ရန်ကုန်- ၂၀၂၃ ၊ စက်တင်ဘာ ၁၄ (မော်ကွန်း)
ဘင်္ဂလားပင်လယ်အော်မှာ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေတာကြောင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာ မိုးများပြီးရေကြီးရေလျှံတာတွေ ဖြစ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှထွန်းကပြောပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေပြီး လာမယ့် ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ် ကိုဖြတ်ကျော်နိုင်တယ်လို့ မိုးဇလကခန့်မှန်းထားပါတယ်။
အဲဒီအရှိန်ကြောင့် မြန်မာနိုင်ငံရဲ့တောင်ပိုင်းဒေသတွေဖြစ်တဲ့ ကရင်၊ မွန်၊ တနင်္သာရီ၊ ပဲခူး နဲ့ ဧရာဝတီတိုင်းဒေသကြီးတွေမှာ မိုးများပြီးရေကြီးနိုင်တာကြောင့် သတိပြုကြဖို့ မိုးဇလ ညွှန်ကြားရေးမှူး ဦးလှထွန်းကပြောပါတယ်။
“ဝင်တာကတော့ အိန္ဒိယပြည်နယ်ဆိုပေမယ့် မြန်မာနိုင်ငံမှာလည်း လာမယ့်တစ်ရက်၊ နှစ်ရက်အတွင်း မိုးများလိမ့်မယ်။ အဓိကကတော့ မြန်မာနိုင်ငံရဲ့ တောင်ပိုင်းဒေသတွေမှာ မိုးကြီးမယ်၊ လမ်းပေါ်တွေမှာရေကြီးရေလျှံတာတွေဖြစ်လာလိမ့်မယ်။ မိုးနှောင်းကာလ၊ ရေကြီးကာလလည်းဖြစ်တော့ မြစ်ရေတွေကလည်း ထပ်တက်ဦးမှာပါ။ ငဝန်မြစ်တို့မှာဆိုလည်းစိုးရိမ်ရေအမှတ်တွေကျော်နေတယ်။ ပြည်သူတွေအနေနဲ့သတိပြုကြပါ။” လို့ သူကပြောပါတယ်။
မိုးဇလက ဒီနေ့ညနေထိခန့်မှန်းချက်အရ တောင်ပိုင်းဒေသတွေဖြစ်တဲ့ ကရင်နဲ့မွန်ပြည်နယ်မှာ မိုးကြီးနိုင်ဖို့ ရာနှုန်းပြည့်ဖြစ်တယ်လို့ခန့်မှန်းထားပါတယ်။
မိုးရွာဖို့ ရာနှုန်းပြည့်ခန့်မှန်းထားတဲ့ ဧရာဝတီတိုင်းဒေသကြီးမှာ ဧရာဝတီမြစ်၊ ငဝန်မြစ်တွေဟာ လက်ရှိမှာ စိုးရိမ်ရေအမှတ်ကျော်နေသလို လာမယ့်နာရီပိုင်းအတွင်း စစ်တောင်းမြစ်နဲ့ ရွှေကျင်မြစ်ဟာလည်း စိုးရိမ်ရေအမှတ်ကိုရောက်ရှိနိုင်တယ်လို့ မိုးဇလကခန့်မှန်းထားပါတယ်။
ဩဂုတ်လဆန်းပိုင်းကစလို့ မြန်မာနိုင်ငံတစ်ဝှမ်းရက်ဆက်မပြတ်မိုးရွာသွန်းခဲ့သလို မြစ်ရေတက်လာတာကြောင့် ရခိုင်ပြည်နယ်အပါအဝင် ပဲခူး၊ ကရင်၊ မွန် နဲ့ တင်္နသာရီတိုင်းဒေကြီးမှာ လူပေါင်း ၈၀,၀၀၀ ကျော်ရေဘေးကြုံခဲ့ရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။
ပုံစာ- ဩဂုတ်လအတွင်းဟင်္သာတမြို့နယ်ရေကြီးမှုမြင်ကွင်း။
ဓာတ်ပုံ – ဟင်္သာတခရိုင် လူနာတင်ယာဉ်၊ နာရေး နှင့် သဘာဝဘေးကူညီမှုပရဟိတအဖွဲ့များကွန်ရက်
#Dailynews

