၂ဝ၁၈၊ နိုဝင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၉)မှ ကဗျာ ဖြစ်ပါသည်။
မင်းထက်မောင်ရေးသည်
(၁)
ခင်ဗျားနဲ့ ပတ်သက်ပြီး
ကျွန်တော် မဖြစ်မနေ ပြောကြားရမယ့်
သတင်းစကား နှစ်ခု ရှိပါရဲ့
သတင်းကောင်းတစ်ခုနဲ့ သတင်းဆိုးတစ်ခု
ကဲ…ဒီနှစ်ခုထဲ
ခင်ဗျား ဘယ်ဟာကို အရင် နားထောင်ချင်သလဲ။
(၂)
သတင်းကောင်းက
တော်တော်ကို ကြီးတဲ့ သတင်းကောင်း
ဒီသတင်းကောင်းကို ခင်ဗျား နားထောင်ရရင်
သိန်းတစ်သောင်းဆုကြီး နှစ်ခါ ဆင့်ပေါက်သလို
ပျော်လွန်းလို့ ထခုန်ပြီး
တစ်ခါတည်း ရူးသွားနိုင်တယ်။
(၃)
သတင်းဆိုးကလည်း
ဆိုးတာတော့ အတော့်ကို ဆိုးတဲ့ သတင်းဆိုး
လေယာဉ်ပျက်ကျတဲ့အထဲ
ခင်ဗျားမိသားစုအားလုံး ပါသွားသလိုမျိုး
ကြားပြီးတာနဲ့ ချက်ချင်း
ရှော့ခ်ရလို့ လဲကျသွားနိုင်တယ်။
(၄)
ခက်တာက
ဒီသတင်းကောင်းနဲ့ သတင်းဆိုးကလည်း
ခင်ဗျားအတွက် တစ်ပြိုင်နက် ဝင်လာတဲ့ သတင်း
ကျွန်တော်ကလည်း
ဒါကို ခင်ဗျားသိအောင် ပြောဖို့ တာဝန်ရှိနေတဲ့
လုပ်ငန်းခွင် အခြေအနေအတွင်း
အင်း…မလွယ်ပါဘိခြင်း။
(၅)
ဆိုတော့ကာ
သတင်းကောင်းနဲ့ သတင်းဆိုး
ဒီနှစ်မျိုးထဲ
ခင်ဗျား ဘယ်ဟာကို အရင်နားထောင်ချင်တာပဲ ဖြစ်စေ
ကျွန်တော် မပြောဘဲ နေလိုက်တော့ရင် ကောင်းမှာလား
အဲဒါ ခင်ဗျားအတွက် ကောင်းမှာလား
ကျွန်တော့်အတွက် ကောင်းမှာလား
နှစ်ယောက်စလုံးအတွက် ကောင်းမှာလား။
(၆)
ဒါပေမဲ့ ဒီသတင်းနှစ်ခုကို
ခင်ဗျားကို ကျွန်တော် မပြောလည်း
အခြားသူတစ်ယောက်က ခင်ဗျားကို ပြောလိမ့်မှာ အမြန်
ဒါမှမဟုတ်လည်း
ခင်ဗျားဘာသာ ခင်ဗျား သိဖို့ ကြိုးစားရမှာ ဧကန်
ကျွန်တော့်အနေနဲ့
ပြောဖို့ တာဝန်ပျက်ကွက်သွားမှာကလည်း အမှန်
ဘယ်ဟာမှ မဟန်ပါလား။
(၇)
ကဲ…ပြော ပြော
ခင်ဗျား ဘာကို ရွေးချယ်မှာလဲ
ကျွန်တော် ဘာလုပ်ရမှာလဲ
ဒီတစ်ပွဲက ခင်ဗျားရော ကျွန်တော်ရော
ကိုယ့်သဘော ကိုယ်အသာဆောင်ပြီး
ရှောင်နေလို့မရတဲ့ တကယ့် စိန်ခေါ်ပွဲ။
(၃.၇.၂၀၁၇)
#MawKunMagazine
ဆက်သွယ်မှာယူနိုင်စေရန်…….
OFFICE : No.121, 4th Floor, Corner or 49 Street and Anawrahta Street, Pazundaung Township, Yangon, Myanmar.
: 0931340239
: 09791663065
website: www.mawkun.com
facebook: @mawkunmagazine
mawkun.chronicle@gmail.com