပြီးတော့ သူ့ရဲ့ မြစ်လက်တက်ဖြစ်တဲ့ ငဝန်မြစ်ဆိုရင် ငါးသိုင်းချောင်း၊ သာပေါင်းနဲ့ ပုသိမ်မြို့တွေမှာ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်နေသလို တိုးမြစ်ကတော့ မအူပင်မြို့မှာ စိုးရိမ်ရေမှတ် အထက်ကျော်လွန်နေပါတယ်။
ဒီမြစ်တွေဟာ ဆန်စပါးအဓိကစိုက်ပျိုးရာ ဧရာဝတီတိုင်းဒေသကြီးထဲက အဓိကမြစ်တွေဖြစ်ပြီး အခုလိုမြစ်ရေလျှံမှုကြောင့် ငါးသိုင်းချောင်း၊ လေးမျက်နှာနဲ့ မအူပင်လိုဒေသက စပါးခင်းတွေ၊ ရွာတွေ ရေနစ်မြုပ်တာကို ဒီရက်ပိုင်းမှာ ကြုံနေရပါတယ်။ ဒီမတိုင်ခင် လအစပိုင်းတုန်းက နိုင်ငံမြောက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ဧရာဝတီမြစ်ရေလျှံတာကို ကြုံကြရပြီး ကချင်၊စစ်ကိုင်းနဲ့ မန္တလေးနဲ့ မကွေးတိုင်းထဲက မြစ်ကမ်းဘေး ဒေသတွေမှာ ရေလွှမ်းတာတွေ ဖြစ်ခဲ့ပါသေးတယ်။
လက်ရှိရေမြုပ်နေတဲ့ပဲခူးမြို့မှာ ပဲခူးမြစ်ရေဟာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် လေးပေပိုမြင့်နေပြီး ထက်မြင့်တက်လာဖို့ ရှိနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ခန့်မှန်းထားပါတယ်။ ပဲခူးမြို့ဟာ ပြီးခဲ့တဲ့နှစ်မှာလည်း ရေလွှမ်းမှုကို အလူးအလဲ ခံထားရတဲ့မြို့ဖြစ်ပြီး ဒီရက်ပိုင်းရေလွှမ်းမှုကြောင့် ရေမြုပ်နေတဲ့ ရထားလမ်းတွေ၊ ကားလမ်းတွေကို ယာယီပိတ် ထားရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
စစ်တောင်မြစ်ရေကတော့ ပဲခူးတိုင်းအရှေ့ခြမ်း၊ မဒေါက်မြို့မှာ စိုးရိမ်ရေမှတ်အထက် ခုနှစ်ပေအထိ မြင့်တက်နေတာဖြစ်ပြီး သူ့ရဲ့ မြစ်လက်တက်ဖြစ်တဲ့ ရွှေကျင်မြစ်ဟာလည်း ရွှေကျင်မြို့ရဲ့ စိုးရိမ်ရေမှတ်ကို လေးပေကျော်နေတယ်လို့ မိုးလေဝသနဲ့ ဇလ ဗေဒဦးစီးဌာနက ဖော်ပြပါတယ်။
မွန်ပြည်နယ်ထဲက ဘီးလင်းမြစ်ကတော့ ဘီးလင်းမြို့မှာ စိုးရိမ်ရေမှတ်အထက် တစ်ပေမြင့်တက်နေပြီး ဒီမြစ်ရေလွှမ်းမှုကြောင့် ရန်ကုန်-မော်လမြိုင်ကားလမ်းကို ယာယီပိတ်ခဲ့ရတာတွေ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖြစ်ခဲ့ပါသေးတယ်။
မြန်မာနိုင်ငံမှာ မိုးရာသီရေလွှမ်းမိုးမှုဘေးကို နောက်ဆုံး အကြီးအကျယ်ကြုံခဲ့ရတာက ၂၀၁၅ တုန်းက ဖြစ်ပြီး အဲဒီတုန်းက တစ်နိုင်ငံလုံးအတိုင်းအတာ အရေးပေါ်အခြေအနေကြေညာရတဲ့အထိ ပျက်စီးဆုံးရှုံးခဲ့ကြရပါတယ်။
စစ်မက်ဖြစ်ပွားပြီး အထွေထွေအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သဘာဝဘေးအန္တရာယ်ကျရောက်ပြီး ပျက်စီးဆုံးရှုံးနိုင်ချေမြင့်မားတဲ့ နိုင်ငံတွေထဲ ထိပ်တန်းနိုင်ငံတစ်ခုဖြစ်တယ်လို့ အာရှဒေသဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးစင်တာ(ADPC)က ဖော်ပြပါတယ်။
ပုံစာ- ဘားအံကမ်းနားလမ်းနှင့် ဘားအံမြို့လယ်ရှိ ကန်သာယာကန်အတွင်း လျှောက်လမ်းတွေပါ ရေမြုပ်နေတာကို ဒီနေ့လယ်ပိုင်းက တွေ့ရစဉ်။
ဓါတ်ပုံ- ZYH

