၂ဝ၁၉၊ မတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၃)မှ Diary ဖြစ်ပါသည်။
မန်းဖိုးအေး ရေးသည်။
“စာတစ်ပုဒ်၊ ဆောင်းပါးတစ်ပုဒ်ဟာ အင်မတန် တာဝန်ကြီးပါတယ်။ အကြောင်း အရာတစ်ခု၊ ဖြစ်စဉ်ကြီးတစ်ခုဟာ ယထာဘူတကျကျ မှန်မှန်ကန်ကန် ရှုမြင်သုံး သပ်ဖို့ဆိုတာ အင်မတန် ခက်ခဲပါတယ်။ စကားလေးတစ်ခွန်း၊ ဆောင်းပါးလေး တစ်ပုဒ်ဟာ ကြီးမားတဲ့ ခွန်အားတွေ ပေါ်ပေါက်ဖြစ်ထွန်းပြီး လမ်းကြောင်းအမှန် ပေါ် ရောက်သွားပြီး အောင်မြင်ခြင်း၊ တိုးတက်ခြင်းတွေ ဖြစ်ထွန်းသွားနိုင်သလို စကားလေးတစ်ခွန်း၊ ဆောင်းပါးလေးတစ်ပုဒ်ကြောင့် စိတ်ပျက်လက်ပျက် ဖြစ်သွားတာတွေ၊ နောက်ဆုတ်ကျောခိုင်းသွားကြတာတွေ အများကြီးပါ”
အထက်ပါ စာပိုဒ်လေးက ၂၂.၁၂.၂၀၁၈ က News Watch ဂျာနယ်မှာ ဦးခင်ဝင်း (ဘိုးတော်ခင်ဝင်း) ရေးသားတဲ့ “ဖြိုးမင်းသိန်းသို့ အိတ်ဖွင့်ပေးစာ” ဆောင်းပါးတွင်းက စာပိုဒ် ဖြစ် တယ်။ ဆောင်းပါးရှင် ဦးခင်ဝင်းဆိုတာကတော့ ၁၉၈၈ NLDစတင်ဖွဲ့စည်းလာစဉ်ကတည်းက ကမာရွတ်မြို့နယ် ဒုတိယဥက္ကဋ္ဌ အဖြစ် တစ်လျှောက်လုံး လုပ်လာသူတစ်ယောက် ဖြစ်တယ်။
သမိုင်းက အင်မတန် အရေးကြီးပါတယ်။ သမိုင်းမသိရင်“အ” တယ်လို့ ဒေါက်တာသန်းထွန်းက ပြောပါတယ်။ ထို့အတူ တလွဲတချော် သမိုင်းကြောင်းကို သိနေပြန်လည်း “အ”တာထက် ပိုပြီး ဆိုးရွားတဲ့ အဖြစ်သနစ်တွေ ပေါ်ထွန်းလာနိုင်ပါတယ်။
ဗိုလ်နေဝင်းအစရှိတဲ့ စစ်ဘုရင် အာဏာရှင်ကြီးတို့က သမိုင်းကို အလွဲလွဲအချော်ချော် ဖြစ်အောင် တမင်လုပ်ကြံ ဖန်တီး ရေးသားပြုစုကြပါတယ်။ သမိုင်းအလွဲလွဲအမှားမှား ပြည်သူထဲ ရိုက်သွင်းစီးနင်း အုပ်ချုပ်လာကြတာ တစ်ဗိုလ်ပြီး တစ်ဗိုလ်ပါပဲ။ ပြည်သူတို့ စစ်ဖိနပ်အောက်ကနေ ကနေ့ ရုန်းမထွက်နိုင်ကြပါ။
ခု NLDဦးသျှောင်သခင် ဗိုလ်ကြီးဝင်းထိန်က သမိုင်းဆန် ဆန် “သံသရာတစ်ကွေ့” စာအုပ်ထူထူထဲထဲကြီး တစ်အုပ် ရေး ထုတ်လိုက်ပါတယ်။ ကျွန်တော်နဲ့ စပ်လျဉ်းပြီး အလွဲလွဲအချော် ချော်တွေ ရေးသားထားပါတယ်။ ဒါကို ကျွန်တော် နှိုင်းယှဉ် ထောက်ပြပါ့မယ်။
ဘယ်လိုပဲ ပြောပြောပေါ့ဗျာ။ ကျွန်တော် ဗိုလ်ကြီးဝင်းထိန် ကို အထူး ကျေးဇူးတင်ပါတယ်။
ကျွန်တော့်မိတ်ဆွေတွေ၊ ကျွန်တော့်ရဲ့ စာဖတ်ပရိသတ်တို့ က ကျွန်တော် ဖြတ်သန်းခဲ့တဲ့ နိုင်ငံရေးသမိုင်းကြောင်း၊ နိုင်ငံရေး လုပ်ဆောင်ချက်တို့ကို သိလိုမြင်လိုကြတယ်။ အလျဉ်းသင့်ရင် ကျွန်တော် တစ်စွန်းတစ်စ ပြောမိပါတယ်။ ကျွန်တော့်ပြောကြား ချက်တို့ကို ရေးသားဖို့ကို တိုက်တွန်းကြပါတယ်။ အားပေးတိုက် တွန်းချက်တို့ကို ကျွန်တော် လိုက်ပါဆောင်ရွက်ခြင်း မပြုပါ။ ဘာပဲပြောပြော မိမိကိုယ်ကိုယ် “ကိုယ်ရည်သွေးခြင်း” ဖြစ်နေ လို့ပါ။
ခုတော့ ဗိုလ်ကြီးဝင်းထိန်ရဲ့ “သံသရာတစ်ကွေ့” စာအုပ်ထူ ကြီးထဲမှာ ကျွန်တော့်အကြောင်း ရေးသားထားတဲ့အကြောင်း မိတ်ဆွေများက ဖုန်းဆက်ပြောပြကြတယ်။ ဗိုလ်ကြီးဝင်းထိန် ရေးသားချက်ကနေ ကျွန်တော်လုပ်ခဲ့တဲ့ နိုင်ငံရေးအကြောင်းကို သူတို့ သိရှိသွားရပါတယ်ဆိုပြီး ကျွန်တော့်ကို ဂုဏ်ပြုအားပေး ကြတာပါ။ ဗိုလ်ကြီးဝင်းထိန်ရဲ့ စာအုပ်အကြောင်း ပြောသူတွေ များလာကြတယ်။ မနေသာတော့ဘဲ စာအုပ်ဆိုင်ထဲ ဝင်ပြီး ဗိုလ် ကြီးဝင်းထိန်ရဲ့ “သံသရာတစ်ကွေ့” ရှာပြီး မာတိကာကို လှန်လိုက်တယ်။
တွေ့ပါပြီ။ စာမျက်နှာ ၅၀၉ မှာ “ကိုဖိုးအေးနဲ့ နွေစပါး”။ ပြူး ပြဲတဲ့ စာလုံးမည်းကြီးက ထင်းခနဲ ပေါ်လွင်လျက်ပါ။ ကျွန်တော်နဲ့ စပ်လျဉ်းတဲ့ ရေးသားချက်တို့ကို ဖတ်ကြည့်လိုက်တယ်။
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁၀ ၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဆရာမ စူဇန်နာလှလှစိုးက ““အန် ကယ် ဦးဖိုးအေးအကြောင်း ဦးဝင်းထိန် ရေးသားချက် ဖတ်လိုက် ရမှ အန်ကယ် တစ်ခါဘူးမှ မပြောဖူးတဲ့ အန်ကယ့်ဆောင်ရွက် ချက်ကို ကျွန်မတို့ သိရတယ်။ ဂုဏ်ယူပါတယ် အန်ကယ်””
မ်္တလေးမြို့ NLDအမှုဆောင်ကြီးတစ်ဦးဖြစ်တဲ့ အင် မတန်ခင်မင်ရင်းနှီးတဲ့ ဒေါ်ခင်သန်းမြင့်ကလည်း ““ဦးဖိုးအေး အကြောင်းကို ဦးဝင်းထိန် ချီးမွမ်းခန်းတွေ ရေးထားတယ်””။ ချီး ကျူးသံတို့ ပလူပျံနေပါတယ်။
အပိုင်းနှစ်ပိုင်း ခွဲပြောမယ်ဗျာ။ ကိုယ့်အကြောင်းရေးလိုက် လို့ လူလူသူသူသိရှိအောင် လုပ်ပေးတဲ့ ဗိုလ်ကြီးဝင်းထိန်ကို တစ် ဖက်တစ်ချက်က ကြည့်ရင် ဝမ်းသာအယ်လဲ ကျေးဇူးတင်ရမှာပေါ့ ဗျာ။ ဟုတ်ပါတယ်။ ကျွန်တော့်ကို လူတွေသိအောင် မိတ်ဆက်ရေး ပေးတဲ့ ဗိုလ်ကြီးဝင်းထိန်ကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ကျွန် တော်ကလည်း “ကိုယ့်ဂုဏ်ကို ကိုယ်ဖော်” တာမျိုး ဖြစ်သွားမှာ စိုးရွံ့ပြီး မရေးရဲ မပြုရဲတဲ့ အရေးကို ဗိုလ်ကြီးဝင်းထိန်က အလို အလျောက် ဝင်ရောက်ဖြေရှင်းပေးတာကို ကျေးဇူးတင်ရမှာပါ။ သူ့ရဲ့ ကလောင်စွမ်းအားက ကျွန်တော့်ကို ပွဲထုတ်ပေးခြင်း ဖြစ် တယ်။ ဒါက တစ်ချက်ပေါ့ဗျာ။
နောက်တစ်ချက်က ကိုယ့်အကြောင်း ကိုယ်မရေးဝံ့၊ မရေး ရဲတာကို ဗိုလ်ကြီးဝင်းထိန်က ရေးသားလိုက်တယ်။ အဲဒီ ရေးသား ချက်တွေက လုံးစေ့ပတ်စေ့ အမှန်အကန် မဟုတ်လေတော့ လွဲ ချော်ချက်တွေကို ပြန်လည်တည့်မတ်ရေးသားဖို့ တာဝန်က ကျွန် တော့်ဆီ ဆိုက်ရောက်လာပါတယ်။ ဒီတော့ ကျွန်တော် မရေးလို့ ကို မရတော့တဲ့ အကြောင်းအရာတစ်ရပ် ဖြစ်ပေါ်လာတယ်။ ပြန် လည်တည့်မတ်ရေးသားဖို့ တာဝန်ကလည်း အလိုအလျောက် ကျွန်တော့်ဆီ ဆိုက်ရောက်လာပါပြီ။ ဒီလို “ကိုယ့်ဂုဏ်ကိုယ်ဖော်” ရေးသားခြင်း စိုးရိမ်ထိတ်လန့်မှုကို ဖယ်ရှင်းပေးတဲ့ ဗိုလ်ကြီးဝင်း ထိန်ကို အထူးတလည် ကျေးဇူးတင်ခြင်းရဲ့ ဒုတိယအကြိမ် အသိ အမှတ်ပြုခြင်းတစ်ရပ် ဖြစ်နေပြန်ပါတယ်။
ကျေးဇူးတင်ပါတယ် ဗိုလ်ကြီးဝင်းထိန်။ ရေးခွင့်သာအောင် အစဖွင့်ပေးတဲ့ ဗိုလ်ကြီးဝင်းထိန်ကို အူလှိုက်သည်းလှိုက် ဝမ်း မြောက်ဝမ်းသာ ကျေးဇူးတင် ဂုဏ်ပြုလိုက်ပါတယ် ခင်ဗျာ။
photo – Zayar Hlaing
ရေးသားချက်၊ လွဲချော်ချက်၊ လိုအပ်ချက်များ
(စာမျက်နှာ ၅၀၉။ ကိုဖိုးအေးနဲ့ နွေစပါး)
ကိုဖိုးအေးဆိုတဲ့ NLDအဖွဲ့ဝင်ဟာ တရုတ်သွေးပါပြီး လှည်းတန်း ကမာရွတ်မှာ နေပါတယ်။ NLDအဖွဲ့ဝင် ဖြစ်ပြီး ရံဖန်ရံခါ သူ့မြို့နယ်က ပြဿနာတွေကို ခြံထဲကို မကြာမကြာ လာသတင်းပေးလေ့ ရှိပါတယ်။ အထူးသဖြင့် ကျွန်တော့်ဆီ လာ ပြောတာပါ။ သူက မြို့နယ်တာဝန်ခံနဲ့ တိုင်းတာဝန်ခံတွေ ကျော် ကျော်ပြီး လာပြောလေ့ရှိလို့ ကျွန်တော်က “ခင်ဗျား မြို့နယ် ကိစ္စတွေကို ကျွန်တော့်ကို ကျော်ကျော်ပြီး လာမပြောနဲ့။ မြို့နယ်ကို အရင်ပြော။ မရမှ တိုင်းကို ပြော။ အဲဒီလိုလုပ်ပါ”လို့ ခဏခဏ သတိပေးရပါတယ်။ သူက “ဖိုးတက်ကြွ” ပါ။
ဒီစာပိုဒ်မှာ ကျွန်တော် နေထိုင်တဲ့ နေရာကို မှားမှားယွင်း ယွင်းဖော်ပြထားပါတယ်။ ဗိုလ်ကြီးဝင်းထိန်နဲ့ တွေ့ဆုံ ကြုံကြိုက် ကြတာက ၁၀.၇.၁၉၉၅ ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာ ခြောက်နှစ်တာ အကျယ်ချုပ်က လွတ်မြောက်လာပြီးတဲ့နောက် ပိုင်းမှသာ တစ်ဦးနှင့် တစ်ဦး တွေ့မြင်ကြရတာပါ။ ဒါလည်းပဲ မေးထူးခေါ်ပြောတဲ့ အဆင့်လောက်တောင် မရှိသေးပါ။ တစ်ဦးနဲ့ တစ်ဦး ဒေါ်စုခြံဝင်းထဲမှာ မျက်မှန်းတန်းမိရုံသာ ရှိပါတယ်။
နောက်အကြောင်းအချက် ရှိပါသေးတယ်။ ကျွန်တော် ကမာရွတ်မှာ နေထိုင်စဉ်တုန်းက လှည်းတန်းမှာ နေတယ်ဆိုတဲ့ အချက်က လွဲနေပါတယ်။ ကမာရွတ်မြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ ကျွဲကုန်းလမ်း (ယခု အောင်မြေသာစည်လမ်း) အိမ်နံပါတ် ၂၀ မှာ နေပါတယ်။ ကမာရွတ် စံရိပ်ငြိမ်နဲ့ လှိုင်ဘူတာရုံလမ်းကြားမှာ နေ တာကနေ လှိုင်သာယာဆီ သွားရောက် နေထိုင်တာ ဖြစ်တယ်။ ဗိုလ်ကြီးဝင်းထိန် ရေးချင်ဇောတွေ ကြီးပြီး လွဲချော်မှားယွင်းသွား ခြင်း ဖြစ်တယ်။ လူတစ်ယောက်အကြောင်း ရေးသားတော့မယ် ဆိုရင် ကြိုတင်စုံစမ်းထားရမှာပါ။ ဒါကလည်း တယ်ပြီး ခက်ခဲလှ တာ မဟုတ်ပါ။ ဗိုလ်ကြီးဝင်းထိန်နဲ့ ခင်မင်ရင်းနှီးတဲ့ ကိုမောင် မောင်ဦးတစ်ယောက်လုံး သူ့အနားမှာ ရှိနေပါတယ်။ အရပ်ထဲမှာ၊ NLDဗဟိုရုံးချုပ်မှာ၊ အခုဆို နေပြည်တော်ရဲ့ စည်ပင်ဧည့်ရိပ်သာ အမတ်တွေနေတဲ့ အိမ်ရာမှာ လက်ပွန်းတတီး ရှိနေတာတောင် ဘာကြောင့်များ ကိုမောင်မောင်ဦးကို စပ်စပ်စုစု မမေးမမြန်း မစုံ စမ်းရတာလဲဗျာ။ ကျွန်တော့်အကြောင်းကို ကိုမောင်မောင်ဦး နှံ့နှံ့ စပ်စပ် သိထားပါတယ်။
စာမျက်နှာ ၅၀၉ မှာပဲ “တရုတ်သွေးပါပြီး” ဆိုတဲ့ ကျွန်တော့် မျိုးရိုးကို ရေးသားတာမှာ ဘာကြောင့်များ အပြည့်အစုံ မရေးရ တာလဲ ခင်ဗျာ။ ကျွန်တော့်ဖခင်ဟာ တရုတ်ဖြစ်တယ်ဆိုတာ ကျွန်တော် ဘယ်တုန်းကမှ ဖုံးကွယ်မထားပါ။ အခုမှ ဝင်ရောက် လာတဲ့ တရုတ် မဟုတ်ပါ။ ဒုတိယကမ္ဘာစစ် မတိုင်ခင်က ရောက် လာတာ ဖြစ်တယ်။ ကျွန်တော့်ဖခင်က အများခေါ်ဝေါ်ကြတဲ့ အင်္ကျီရှည်ဟုတ်ကြူး တရုတ်မျိုး ဖြစ်တယ်။ မိခင်က ကရင်ရိုးရာ နတ်စားတဲ့ ဗုဒ္ဓဘာသာ ပိုးကရင် ဖြစ်တယ်။ ကျွန်တော်ဟာ တရုတ် ၅၀၊ ကရင် ၅၀ သွေး နှောတဲ့ တရုတ်ကရင်ကပြား ဖြစ်တယ်။
ကျွန်တော့်မျိုးရိုးကို ဘယ်တုန်းကမှ ဖုံးကွယ်ထိမ်ချန်ထား ခြင်း မရှိပါဘူးဗျာ။ ဘာကြောင့်များ “တရုတ်” ဆိုတာကိုပဲ ကျွန် တော့်အကြောင်း ဖွင့်ဖွင့်ချင်း ရှေ့ဆုံးက ဖော်ပြပြီး “ကရင်သွေး” ကိုတော့ ဖုံးကွယ်ထိမ်ချန်ထားရတာလဲဗျာ။ လူမျိုးရေးသတ်ကွင်း ထဲ ရည်ရွယ်ချက်ရှိရှိ တမင်ထိုးထည့်တာများလား ခင်ဗျာ။ ခင် ဗျားအားထားတဲ့ ကိုမောင်မောင်ဦး ကျွန်တော့်ရဲ့ ကမာရွတ်အိမ် ဆီ အခေါက်ခေါက်အခါခါ ရောက်ခဲ့ဖူးတာပဲ။ သူ့မေးမြန်းပြီး အပြည့်အစုံ ရေးစမ်းပါလားဗျာ။
ဗိုလ်ကြီးဝင်းထိန် ဆက်လက်ရေးသားပါတယ်။
ရံဖန်ရံခါ သူ့မြို့နယ်က ပြဿနာတွေကို မကြာမကြာ လာ သတင်းပေးလေ့ ရှိပါတယ်။ အထူးသဖြင့် ကျွန်တော့်ဆီ လာပြော တာပါ။ သူက မြို့နယ်တာဝန်ခံနဲ့ တိုင်းတာဝန်ခံတွေ ကျော်ကျော် ပြီး လာပြောလေ့ရှိလို့ ကျွန်တော်က “ခင်ဗျား မြို့နယ် ကိစ္စတွေကို ကျွန်တော့်ကို ကျော်ကျော်ပြီး လာမပြောနဲ့။ မြို့နယ်ကို အရင် ပြော။ မရမှ တိုင်းကို ပြော။ အဲဒီလိုလုပ်ပါ”လို့ ခဏခဏ သတိပေး ရပါတယ်။
ဒီစာပိုဒ်မှာ ခင်ဗျား စာစီတာ ညံ့လို့ပဲလား၊ ကွန်ပျူတာ ဆရာ မှားရိုက်တာလား မသိရပါ။ စကားလုံး အထားအသို မှား ယွင်းနေပါတယ်။ “ကျွန်တော့်ကို ကျော်ကျော်ပြီး” အဲဒီလို သုံး လိုက်တော့ အခရာကျတဲ့ ခင်ဗျားကို ကျော်ကျော်ပြီး ပြောတဲ့ အဓိပ္ပာယ် သက်ရောက်သွားတယ်။ အမှန်ရေးသားရမှာက“ကျော်ကျော်ပြီး ကျွန်တော့်ကို” ဖြစ်ရမှာပါ။
ရှိစေတော့။ ကျွန်တော်နဲ့ သားကြီး မောင်ထိန်လင်းတို့က ဒေါ်စု ခြံရှေ့ ဟောပြောပွဲ စတင်ခါနီးအချိန် လမ်းဘေးတွေမှာ အမှိုက်ခြင်းတွေ လိုက်ချ။ ပြီးတော့ ဖျောက်စည်းအနေနဲ့ လူအုပ် ထဲ ဝင်နေ၊ ဟောပြောပွဲပြီးတော့ ကားလမ်းမနဲ့ လူသွားလမ်းပေါ် က ဖင်ခုထိုင်ကြတဲ့ အုတ်ခဲတွေ၊ သတင်းစာ၊ ဂျာနယ်စက္ကူတွေ၊ ပြောင်းဖူးရိုး၊ ဆီးစေ့၊ ဆေးလိပ်တို၊ အမှိုက်သရိုက်တွေကို လှည်း ကျင်းရပါတယ်။
ခြောက်နှစ်တာလုံးလုံး အပြိုင်းပြိုင်း ရှင်သန်ပေါက်ရောက် ကြီးထွားနေတဲ့ ချုံနွယ်တွေကို ခုတ်ထွင် ရှင်းလင်းရပါတယ်။ ခြံ ရှေ့ ညာဘက်ခြမ်းက ဆက်သွယ်ရေးဖုန်းကြိုးတွေပေါ် တွယ်တက် လျှောက်သွားနေတဲ့ ကင်မွန်းချဉ်နွယ်ကြီးတို့က အလိပ်လိပ် တွယ်တက်နေပါတယ်။ ဆက်သွယ်ရေးလိုင်း ဝါယာကြိုးတွေပေါ် မှာ လက်ကောက်ဝတ်တုတ်တဲ့ ကင်မွန်းနွယ်ကြိုးကြီးတွေကို ခဲရာခဲဆစ် တက်ခုတ်ရပါတယ်။ ခုတ်ထွင်ရှင်းလင်းပြီးတဲ့ အမှိုက် သရိုက်တို့ကို မီးတောက်ကြီးအဖြစ် မရောက်အောင် မီးတင်ရှို့ကြ ရပါတယ်။ လုပ်ကိုင်ကြသူတွေ စားသောက်ဖို့ ချက်ပြုတ်ရပါတယ်။ မိုးလင်းလို့ ခြံထဲ စောနိုင်သမျှ စောအောင် အရောက်လာ၊ လုပ် စရာရှိတာ လုပ်၊ ညနေစောင်းမှာ ရေမိုးချိုးပြီး လှိုင်သာယာဆီ ပြန်ရပါတယ်။ ဒီတုန်းက မြစ်ကူးတံတား မရှိသေးပါ။ လှိုင်သာယာ ဘက်ကမ်းနဲ့ အင်းစိန်ဘက်ကမ်းကို ဇက်ရေယာဉ်နဲ့ ကူးဖြတ်ရပါတယ်။
ဒေါ်စုခြံဆီက ဆင်မလိုက်ကို ၄၅ ကားကို စီး၊ ဆင်မလိုက် ကနေ ၅၄ ချက်ပလက် ဗိုက်ပူကား ပြောင်းစီး၊ အင်းစိန်ကမ်းနား မှာ ဆင်း၊ ပြီး ဇက်ပြောင်းစီးရပါတယ်။
လှိုင်သာယာအိမ်ဆီ ပြန်ရောက်ပါပြီ။ “မောတယ်ပန်းတယ် သဘောမှာ မထားလို့ရယ်” ခေတ်ဟောင်းတေးသီချင်းလိုပါ။ ကမန်းကတန်း ဆန်ပြုတ်ချက်ပြုတ်၊ စားသောက်ပြီး “လုပ်သား မောင်တေဆေး” ဘူးအဖုံးဆွဲရပါတယ်။ ညဉ့်နက် ၁၂ နာရီအထိ လုပ်ကိုင်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်သွားပါတယ်။ မနက် ငါး နာရီ အိပ်ရာက ထ၊ သားတွေ စားဖို့ ဆန်ပြုတ်အိုးတည်၊ စိုက်ထား တဲ့ အပင်ကို ရေလောင်း၊ ရေမိုးချိုးပြီး အဖုံးအရေအတွက် ပြည့် လျှင် သမိုင်းဘုရားလမ်းက “လုပ်သားမောင်တေဆေး” ဆီ သွား၊ ဘူးဖုံးအရေအတွက်ဖိုး လုပ်အားခ ငွေယူပြီး ၄၅ လိုင်းကားစီးပြီး ဒေါ်စုခြံဆီလာ၊ အလုပ်ရှာလုပ်။
ဇယ်ဆက်သလိုပါ။ ပင်ပန်းပေမယ့် လုပ်ရကိုင်ရ ပျော် တယ်။ နားတာပြုတာ အင်မတန်နည်းတယ်။ နားကြပြန်လည်း လုပ်ငန်းမှာ သတိပြုရမယ့် အချက်တွေ၊ နိုင်ငံရေးအကြောင်းတွေ ဆွေးနွေးပြောဆိုကြတယ်။
အခမ်းအနားပွဲ ကျင်းပဖို့ရှိရင် ဝါးဆိုင်မှာ ဝါးလုံးသွားငှား ကြ၊ တာလပတ် အမိုးငှားကြ၊ စင်ထိုးကြ၊ မဏ္ဍပ်ထိုး၊ အမိုးတက် မိုးကြ၊ ပြီးရင် ထိုင်ခုံခင်းကြ၊ တစ်ယောက်တစ်လက် တက်ညီ လက်ညီနဲ့ပါ။ ခြံထဲ ဝိုင်းဝန်းလုပ်ကိုင်ကြသူတွေ မှတ်မိသလောက် ပြောရရင် သြဇာ(ခ)အောင်မြင့်၊ ကြက်ဖကြီး ခေါ် သန်းထိုက် အောင်၊ ကိုမှိုင်း၊ ခင်ကျော်၊ မိန်းကလေးတွေထဲက မဥမ္မာ၊ မသန္တာ။နှစ်ကကြာတော့ တော်တော်များများရဲ့ နာမည်တွေ မေ့ကုန်ပြီဗျာ။
ဒေါ်အောင်ဆန်းစုကြည်ခြံရှေ့ ဟောပြောဖို့ ဆောင်း ဘောက်ဆင်ကြ၊ ဝါယာကြိုးသွယ်ကြ၊ ပျားပန်းခပ် အလုပ်များကြ တာ ဗိုလ်ကြီးဝင်းထိန်နဲ့ စကားစမြည်ပြောဖို့ အချိန်ကို မရှိဘူး။ အားအားယားယား သူနဲ့ ထိုင်စကားပြောတယ်လည်း မရှိခဲ့ဖူးပါ။ သူကလည်း ဒေါ်စု အိမ်ခန်းထဲက အပြင်ထွက်လာတယ် မရှိပါ။ ပြည်တွင်းပြည်ပ ဧည့်သည်တွေနဲ့ သူ့အလုပ် သူရှုပ်၊ ကိုယ့်အလုပ် ကိုယ်ရှုပ်နေကြရတဲ့ အခါသမယပါ။
အဲ… တစ်ကြိမ်တော့ သူနဲ့ မျက်နှာချင်းဆိုင် မတ်တတ်ရပ် ပြောရတဲ့ ကိစ်္စတစ်ရပ် ပေါ်လာတယ်။
နေ့ရက်အတိအကျပြောရရင် ၁၄.၁၁.၁၉၉၅ မွန်းလွဲချိန်။ လယ်သမားများနဲ့ ဒေါ်အောင်ဆန်းစုကြည် စတုတ္တအကြိမ် တွေ့ ဆုံဆွေးနွေးဖို့ ကျေးလက်တောရွာတွေဆီ လယ်သမားတွေကို သွားရောက်ခေါ်ငင်ပြီး ဘိုကလေးက ပြန်လာတဲ့နေ့။
မွန်းလွဲချိန်မှာ မလာစဖူး ဗိုလ်ကြီးဝင်းထိန် ကျွန်တော်ရှိရာ ဆီ တန်းတန်းမတ်မတ် ရောက်လာတယ်။
““ကိုဖိုးအေး၊ ခင်ဗျား လယ်သမားတွေ ခေါ်လိုက်လေ။ ဒေါ်စု အားနေတယ်””
““ဒီနေ့မှမဟုတ်တာ။ ဘယ့်နှယ်လုပ် တွေ့လို့ရမှာလဲ””
““ဟေ့…ခေါင်းဆောင်နဲ့ တွေ့ဖို့က မင်းတွေ့ချင်တိုင်း တွေ့ လို့ရတာ မဟုတ်ဘူးကွ။ သွား၊ ခု ခေါ်လာခဲ့””
““ကဲ…ခက်ပဲ ခက်ရချေရဲ့ဗျာ။ ကျွန်တော်က ကိုယ့်သဘော နဲ့ ကိုယ် ထင်ရာတွေ လျှောက်လုပ်နေတာ မဟုတ်ဘူးဗျ။ စည်းနဲ့ ကမ်းနဲ့ စနစ်တကျ လုပ်ရတာ။ သူ့ရက်ချိန်းမဟုတ်ဘဲ ဘယ့်နှယ် လုပ် တွေ့ရမှာလဲဗျာ””
““ဘာစနစ်တကျလဲ။ ဘာ သူ့နေ့ သူ့အချိန် မဟုတ်ရတာလဲ။ ဒီကနေ့လေကွာ။ သွား၊ အမြန်သွားခေါ်လာ။ ခေါင်းဆောင် အား နေပြီ””
ဗိုလ်ကြီးဝင်းထိန် အတင်းကာရော ကျွန်တော့်လယ်သမား တွေကို အတင်း ခေါ်ခိုင်းပါတယ်။
““ခင်ဗျား မှားနေပြီဗျ။ ခင်ဗျားရေးမှတ်ထားတဲ့ စာအုပ် ပြန်လှန်ကြည့်။ ကနေ့လား၊ ကျွန်တော်ပြောတဲ့ ၁၆ ရက်နေ့လား ဆိုတာ””
ဗိုလ်ကြီးဝင်းထိန် ဒေါနဲ့မောနဲ့ ထွက်သွားတယ်။ သူ့မှတ် တမ်းစာအုပ် သွားယူတယ်။ တအောင့်ကြာ ကျွန်တော့်ဆီ ပြန် ရောက်လာတယ်။ ဒေါသသံပါလာတယ်။
““မင်းပြောတဲ့နေ့တော့ ဟုတ်ပါပြီ။ ဒါနဲ့ ဘယ်နှယောက် လာမှာလဲကွ””
““မသိဘူး။ အဲဒီနေ့ လာတော့မှ သိမယ်””
““ဘာကွ။ ခု ကြိုမသိနိုင်ဘူး။ လာတော့မှ သိမယ်တဲ့လား ကွ။ မင်းက လုပ်ချင်သလိုလုပ်။ မပိုင်မနိုင်ဘဲ လျှောက်လုပ်တာပဲ။ လူအရေအတွက်တောင် အတိအကျ မပြောနိုင်ဘူး””
အတင်းသာ ပြစ်တင်မောင်းမဲခံနေရတော့ ကျွန်တော် ကျွဲ မြီးတိုလာတယ်။
““ဒီမယ်ဗျ။ ကျေးလက်ဆင်းရတဲ့အလုပ်က လွယ်တယ်လို့ ခင်ဗျား ထင်နေသလား။ ခြေတိုတယ်၊ ခက်ခဲတယ်၊ ပင်ပန်းတယ်၊ အန္တရာယ်များတယ်။ ခင်ဗျား ဘာမှမသိဘဲ လျှောက်ဟောက် တယ်ဗျာ””
ကျွန်တော့်အသံ၊ ကျွန်တော့်စကား နည်းနည်းမာသွား တယ်။ ရင့်သီးသွားတယ်။ သူ ရှူးရှူးဒိုင်းဒိုင်း ဖြစ်သွားတယ်။ ပြူး နေတဲ့ သူ့မျက်လုံး ပိုပြဲသွားတယ်။ နိုင်ကွက်၊ ပိုင်ကွက်ကို သူ မရ ရအောင် ရှာကြံပြီး မေးခွန်းတစ်ခု မေးလိုက်ပြန်တယ်။
““မြစ်ဝကျွန်းပေါ်ဒေသက အကျယ်ကြီးကွ။ မင်း ရွာတွေ အနှံ့ လျှောက်သွားပြီး ခေါ်လာတယ်။ မင်း ဘယ်လောက်ချမ်းသာ လို့လဲကွ””
““ဒီမယ် ဗိုလ်ကြီးဝင်းထိန်၊ ပိုက်ဆံရှိမှ၊ ချမ်းသာမှ နိုင်ငံရေး လုပ်ရမှာလားဗျ။ ခင်ဗျားအထင်ကြီးသလို ရွာအနှံ့၊ ဒေသအနှံ့ ကျုပ်ဘယ့်နှယ်လုပ် သွားနိုင်မှာလဲဗျ။ ကြိုးစားပြီး သွားနိုင် သလောက် ခြေတိုအောင် လျှောက်ရတာဗျ။ ကျေးလက်တွေမှာ ကျုပ်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့သူတွေ ရှိတယ်။ ကျုပ်လို အမာခံ တွေ ရှိတယ်။ ဒီအမာခံတောသားတွေရဲ့ အားနဲ့ ကျုပ် လုပ်နိုင် ကိုင်နိုင်တာဗျ။ စနစ်တကျလုပ်တာ။ ပရမ်းပတာမဟုတ်ဘူး။ ကျုပ် ဘယ်လောက်ချမ်းသာသတဲ့လား။ ထေ့လုံးငေါ့လုံးနဲ့ ခင် ဗျား ကျုပ်ကို လာမကလိနဲ့ဗျ။ နိုင်ငံရေးအလုပ်က လူချမ်းသာမှ လုပ်နိုင်တာ မဟုတ်ဘူး။ ဆင်းရဲတဲ့သူလည်း လုပ်နိုင်တယ်ဗျ။ ကျုပ် ဘယ်လောက်ချမ်းသာသလဲ ခင်ဗျားမေးတယ်။ ဒီမယ်၊ ကျုပ် မချမ်းသာဘူး၊ မွဲတယ်။ ဘယ်လောက်မွဲတယ်ဆိုတာ ခရေ စေ့တွင်းကျ ကျုပ်ပြောပြလိုက်ရင် ခင်ဗျား မျက်ရည်တောက် တောက်ကျသွားမယ်။ ကျုပ်မွဲတယ်သာ မှတ်လိုက်ဗျာ””
ဗိုလ်ကြီးဝင်းထိန် ဒေါကန်သွားတယ်။ ချာခနဲ လှည့်ထွက် သွားတယ်။ ကျွန်တော် ဒေါ်အောင်ဆန်းစုကြည်ခြံထဲမှာ ရှိနေစဉ် တစ်လျှောက်လုံး သူနဲ့ ကျွန်တော် စကားလက်ဆုံပြောဖူးတာ အဲဒီတစ်ကြိမ်သာ ရှိပါတယ်။ ကမာရွတ်မြို့နယ် မကောင်း ကြောင်း၊ မြို့နယ်ကို ကျော်၊ တိုင်းကို ကျော်ပြီး ကျွန်တော် သူ့ဆီ “လာလာပြောတယ်” ဆိုတဲ့ အခြင်းအရာ လုံးဝမရှိပါ။ ကျွန်တော် နဲ့ ကမာရွတ်မြို့နယ် NLDနဲ့ ဘာပြဿနာမှ မရှိပါ။ ကိုယ့်လုပ် ဖော်ကိုင်ဖက်တွေနဲ့ အခင်အမင်မပျက် တပျော်တပါး လက်တွဲ ဆောင်ရွက်တာပဲ ရှိတယ်။ ကတောက်ကဆ ဘာတစ်ခုမှ မရှိပါ။ ပြဿနာရပ်ပေါ်ပေါက်လာရင်တောင် ကျွန်တော့်ဘက်က ရပ် တည်ပြီး ဖြေရှင်းပေးပါတယ်။ ၁၉၉၅၊ ကျွန်တော် ဒေါ်အောင်ဆန်း စုကြည်ခြံထဲမှာ တောက်တိုမယ်ရလေးတွေ လုပ်နေတာကို အခု ဝါးခယ်မလွှတ်တော်ကိုယ်စားလှယ် ဖြစ်သွားတဲ့ ရွှေလောင်းတိုက် နယ် ကိုဌေးအောင်က သူ ကြိမ်းဝါးထားသလို သူက တာမသွား ဘဲ ကျွန်တော့်ကို သူ့ထက် တာသွားတယ်ထင်မှတ်ပြီး တိုက်ခိုက် လာပါတယ်။ ကမာရွတ်မြို့နယ် NLDက ကျွန်တော့်ကို NLDအဖွဲ့ဝင်အဖြစ်ကနေ ထုတ်ထားတယ်ဆိုပြီး လူတကာကို လိုက် ပြောပါတယ်။ တစ်နေ့ အိမ်အပြန်လမ်းမှာ သူနဲ့ တွေ့တယ်။
““ဒီမယ် ကိုဌေးအောင်၊ ခင်ဗျားဘာကြောင့် မဟုတ်တန်း တရားတွေ လျှောက်ပြောတာလဲဗျ””
““မင်းအထုတ်ခံရလို့ ထုတ်တယ်လို့ ပြောတာလေကွာ””
““လုံးဝမဟုတ်ဘူးဗျ။ ခင်ဗျား ရပ်တန်းက ရပ်ပါ””
““ဟ၊ ဘာလို့ ရပ်ရမှာလဲ။ ထုတ်လို့ ထုတ်တယ်ပြောတယ် ကွာ။ မင်း ရှင်းရဲလား””
““စိန်လိုက်။ လာ၊ ခုပဲ ကမာရွတ်မြို့နယ် NLDရုံးဆီ သွား မယ်။ ဒဲ့ ရှင်းမယ်””
ကျွန်တော်တို့နှစ်ယောက် လေးဘီး တက်္ကစီငှားပြီး ဒေါ်စု ခြံဝကနေ ကမာရွတ်လှည်းတန်းနားက မဟာဘောဂလမ်းထဲ မောင်းသွားကြတယ်။ NLDမြို့နယ်ရုံးဆီ ရောက်သွားကြတယ်။ ကမာရွတ်မြို့နယ် NLDဥက္ကဋ္ဌ ဦးမျိုးမြင့် (ယခု နောင်ချိုမှာ ခြံစိုက်နေတယ်) ရှိနေပါတယ်။
““ကဲ…ဆရာမျိုးရေ၊ ကမာရွတ်မြို့နယ် NLDက ကျွန် တော့်ကို NLDအဖွဲ့ဝင်အဖြစ်က ထုတ်ပယ်ထားတယ်တဲ့ဗျား။ အဲဒါ ဆရာမျိုး ရှင်းပေးပါဦး””
ဆရာမျိုး မှတ်တမ်းစာအုပ်ကို လှန်လိုက်တယ်။ လေအေး အေးနဲ့ ပြောလိုက်တယ်။
““ကိုဖိုးအေးက သူ လှိုင်သာယာမြို့နယ်ဆီ ပြောင်းရွှေ့နေ ထိုင်မှာ ဖြစ်တယ်။ ကမာရွတ်မှာ သူမှ မနေထိုင်တာ။ NLDလူ အင်အား စာရင်း ကမာရွတ်က နုတ်ထွက်ပြီး လှိုင်သာယာ NLDဆီ ရွှေ့ပြောင်းပေးဖို့ အကြောင်းကြားစာ လာတင်ပါတယ်။ ဟော ဒီမှာ သူတင်ခဲ့တဲ့ စာ။ ကျွန်တော် လက်ခံလိုက်တယ်။ NLDအဖွဲ့ ဝင် အင်အားစာရင်း လှိုင်သာယာ NLDထဲ ဖြည့်ထည့်ဖို့ လွှဲ ပြောင်းစာ ကျွန်တော်ကိုယ်တိုင်ပဲ လက်မှတ်ရေးထိုးပေးလိုက်ပါ တယ်။ ကျွန်တော်တို့ ကမာရွတ်မြို့နယ် NLDက သူ့ကို ထုတ်တာ မဟုတ်ပါဘူး ခင်ဗျာ။ အင်အားစာရင်းက နုတ်ထွက်ခြင်းသာ ဖြစ် ပါတယ်””
““ကဲ…ရှင်းပြီလား””
ကိုဌေးအောင် မလျှော့သေးပါ။ ကွန့်လိုက်ပြန်တယ်။
““နုတ်ထွက်တာနဲ့ ထုတ်ပယ်တာ တူတူပဲကွ””
မူလစွပ်စွဲချက်ကို ပြန်မရုပ်သိမ်းချင်တဲ့ ကိုဌေးအောင်။ သူ့ အယူအဆ တစ်စွန်းတစ်စ ဗိုလ်ကြီးဝင်းထိန်ဆီ သယ်ဆောင်လာ ပါတယ်။ ဒါကို ဗိုလ်ကြီးဝင်းထိန်က မစူးစမ်းဘဲ လက်ဦးမှုယူ ပြော သူရဲ့ စကားကို ဆုပ်ကိုင်ပြီး ကျွန်တော်နဲ့ ကမာရွတ်မြို့နယ် အဖု အထစ်ရှိတယ် ကောက်ချက်ချပြီး သူ့ “သံသရာတစ်ကွေ့” မှာ လွဲ ချော်ရေးသားထားပါတယ်။
“ဖိုးတက်ကြွ” စကားရပ်
အဲဒီစာပိုဒ် နောက်ဆုံးပိတ်မှာ သူ ဘာကို ရည်ဩန်းမှန်း မသိရတဲ့ အသုံးအနှုန်းကို ရေးသားထားတယ်။
“သူက ဖိုးတက်ကြွ တစ်ယောက်ပါ”
ဒွိဟနှစ်ခွ တွေးစရာပါ။ အသိအမှတ်ပြု ချီးမွမ်းခြင်းလား၊ ပြစ်တင်ကဲ့ရဲ့ ရှုတ်ချခြင်းပေလား။
“တက်ကြွခြင်း” က အဓိပ္ပာယ်နှစ်ချက် ကောက်ယူလို့ ရ တယ်။ လက်ဝါးထဲ စာကလေးတစ်ကောင် ဆုပ်ကိုင်ထားတယ်။ “အသေလား၊ အရှင်လား” ဆုပ်ကိုင်သူက မေးခွန်းထုတ်တယ်။ ကဲ… “အသေလား၊ အရှင်လား” ဘယ်ဟာဖြေမလဲ။ “အရှင်” လို့ ဖြေရင် ဆုပ်ကိုင်ထားသူက ညှစ်သတ်လိုက်မယ်။ “အသေ” လို့ ဖြေရင် ညှစ်မသတ်ဘဲ လက်ဝါးအသာဖြန့်ပြမယ်။
ခု ဗိုလ်ကြီးဝင်းထိန်ရဲ့ “ဖိုးတက်ကြွ” ကို သုံးလိုက်တာ ဒီ သဘောပါပဲ။ ဒါဟာ ချီးမွမ်းတာပါ၊ ဒါမှမဟုတ်လည်း ဆင်ကန်း တောတိုး လျှောက်လုပ်တာပါ။ ဖြစ်ပေါ်နေတဲ့ အခြေအနေအပေါ် မူတည်ပြီး သူ လူလည်လုပ်ပြီး ပြောလိမ့်မယ်။ တော်တော့ကို ကလိမ်စေ့ငြမ်းဆင်တဲ့ အကျင့်ယုတ်မှု။
ဟုတ်ပြီလေ၊ တက်ကြွတာ မကောင်းဘူးလား။ ဆင်ခြင်တုံ တရားနဲ့ နိုင်ငံရေးလုပ်တာကိုင်တာ မှားသလားဗျ။ ဒီတက်ကြွမှု ကို အားတောင် ပေးရဦးမှာပါ။ အကြံညဏ်တွေ ပေးကြ၊ ပိုပြီး တက်ကြွအောင် အားပေးလုပ်ဆောင်ကြရဦးမှာလေ။ ဘယ့်နှယ် ကြောင့် အထူးပြု “ဩ” ဒီသင်္ကေတမျိုးကို သုံးရတာလဲ ဗိုလ်ကြီး ဝင်းထိန်ရယ်။ ရန်သူတွေ မဟုတ်ဘူးလေ။ ရည်ရွယ်ချက်တူ ပူး ပေါင်းဆောင်ရွက်သူချင်း မလုပ်ကောင်း မလုပ်အပ်ပါဘူး။ ရိုး သားဖြောင့်မတ်ကြဖို့၊ တန်းတူရည်တူ ဆက်ဆံကြဖို့လိုပါတယ်။ ဒီလိုပြောတော့ ခင်ဗျားက ပြောလိမ့်မယ်။ ““မင်းက ဘယ်လောက် တော်လို့လဲ။ ဘယ်လောက်လုပ်နိုင်လို့လဲ”” လို့ ပြောလာဦးမယ်။ မှန်ပါတယ်။ဥစ္စာဓနပိုင်း၊ ပိုင်ဆိုင်မှုပိုင်း၊ လုပ်ပိုင်ခွင့်ပိုင်း အရာရာ ကျွန်တော့်ထက် ခင်ဗျားက သာပါတယ်။ ဒါပေမဲ့ လူမှုဆက်ဆံရေး မှာ၊ နိုင်ငံရေးစည်းရုံးမှု ဆက်ဆံရေးမှာ သိမ်မွေ့ရပါမယ်။ တန်းတူ ရည်တူ စိတ်သဘောထားနဲ့ ချေငံပြေပြစ်ရပါမယ်။ ငါလူတတ်ကြီး၊ ငါ ဆရာကြီး မာန်မျိုးနဲ့က နိုင်ငံရေးမှာ ကျင့်သုံးလို့ မရဘူးဗျ။ ခင်ဗျားရဲ့ စိတ်နေစိတ်ထား၊ ခင်ဗျားရဲ့ အကျင့်စရိုက်ကို သိထား တော့ ဒီ “ဖိုးတက်ကြွ” ဆိုတာ ခင်ဗျားလောက် မသိ၊ မတတ်ဘဲ အရမ်းကာရော လျှောက်လုပ်တဲ့ကောင်လို့ ခင်ဗျား ထင်မြင်ပြီး ချိုးနှိမ်ဆက်ဆံတာပါဗျာ။
photo – Zayar Hlaing
ဗိုလ်ကြီးဝင်းထိန်ရဲ့ “သံသရာတစ်ကွေ့” စာအုပ်၊ စာမျက်နှာ ၅၀၉၊ စာပိုဒ်ရေ ၄ မှာ …
“တစ်ကြိမ်မှာတော့ တွံတေးဘက်က လယ်သမားတွေရဲ့ ပြဿနာကို လာတင်ပြပါတယ်။ သူတစ်ယောက်တည်း မဟုတ်ပါ။ လယ်သမား သုံးလေးဆယ်လောက် ပါပါတယ်။ အဲဒီအခါကျတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ ချိန်းပေးပြီး ပြဿနာတွေကို နား ထောင်စေပါတယ်။ နောက်ထပ်တစ်ခါကျတော့ ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်ဘက်က လယ်သမား လေးငါးဆယ် ခေါ်လာပြန် တယ်။ အလားတူပဲ သူ့ကို ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ပေးပြီး ပြောချင်ရာပြောနိုင်အောင် စီစဉ်ပေးပါတယ်။ အဲဒီ အစီအစဉ်ပြီးတဲ့အခါ ကိုဖိုးအေးကို ကျွန်တော် သတိပေး လိုက်ပါတယ်။ “နောက်ကို ဒီလို လူစုလူဝေးတွေ မခေါ်ခဲ့နဲ့။ ရန်ကုန် တိုင်းက ကိစ်္စဆိုရင် ရန်ကုန်တိုင်း NLD၊ ဧရာဝတီတိုင်းက ကိစ္စဆိုရင် ဧရာဝတီတိုင်း NLDကတစ်ဆင့် လာမှ ကျွန်တော် လက် ခံမယ်။ ဒီလိုလုပ်ရပ်မျိုး ရပ်တန်းက ရပ်ဖို့ သတိပေးလိုက်ပါတယ်”
ဒီမယ် ဗိုလ်ကြီးဝင်းထိန် ခင်ဗျာ၊ ဖြစ်စဉ်ဖြစ်ရပ်တွေကို အမှန်အကန်အတိုင်း ရေးမှပေါ့ဗျာ။ မတွေးတော မဆင်ခြင်ရင် ခင်ဗျားဖုံးကွယ်ထားမှုတွေထဲ လုံးလည်လိုက်သွားမှာပါ။ “တွံ တေးလယ်သမား” ဆိုတဲ့ အပိုဒ်ပေါ့ဗျာ။ တွံတေးလယ်သမားချည်း တအုံတမကြီး မဟုတ်ရပါ။ တွံတေးက ဆိုလို့ ပန်းလှိုင်ချောင်းရဲ့ ဒီဘက်ခြမ်းက တွံတေးအပိုင်၊ တွံတေးအပိုင်က ကရင်လူမျိုး စော အဂူးတို့ လူလေးငါးယောက်လောက်ပဲ ပါတယ်။ ချောင်း ဟိုဘက် ကမ်းက ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်က လကျ်ားကြီးရွာ။ အဲဒီ ရွာက ကရင်လူငယ်ထုက အုံနဲ့ကျင်းနဲ့ လာကြတာပါ။ လာကြတာ က လယ်ယာကဏ္ဍ အဓိက မဟုတ်ပါ။ အချိန်က ၁၉၈၉ ဇန်နဝါရီ လဆန်းပိုင်း ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင်း ခရီးက ပြန်ရောက်ခါစအချိန်။
အဲဒီနေ့ မနက်ပိုင်း၊ လကျ်ားကြီးရွာသား ဖိုးသောကြာ (ကရင်တိုင်းရင်းသား)က ဦးဆောင်လာပါတယ်။ ဒီဘက် တွံတေး ဘက်ကမ်းက စောအဂူးတို့ပါ ပူးတွဲပါလာကြတယ်။ နယ်မြေက သာ ခြားတာ၊ တစ်ဖက်နဲ့ တစ်ဖက်က ဆွေမျိုးသားချင်းတွေ ဖြစ် တယ်။ အဓိကက လကျ်ားကြီးရွာ ကရင်လူငယ်အမျိုးသား၊ အမျိုး သမီးများအနေနဲ့ လာကြတာ ဖြစ်တယ်။
““ဟေ့…ဖိုးအေး၊ တို့ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ကြမယ်။ ရွာပြန်လို့ မီမှာ မဟုတ်ဘူး။ သူငယ်ချင်းအိမ်မှာ အိပ်ကြ မယ်။ နေ့လယ်စာကို တို့ချက်လာတယ်။ ညစာ တို့စားဖို့ ရော့… ဒီမှာ ငါးကြင်းနှစ်ကောင်၊ ချက်ပေးကွာ””
ဖိုးသောကြာ ပိုင်ပိုင်နိုင်နိုင် ပြောလိုက်တယ်။ ကျွန်တော့်ပါ ပါဝင်ဖို့ ဝင်ခေါ်တာ ဖြစ်တယ်။ ““ဟေ့ကောင်၊ ဒေါ်စုပြန်ရောက်တာ ရက်ပိုင်းသာ ရှိတာ၊ ဘယ့်နှယ်လုပ် ဖြစ်နိုင်မှာလဲကွာ””
““ဟေ့ကောင်၊ ငါ့ဦးလေး ဦးစိန်ဝင်းက ပြီးခဲ့တဲ့ ရက်ပိုင်းက ကုက္ကိုင်း NLDရုံး ရောက်ပြီး စီစဉ်ပြီးပြီကွ။ ရွာကနေ ထမင်း ဟင်းချက်ပြီး ယူလာတယ်။ ခု အဖွဲ့ချုပ်ခြံထဲ ယူသွားကြတယ်။ တော်ကြာ စားသောက်ပြီးရင် ခေါ်တာနဲ့ တို့ ဒေါ်စုနဲ့ ဝင်တွေ့မယ်””
ကျွန်တော် အံ့အားသင့်နေပါတယ်။ ဖိုးသောကြာ အပိုင် အနိုင် ပြောနေပါတယ်။ မယုံတစ်ဝက်၊ ယုံတစ်ဝက်နဲ့ သူတို့အုပ်စု နဲ့ ကုက္ကိုင်း NLDရုံးဆီ သွားကြပါတယ်။ ဦးစိန်ဝင်း ကင်မရာ တကားကားနဲ့ ဟိုရိုက်ဒီရိုက် အလုပ်ရှုပ်နေတယ်။ ဘယ်ကမှန်း မသိရတဲ့ သူ့ကို NLDရုံးသူရုံးသားတွေ မဝံ့မရဲ ဖြစ်နေကြတယ်။ ကျွန်တော့်နား တီးတိုးကပ်လာကြပြီး တီးတိုးမေးမြန်းကြတယ်။ ကျွန်တော် မနေသာတော့ပါ။ ဦးစိန်ဝင်းရဲ့ ကင်မရာကို သူ့လွယ် အိတ်ထဲ သိမ်းခိုင်းထားလိုက်တယ်။
ဖြစ်ရပ်က ဒီလိုပါ။ လွန်ခဲ့တဲ့ နှစ်ရက်က ဖိုးသောကြာရဲ့ တိုက်တွန်းချက်နဲ့ ဦးစိန်ဝင်း ကုက္ကိုင်း NLDရုံးချုပ်ဆီ ရောက် လာတယ်။ မအူပင်သား ကိုအုန်းရယ်၊ အောင်ကျော်မိုးကို ချဉ်း ကပ်ပြီး ငါးကြင်းနှစ်ကောင် ဦးဝင်းခက်ကို ပေးလိုက်တယ်။ ဦးဝင်းခက်က NLDရုံးသူရုံးသားတွေ စားဖို့ စားဖိုဆောင်ဆီ ပို့လိုက်တယ်။ ငါးကြင်းငါးနှစ်ကောင် အရင်းပြုပြီး သူတို့ရွာသား တွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံလိုကြောင်း ပြောပြလိုက် တယ်။ ဦးဝင်းခက်က ဘယ်လိုပြောလိုက်လို့ ဦးစိန်ဝင်း ဘယ်လို သဘောပေါက်သွားမှန်း မသိရပါ။ ချက်ချင်း ရွာပြန်သွားတယ်။ ရွာက လူငယ် တအုံတမကြီး ပင့်ချလာတယ်။ နေ့လယ်စားဖို့ ထမင်းဟင်းပါ ချက်လာတယ်။ ဖိုးသောကြာက လူစုခွဲပြီး ကျွန် တော့် လာခေါ်တယ်။
ကျွန်တော် ကုက္ကိုင်းရုံးဆီ ရောက်တော့ တလွဲတချော်တွေ ဖြစ်တာ သိလိုက်ရတယ်။ ဒီတော့မှ ဖိုးသောကြာလည်း ပျာယာ ခတ်သွားတယ်။ ခေါ်လာတဲ့ ကောင်လေးတွေ၊ ကောင်မလေးတွေ ကို သူ ဘယ်လိုရှင်းပြရမှန်း မသိတော့ပါ။ အနေအထားက အကျပ်အတည်းကြီးပါ။
ဒါနဲ့ ကုက္ကိုင်းရုံးဆီ ရောက်နေတဲ့ ဦးခင်ဝင်း(ဘိုးတော်)၊ ကိုတင့်ဝေတို့နဲ့ ခေါင်းချင်းဆိုင် တိုင်ပင်ကြတယ်။ ကရင်လူငယ် လေးတွေ စိတ်ဓာတ် မထိခိုက်ရလေအောင် ကျွန်တော်တို့သုံး ယောက် နည်းလမ်းရှာကြံကြရပါတယ်။ ကျွန်တော်တို့ရဲ့ ကြိုးပမ်း မှုကြောင့် အဲဒီနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ခွင့် မရတော့ပါ။ မနက်ဖြန်နေ့လယ်မှာ တွေ့မှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ကြံဖန်ဆောင်ရွက်ပေးပါတယ်။
ဗိုလ်ကြီးဝင်းထိန် ရေးသားသလို တွံတေးလယ်သမားထု မဟုတ်ပါ။ လကျ်ားကြီးကျေးရွာ ကရင်လူငယ်ထု ဖြစ်ပါတယ်။
ဗိုလ်ကြီးဝင်းထိန်က သူပဲ စီစဉ်သလိုလို ဘာလိုလို ပ်္ဏာယူ ပြောထားပါတယ်။ အမှန်တကယ်တော့ ကျွန်တော်တို့သုံးဦးနဲ့ ဦးဝင်းခက်တို့ ခေါင်းချင်းဆိုင် ကြိုးပမ်းချက်တွေ ဖြစ်တယ်။
မနက်ဖြန်မှ တွေ့ကြမယ့်အကြောင်း ကရင်လူငယ်လေး တွေကို ပြောပြပါတယ်။ ထမင်းတောင်း၊ ဟင်းအိုးကြီး မပြီး ကျွန် တော့်အိမ်ဆီ ပြန်လာကြတယ်။ ကျွန်တော့်မိန်းမက စေတနာပို ပြီး သူ့စားဖိုမှူးလက်စွမ်း ပြထားပါတယ်။ တစ်ပိဿာကျော် ငါး ကြင်းကြီးရဲ့ ကျောရိုးကို ခွဲချလိုက်တယ်။ ငါးကုပ်ပိုင်းကနေ ဝမ်း ဗိုက်အထိ လွှာချလိုက်တယ်။ အရိုးထုတ်လိုက်တယ်။ အသားကို ခြစ်ထုတ်လိုက်တယ်။ ငါးအသားနဲ့ တရုတ်မဆလာ ရောနှောပြီး ညက်အောင် ငရုတ်ဆုံမှာ ထောင်းလိုက်တယ်။ ထောင်းထားတဲ့ ငါးအသားကို ဂျုံမှုန့် ရောနယ်လိုက်တယ်။ ငါးရဲ့ ကိုယ်ထည်ထဲ သွတ်သွင်းထည့်လိုက်တယ်။ ခွဲထားတဲ့ ကျောရိုးကို အပ်ချည်နဲ့ ပြန်တွဲလိုက်တယ်။ ဘယ်ညာနှစ်ဖက်ကို ဓားနဲ့ မွှန်းလိုက်တယ်။ ဆီပူထဲ ထည့်ကြော်လိုက်တယ်။ အပေါ်သား ကြွပ်တော့ ဆယ် လိုက်တယ်။
ပြီးတော့ အသီးအရွက်တွေနဲ့ ချိုချဉ်ဟင်း ချက်လိုက်တယ်။ ကြော်ထားတဲ့ ငါးအကောင်လိုက်ပေါ် အသီးအရွက် ချိုချဉ်ကြော် ပျစ်ပျစ်နိုင်းချင်း အုပ်ချလိုက်တယ်။
တခြားဟင်းလျာ၊ ငါးပိ၊ တို့စရာ မြိုင်မြိုင်ဆိုင်ဆိုင် တည် ခင်း ကျွေးမွေးလိုက်တယ်။ ကျွန်တော့်မိသားစုနဲ့ ကရင်လူငယ်ထု မိသားစုလို ခင်မင်ရင်းနှီးသွားကြတယ်။
အိမ်ခန်းက ကျဉ်းတယ်။ မိန်းကလေး ဆယ်ယောက်ကျော် ကို အိမ်မှာ သိပ်ပြီး ကောင်လေးတွေကိုတော့ စံရိပ်ငြိမ်က NLDကမာရွတ်မြို့နယ်ရုံးဆီ နေရာချထားပါတယ်။ ရုံးတာဝန်ခံ ကိုမောင်အေးက မြို့နယ်ရုံးမှာ မအိပ်ခင် လက်ဖက်ရည်ပွဲနဲ့ ဧည့်ခံ ကျွေးမွေး စကားလက်ဆုံ ပြောကြပါတယ်။ ခေါင်းအုံး၊ စောင်၊ ခြင် ထောင် မရှိတော့ ခြင်ဆေးခွေ ထွန်း၊ ကိုယ့်ပုဆိုး ကိုယ်ခြုံ၊ ကိုယ့် လက်မောင်း ကိုယ်ခေါင်းအုံးအိပ်ကြပါတယ်။
မနက်စာကို ကျွန်တော့်မိန်းမက ပဲပြုတ်နဲ့ ထမင်းကြော် ဧည့်ခံကျွေးမွေးတယ်။ နေ့လယ်စာကိုပါ ချက်ကျွေးပြီး နေ့လယ် လောက်မှာ ကုက္ကိုင်းရုံးဆီ သွားကြပါတယ်။
၁၂ နာရီလောက်မှာ ဒေါ်စုတိုက်ရဲ့ လက်ယာဘက်အဖီမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကရင်လူငယ်ထု တွေ့ဆုံပြီး စကား လက်ဆုံ ပြောကြပါတယ်။
ဗိုလ်ကြီးဝင်းထိန် ဒီစာပိုဒ်ရဲ့ ဒုတိယတွေ့ဆုံမှုဟာ အိမ်မဲ မြို့နယ်က လယ်သမား အယောက် လေးငါးဆယ်နဲ့ ဆိုပြီး ရေး ထားတယ်။ ဒေါ်စုနဲ့ တွေ့ဆုံရေးမှတ်တမ်းမှတ်ရာကို ဗိုလ်ကြီးဝင်း ထိန် ရေးသားမှတ်ယူထားပါတယ်။ ဒါကို ရောကောသောကော အလွဲလွဲအမှားမှား ဘာကြောင့်များ ရေးသားထားတာပါလိမ့်။ အိမ်မဲမြို့နယ် လယ်သမားကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ကျွန်တော် တစ်ခါမျှ မဆောင်ရွက်ခဲ့ဖူးပါ။
ဒီစာပိုဒ်ထဲမှာ ဗိုလ်ကြီးဝင်းထိန်က…
“သူ့ကို ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ပေး ပြီး ပြောချင်ရာပြောနိုင်အောင် စီစဉ်ပေးပါတယ်။ အဲဒီ အစီအစဉ် ပြီးတဲ့အခါ ကိုဖိုးအေးကို ကျွန်တော် သတိပေးလိုက်ပါတယ်။“နောက်ကို ဒီလို လူစုလူဝေးတွေ မခေါ်ခဲ့နဲ့။ ရန်ကုန်တိုင်းက ကိစ္စဆိုရင် ရန်ကုန်တိုင်း NLD၊ ဧရာဝတီတိုင်းက ကိစ်္စဆိုရင် ဧရာ ဝတီတိုင်း NLDကတစ်ဆင့် လာမှ ကျွန်တော် လက်ခံမယ်။ ဒီလို လုပ်ရပ်မျိုး ရပ်တန်းက ရပ်ဖို့ သတိပေးလိုက်ပါတယ်”
ဒီမယ် ဗိုလ်ကြီးဝင်းထိန်၊ ဟိုးတုန်းက ၁၄.၁၁.၁၉၉၅ က ခင်ဗျားနဲ့ ကျွန်တော် မျက်နှာချင်းဆိုင်ပြောကြတာ ဒီတစ်ကြိမ်ပဲ ရှိဖူးတယ်။ မရှိခဲ့ဖူးတဲ့ အခြင်းအရာကို ခင်ဗျား ဘာကြောင့် လီဆယ်လုပ်ကြံ ပြောရတာလဲဗျာ။ ကျွန်တော့်ကို လုပ်ကြံတာက ကျွန်တော်တို့ ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် အကျိုးရှိနေ ရင် ချကျွေးပစ်ပါ။ ခုဟာက အရေးတော်ပုံကြီးအတွက် ဘာ အကျိုးမှ မရှိဘဲ ခင်ဗျား လုပ်တတ် ကိုင်တတ်တယ်ဆိုတာ ကိုယ် ရည်သွေးဖို့ ခင်ဗျား ထင်ရာစိုင်း လုပ်ကြံရေးနေသလို ဖြစ်နေတယ်။
၁၉၉၅ နိုဝင်ဘာ၊ ဒီတစ်ကြိမ်သာ ဟိုးတုန်းက ခင်ဗျားနဲ့ အချီအချ ပြောကြတာပါဗျာ။ နောက်ပိုင်း ထိပ်တိုက် အချီအချ ရင်ဆိုင်ကြုံတွေ့ရတာက ၂၀၁၂ ကာလတွေမှာပါ။ နောက်ပိုင်းမှာ ခင်ဗျားရဲ့ ရိုင်းပျမှု၊ အာဏာရှင်ဆန်မှုကို တစ်ခုချင်း ကွက်ကွက် ကွင်းကွင်း ရေးပြမှာပါ။ အဲဒီအပိုင်းက အပိုင်း ၃ မှာ လျာထားပါ တယ်။ စောင့်မျှော်ပါ။
ပိုပြီး ကြီးမားတဲ့ တက်တက်စင် လွဲမှားမှုဆီ ရောက်လာပါ ပြီ။ စာမျက်နှာ ၅၀၉၊ စာပိုဒ်ရေ ၅ မှာ ရေးထားပါတယ်။
ကိုဖိုးအေးက ဒီမှာတင် ရပ်မသွားသေးပါ။ သြင်္ကန်အပြီး လောက်မှာ ဟင်္သာတက လယ်သမားကြီးနှစ်ယောက် ခေါ်လာ ပြန်ပါတယ်။ တစ်ယောက်က ကိုလှထွန်း၊ ဟင်္သာတမြို့နယ်က NLDရပ်ကျေးကိုယ်စားလှယ်ပါ။ နောက်ထပ် တစ်ယောက်က တော့ ဦးကျော်သန်း၊ ကလေးရှစ်ယောက်အဖေ လယ်သမားကြီး ပါ။ ကိစ်္စကတော့ ကိုကျော်သန်းရဲ့ လယ်တွေမှာ ပဲတွေ စိုက်ထား ပါတယ်။
ဒီစာပိုဒ်မှာ လူနာမည် လွဲတယ်။ နေရာဒေသ လွဲတယ်။ အကြောင်းအရာတွေ လွဲချော်နေပါတယ်။
ဟင်္သာတလယ်သမားကြီးနှစ်ယောက် မဟုတ်ပါ။ ဗိုလ်ကြီး ဝင်းထိန်က နာမည်အစစ်အမှန်ဖြစ်တဲ့ “ကိုလှထွန်းအောင်” ကို “ကိုလှထွန်း” လို့ အခေါ်အဝေါ် မှားနေပါတယ်။ ကိုလှထွန်းအောင် ဟာ ဟင်္သာတမြို့ပေါ်မှာ နေထိုင်ပါတယ်။ လယ်သမားမဟုတ်ပါ။ လယ်မလုပ်ပါ။ ပင်စင်ယူထားတဲ့ ကျောင်းဆရာ ဖြစ်ပါတယ်။ နောက်တစ်ယောက်ဖြစ်တဲ့ “ကိုကံရှိန်” ကို ဗိုလ်ကြီးဝင်းထိန်က “ကိုကျော်သန်း” ဆိုပြီး လွဲမှားရေးသားထားပါတယ်။ ကိုကံရှိန်နဲ့ ကိုလှထွန်းအောင်တို့နှစ်ယောက်ကို ထောင်တွင်း အထူးတရားရုံး မထုတ်ခင်ကို ကျွန်တော် မတွေ့မြင်ဖူးပါ။ သိကျွမ်းခြင်းမရှိပါ။ ရုံး ထုတ်တဲ့အချိန်မှသာ တွေ့မြင်ကြရ၊ အမှုတွဲမှန်း သိကြရတာပါ။ သူတို့နှစ်ယောက်ကို ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ဒေါ်စုခြံဝင်းထဲ ခေါ်ဆောင်လာတယ်လို့ ဗိုလ်ကြီးဝင်းထိန် ရေးသားချက် ချွတ်ချော်လွဲမှားနေပါတယ်။
အချုပ်သားဘဝမှာတုန်းက ဗိုလ်ကြီးဝင်းထိန်က အင်းစိန် သီးသန့်ထောင်၊ သီးခြားတိုက် အခန်း ၁၊ ကျွန်တော်က အခန်း ၄၊ ကျွန်တော့်သား ထိန်လင်းက အခန်း ၆၊ ကိုကံရှိန်နဲ့ ကိုလှထွန်း အောင်က ထောင်မကြီး တိုက်တွေမှာ ချုပ်နှောင်ထားပါတယ်။
အထူးခုံရုံးက အမိန့်ချမှတ်ပြီးတဲ့ ညနေပိုင်းမှာ ကျွန်တော် ရယ်၊ သားကြီးထိန်လင်း၊ ကိုကံရှိန်၊ ကိုလှထွန်းအောင် အမှုတွဲ လေးယောက်ကို သီးသန့်ထောင် ၁ တိုက်၊ အခန်း ၂၃ မှာ ထားပါ တယ်။ ဒီတော့မှ တရင်းတနှီး ရှိသွားကြပါတယ်။
အဲဒီစာပိုဒ်မှာ ဗိုလ်ကြီးဝင်းထိန် တလွဲတချော် မှားယွင်း ရေးသားတဲ့ အချက်တစ်ချက်က အဲဒီစာပိုဒ်ရဲ့ နောက်ဆုံးဖြစ်တဲ့ စာကြောင်းရေ ၄ မှာ “ကိုကျော်သန်းရဲ့ လယ်တွေမှာ ပဲတွေ စိုက် ထားပါတယ်”။ ဒီမှာ လူနာမည်လွဲတယ်၊ အကြောင်းအရာ လွဲတယ်။
အဲဒီဖြစ်ရပ်မှန်က နွေစပါးစီမံကိန်း အစပျိုးတဲ့ ၁၉၉၄ ဆီ နောက်ကြောင်းပြန်ရပါမယ်။
နဝတ စစ်အစိုးရလက်ထက်တုန်းက နွေစပါးစီမံကိန်းကို ၁၉၉၄ နွေရာသီမှာ စတင်ပါတယ်။ ဧရာဝတီတိုင်းက လယ်ယာ မြေတွေမှာ နွေစပါး မစိုက်မနေရ တင်းကျပ်တဲ့ စီမံကိန်း ချမှတ် လာပါတယ်။ အမိန့်မချမှတ်ခင် ဝါးခယ်မမြို့နယ်၊ ကျီးတော်ကွင်း ရွာက ကရင်လယ်သူမကြီးက ခါတိုင်းနှစ် စိုက်ပျိုးနေကျအတိုင်း မိုးစပါး ရိတ်သိမ်းခြွေလှေ့ပြီး တလင်းသိမ်းတာနဲ့ သူ့လယ်မြေမှာ ပဲတီစိမ်းပဲကို စိုက်ပါတယ်။ စိုက်ပျိုးလာတာ သုံးလနီးပါး ရှိပါပြီ။ ပဲတီစိမ်းတွေ ဝေေ၀ဆာဆာ သီးနေပါပြီ။ မကြာခင် လပိုင်းမှာ ဆွတ်ခူးရပါတော့မယ်။
“နွေစပါး မစိုက်မနေရ” တစ်ချက်လွှတ်စီမံကိန်း အမိန့်ကြီး က ဆိုင်းမဆင့်ဗုံမဆင့် ဆိုက်ရောက်လာပါတယ်။ လယ်သူမကြီး ကတော့ ဘာမှမဖြစ်လောက်ဘူး ထင်ပြီး သူ့ပဲခင်း ရင့်မှည့်အောင် စောင့်ဆိုင်းနေပါတယ်။
မြို့နယ်စိုက်ပျိုးရေးတာဝန်ခံတွေ ဆင်းလာကြတယ်။ ပဲ ခင်းကို ဖျက်သိမ်းပြီး စီမံကိန်းဝင် နွေစပါးစိုက်ပျိုးဖို့ လာရောက် ဆော်သြပါတယ်။ ရိုးလွန်းလှတဲ့ လယ်သူမကြီးက ဘာမှ မဖြစ် လောက်ဘူးဆိုပြီး လျစ်လျူရှုထားပါတယ်။ ပဲဆွတ်ပြီး လက်ဖျား ငွေသီးတော့မယ့် စိတ်ကူးယဉ်အိပ်မက်ကို လယ်သူမကြီး မက် ကောင်းနေဆဲပါ။ မကြာပါ။ လယ်ထွန်စက်ကြီး သူ့ပဲခင်းထဲ မောင်းဝင်လာပါတယ်။ ပဲခင်းကို နင်းခြေ ဖျက်ဆီးလိုက်တယ်။ လယ်သူမကြီး ငိုကြီးချက်မဖြစ်ပြီး ဝင်တားမိတယ်။ ပဲခင်းလည်း ပျက်စီး၊ လယ်သူမကြီးလည်း ဝတ္တရားနှောင့်ယှက်မှု၊ အာဏာဖီ ဆန်မှုနဲ့ ထောင်ခြောက်လ ကျသွားပါတယ်။
ဒီအချက်အလက်ကို ကျွန်တော် ဒေါ်အောင်ဆန်းစုကြည် သိရှိရအောင် စာရေးသားတင်ခြင်း ဖြစ်တယ်။ ဒါကို ဗိုလ်ကြီးဝင်း ထိန်က ရောသမမွှေပြီး ကိုကျော်သန်း (အမှန်က ကိုကံရှိန်) ရဲ့ ပဲ ခင်းဆိုပြီး သူသိသလိုလို ဘာလိုလို လုပ်ပြီး သူ့ရဲ့ “သံသရာတစ် ကွေ့” ထဲမှာ ဖြီးဖြန်းရေးသားချက်က တကယ့်ဖြစ်ရပ်နဲ့ တက် တက်စင်အောင် လွဲချော်နေပါတယ်။
တကယ်တော့ ဗိုလ်ကြီးဝင်းထိန် လယ်ယာကဏ္ဍ ဘာတစ် ခုမှ မသိပါ။ လေသံကြား ဖမ်းတရားနာခြင်းသာ ဖြစ်တယ်။
စာမျက်နှာ ၅၀၉၊ စာပိုဒ်ရေ ၆၊ စာကြောင်းရေ ၁။
“ဒါပေမဲ့ နဝတ အမိန့်နဲ့ ပဲခင်းတွေကို ဘူဒိုဇာနဲ့ ထိုးပစ် တယ်။ ပြီးရင် စပါးစိုက်ခိုင်းတယ်။ ရေမရပါဘူး။ နောက်ဆုံးတော့ ရေရအောင် ရေစုပ်စက်တွေ ငှားပြီး ရေပေးတဲ့အခါ ဒီဇယ်ဆီကို ကိုယ့်ဘာသာကိုယ် ဝယ်ရတယ်။ အဲဒီ စပါးတွေ မအောင်ပါဘူး စသဖြင့် လာပြောပြီး သူတို့လယ်တွေကို ဗီဒီယိုရိုက်ထားတဲ့ စီဒီ ကိုလည်း သူယူလာပြီး ပေးပါတယ်။ ကျွန်တော်က ဒီပြဿနာတွေ အားလုံး သိပြီးသားမို့ သူတို့ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ မပေးတော့ဘဲ သူတို့ပေးတဲ့ စာတွေကိုရော စီဒီကိုပါ ကျွန်တော့် ရုံးခန်းက စားပွဲအံဆွဲထဲမှာ သိမ်းထားလိုက်ပါတယ်”
ဒီစာပိုဒ်ပါ ဖြစ်ရပ်အစစ်အမှန်ကို ဇာတ်စုံ ရှင်းပြပါ့မယ်။
ဟင်္သာတမြို့နဲ့ လေးမိုင်အကွာက ပုဇွန်တောင်ရွာသား လယ်သမားကြီး ကိုကံရှိန်မှာ သားသမီးကိုးယောက် ရှိတယ်။ ဇနီး သည်က အိမ်မှာ ကုန်စုံဆိုင်လေး ဖွင့်ထားပါတယ်။ ကိုကံရှိန်က လယ်ယာဦးစီး စိုက်ပျိုးပါတယ်။ ဥယျာဉ်လုပ်ငန်းလည်း လုပ်ပါ တယ်။ အလုပ်ကို အားကြိုးမာန်တက် လုပ်ကိုင်တဲ့ အတန်အသင့် ချောင်လည်သူ လယ်သမားတစ်ယောက်ပါ။
၁၉၈၉။ ဒေါ်အောင်ဆန်းစုကြည် ထိန်းချုပ်ခံရပြီးတဲ့နောက် အဖမ်းအဆီးက ကြမ်းလှပါတယ်။ NLDတို့ရဲ့ လှုပ်ရှားမှု အတော်လေး တန့်သွားပါတယ်။ မြို့ပေါ်က မြို့နယ်ရုံးဆီ လာကြ သူတွေ နည်းပါးသွားတယ်။ နောက်ပိုင်း သော့ချည်း ခတ်ထားတာ ကို မြင်တွေ့နေရတဲ့ ကိုကံရှိန်ရဲ့ စိတ်မှာ အလိုမကျပါ။ တစ်ချိန် တည်းမှာပဲ သူ့ရွာက ရပ်ကျေးစည်းရုံးရေးက ကရင်အမျိုးသား ဖြစ်တယ်။ ခရစ်ယာန်သက်ဝင်သူလည်း ဖြစ်ပါတယ်။ သူ့အသင်း တော် ကရင်တို့က သူ့ကို ခရစ်တော်ရဲ့ အမှုတော်ကို ထမ်းဆောင် ဖို့ ပြောကြပါတယ်။ ဒါနဲ့ပဲ NLDရပ်ကျေးစည်းရုံးရေး ဆက် မလုပ်တော့ဘဲ ရပ်ဆိုင်းလိုက်တယ်။ NLDအသက်ဝင်မှု ကင်းမဲ့ သွားပါတယ်။
ကိုကံရှိန်ဆိုတဲ့သူက သူ့စိတ်ထဲရှိရင် မကွယ်မဝှက်တတ်ရုံ မကသေးပါ၊ ပြေပြစ်တဲ့ စကားလုံး သုံးနှုန်းလေ့မရှိပါ။ စကားကို ပိဿလေးဘေးပစ် ဒဲ့ပြော ဒဲ့လုပ်တတ်သူ ဖြစ်တယ်။
သူ မြို့ပေါ်ရောက်လာတယ်။ NLDမြို့နယ်ရုံးကို သော့ခတ် ပိတ်ထားတာကို သူ မကျေနပ်ကြောင်း၊ သူ့ရွာမှာ NLDစည်းရုံး ရေးမှူး မရှိတာကိုပါ သူ ခပ်ကြမ်းကြမ်း ဝေဖန်ပါတယ်။ ဒီအခါမှာ မြို့ပေါ်က ကိုကံရှိန်ကို ရွာစည်းရုံးရေးမှူး ဝင်လုပ်ပါလားလို့ ပြော လာပါတယ်။ ကိုကံရှိန် မငြင်းဆန်ပါ။
““လုပ်မယ်။ တစ်ခုတော့ ရှိတယ်။ မြို့နယ်ရုံးကို သော့ဖွင့်ပြီး ရုံးပြန်ဖွင့်ရင် ကျုပ် လုပ်မယ်””
စိန်ခေါ်ရင် ဘွာမခတ်တတ်တဲ့ ကိုကံရှိန်ရဲ့ ကြမ်းရှရှ စကား လုံးဖိအားကြောင့် ဟင်္သာတ NLDမြို့နယ်ရုံး အသက်ပြန်ဝင် လာပါတယ်။ လယ်အလုပ် ခပ်များများကို မိသားစုနဲ့ စာရင်းငှား ကို စီမံလွှဲထားတယ်။ စက်ဘီးစီးပြီး ရွာနဲ့ မြို့နယ် ကူသယ် ခေါက်သယ် သွားလာလှုပ်ရှားပါတယ်။
၁၉၉၄။ နွေစပါးမစိုက်မနေရကို ကိုကံရှိန် ဖိနင်းထားပါ တယ်။ ရုပ်သံသတင်း၊ ရေဒီယိုသတင်း၊ သတင်းစာ၊ သတင်းတွေ မှာက နိုင်ငံတော်ရဲ့ စေတနာထား ကူညီပံ့ပိုးမှုဖြင့် ရေစုပ်စက်တွေ နဲ့ မြစ်ချောင်းများထဲက ရေစုပ်တင်တယ်။ ပံ့ပိုးပစ္စည်း လုံလုံ လောက်လောက် ထောက်ကူပေးတယ်။ ရုပ်သံသတင်းမှာ ရေ လုံးကြီးတွေ စိုက်ခင်းလယ်မြေထဲ ဝေါခနဲ ဝေါခနဲ ထိုးကျလာ တယ်။ ရေပျော်ငါးလေးတို့တောင် စိုက်ခင်းတွေမှာ ကူးခတ် ပျော် မြူးနေပုံတွေ ရိုက်ပြထားတယ်။ တပ်မတော်အစိုးရရဲ့ အားပေး ထောက်ကူမှုကြောင့် လယ်သမားတို့ရဲ့ နွေစပါးစိုက်ပျိုးမှု စီမံကိန်း ကြီးက အထူးတလည် အောင်မြင်ပါတယ်။ လယ်သမားတို့မှာ နွေ စပါးကြောင့် လက်ဖျားငွေသီးကြတယ်။ တီဗီ၊ ကက်ဆက်တွေ ဝယ်နိုင်ကြတယ်။ အိမ်ခေါင်သွပ်မိုးတွေ တပြောင်ပြောင်နဲ့ အလှူ အတန်းတွေ ခြိမ့်ခြိမ့်သဲသဲပေါ့တဲ့။ နိုင်ငံတော်ရဲ့ သတင်းစာစောင် တွေ၊ ရေဒီယိုသတင်း၊ ရုပ်သံသတင်းတို့မှာ သောသောညံနေပါတယ်။
မစိုက်မနေရ နွေစပါးကို ကိုကံရှိန်တစ်ယောက် အာဏာ မဖီဆန်ဝံ့ပါ။ ငါးဧက စိုက်ပျိုးပါတယ်။ သူ့လယ်က မြစ်ချောင်းနဲ့ ဝေးလံချေတော့ လယ်မြေမှာ အဝီစိတွင်း တူးပြီး ရေစုပ်စက်ဖြင့် မောင်းနှင်စုပ်တင်ရပါတယ်။ နွေစပါးက ငါးရက်တစ်ကြိမ် ရေစုပ် တင်ရပါတယ်။ မျိုးစပါး ပိုသုံးရတယ်။ ဓာတ်မြေသြဇာ ပိုသုံးရ တယ်။ နောက်ဆုံး ရိတ်သိမ်းချိန်မှာ “မှန်းချက်နဲ့ နှမ်းထွက် မကိုက် ပါ”။ စပါးထွက် ညံ့ပါတယ်။ တစ်ဧကကို ငွေနှစ်သောင်း ရှုံးပါ တယ်။ ငါးဧကစိုက်တဲ့ ကိုကံရှိန် ငွေတစ်သိန်း ဆုံးရှုံးသွားပါတယ်။
ရေအလျှံပယ်ရတဲ့ စိုက်ခင်းတွေမှာ အမှန်တကယ်ပဲ အထွက်နှုန်း ကောင်းပါတယ်။ တစ်ဧကကို တင်း ၁၂၀ တောင် ထွက်ပါတယ်။ ဒါပေမဲ့ ရေအပြည့်အဝရတဲ့ စိုက်ခင်းက နည်းပါး လှတယ်။ နိုင်ငံတော်ရဲ့ စိုက်ပျိုးရေးဌာနက လိမ်ညာသတင်း ဖြန့် ကြတယ်။ နွေစပါးစိုက်ပျိုးမှု အထူးအောင်မြင်တယ်ဆိုပြီး အထက်ကို တင်ပြ၊ ပြည်တွင်းပြည်ပဆီ လိမ်ညာသတင်း ဖြန့်ကြ တယ်။ ဥပမာ-ဒီတစ်နှစ်က နွေစပါးစိုက်ပျိုးလယ်မြေဧက ၁၀၀ ရှိနေရင် အထူးအောင်မြင်တာကြောင့် လာမယ့်နှစ်မှာ နွေစပါး စိုက်မြေဧက တိုးမြှင့်လိုက်တယ်။ နှစ်ရာဆိုပြီး မြှင့်တင်လိုက်ပါ တယ်။ နောက်တစ်နှစ် ရောက်ပြန်ရင်လည်း ဒီလိုပဲ ထပ်လိမ်ကြ၊ ထပ်တင်ကြနဲ့ လယ်သမားတို့မှာ နွေစပါးစီမံကိန်းကြောင့် ငိုကြွေး ကြရပါတယ်။ ဒါက ဖြစ်ရပ်အမှန်ပါ။
ဒီဖြစ်ရပ်မှန်ကို ကိုကံရှိန် ရိုးရိုးပဲ တွေးတယ်။ ဒါဟာ နဝတ စစ်ခေါင်းဆောင်ကြီးတွေကို နိုင်ငံတော်စိုက်ပျိုးရေးဌာနက ဝိုင်း လိမ်နေကြတယ်။ ခေါင်းဆောင်ကြီးတွေ ဘာမှ မသိရှာလို့ တစ် နှစ်ထက်တစ်နှစ် စိုက်ဧက တိုးမြှင့်တာပဲ ဖြစ်ချေမယ်။ အစစ်အမှန် ရှုံးနိမ့်နေတာကို နဝတ စစ်ခေါင်းဆောင်တွေ သိရှိအောင် ကြိုး ပမ်းမှ ဖြစ်မယ်ဆိုပြီး လူဖြောင့်၊ လူမှန်ကြီး ကိုကံရှိန် ရိုးရိုးကြီး တွေးပါတယ်။
ကိုကံရှိန် သူ့စက်ဘီးလေးစီးပြီး မြို့တက် ဈေးဝယ်တယ်။ ဗီဒီယိုရိုက်ကူးတဲ့ သူငယ်လေးကို ရိုက်ကူးဖို့ ငွေ သုံးထောင် ပေး ပြီး ငှားလာတယ်။ ရိုက်ကူးရေးသမား ပုစွန်တောင်ရွာဆီ ရောက် လာတယ်။ ဗီဒီယိုမှတ်တမ်း ရိုက်ယူလိုက်တယ်။ ရေအလျှံပယ်ရ တဲ့ အောင်မြင်တဲ့ နွေစပါးစိုက်ခင်းကိုလည်း ရိုက်ပြလိုက်တယ်။ ရေမရလို့ ရေချို့ငဲ့ပြီး အဖျင်းတွေသာ ထွက်တဲ့ စိုက်ခင်းကိုလည်း ရိုက်ပြပါတယ်။
ရိုက်ပြီးတဲ့ ဗီဒီယိုတိပ်ခွေကို ရွာမှာ ရှိတဲ့ ကိုကံရှိန် ယောက်ဖ ရဲ့ ဗီဒီယိုရုံမှာ ရွာသားတွေ ခေါ်ပြပါတယ်။ နောက်တစ်နေ့မှာ…
““မိန်းမရေ၊ ငါ ပုသိမ်က ဘကြီးဆီ သွားလိုက်ဦးမယ်”” ဆို ပြီး အိမ်က ထွက်သွားပါတယ်။ အဲဒီညမှာပဲ ထောက်လှမ်းရေးတွေ သူ့အိမ်ကို ဝိုင်းလိုက်တယ်။ ကိုကံရှိန်နဲ့ နွေစပါးဗီဒီယိုတိပ်ခွေကို အသည်းအသန် ရှာဖွေကြတယ်။ ဘာမှ ရှာမတွေ့ပါ။ ကိုကံရှိန် ဘယ်မှာလဲမေးတော့ ကိုကံရှိန် ပုသိမ်က သူ့ဘကြီးဆီ သွားတယ် လို့ ကိုကံရှိန်မိန်းမက ဖွင့်ပြောလိုက်တယ်။ ထောက်လှမ်းရေးတို့ ပုသိမ်ဆီ မက်ဆေ့ချ်ရိုက်လိုက်တယ်။ ကိုကံရှိန် ဘကြီးအိမ်ကို ပုသိမ်ထောက်လှမ်းရေးတွေ ဝိုင်းပါလေရော။ ဒါပေမဲ့ ကိုကံရှိန် ကို ရှာမတွေ့ပါ။
ဘယ်တွေ့မှာလဲ။ ဘယ်ခြောက်ကာ ညာလှမ်းတဲ့ ကိုကံရှိန် ရန်ကုန်မှာ ရောက်နေပါတယ်။
ကြိုတင်တွေးထားတဲ့ ကိုကံရှိန်။ သူက ရန်ကုန်မြို့ရည် မလည်ပါ။ မြို့ရည်လည်တဲ့ ကိုဝင်းမောင်နဲ့ တွဲပြီး ရန်ကုန်တက်လာ ဖို့က ကိုဝင်းမောင်က ယူဂျီအမှုနဲ့ ငြိနေတယ်။ ရုတ်တရက် ရှောင် တိမ်းနေရတယ်။ အဲဒီတော့ အငြိမ်းစားယူထားတဲ့ ကျောင်းဆရာ လှထွန်းအောင်နဲ့ တွဲပြီး နှစ်ယောက်သား ရန်ကုန်ရောက်လာကြ တယ်။ ရိုက်ကူးထားတဲ့ နွေစပါးတိပ်ခွေ ပွားဖို့ စပယ်ဖူး ဦးတင်စိုး ဆီ ကိုလှထွန်းအောင် ခေါ်ဆောင်လာတယ်။ စပယ်ဖူး ဦးတင်စိုး ခွေကူးမပေးပါ။ ကိုကံရှိန်တို့ အခက်တွေ့နေတယ်။ ခွေကူးရေးကို ရပ်ထားပြီး မြို့ထဲက လက်နှိပ်စက်ရိုက်တဲ့ဆီ ဝင်လိုက်တယ်။ နဝတခေါင်းဆောင်တွေဆီ လိပ်မူခေါင်းစဉ်တပ်ပြီး လက်နှိပ်စက် ရိုက်လိုက်တယ်။
သို့
နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးအဖွဲ့ ခေါင်းဆောင်ကြီးများ-
နိုင်ငံတော်ရဲ့ သတင်းဂျာနယ်၊ စာစောင်တွေမှာ၊ ရုပ် သံ၊ ရေဒီယို အသံလွှင့်ဌာနတို့က ဝါဒဖြန့်ချိတဲ့ နွေစပါးသတင်းက လုံး၀ မမှန်ကန်ပါ။ နွေစပါး စိုက်ပျိုးမှုကြောင့် လယ်သမားတွေ အကြီးအကျယ် နစ်နာဆုံးရှုံးနေကြပါတယ် ခင်ဗျာ။
ယခု ကျွန်တော်တို့ပေးပို့တဲ့ ဗီဒီယိုမှတ်တမ်း တိပ်ခွေ ကို ကြည့်ရှုပြီး နိုင်ငံတော်ခေါင်းဆောင်ကြီးများ အဖြစ်မှန်ကို သိရှိစေလိုပါတယ် ခင်ဗျာ။
ပုံ
ကိုကံရှိန်
ကိုလှထွန်းအောင်
ဟင်္သာတမြို့။
လက်နှိပ်စက် ရိုက်နှိပ်ပြီး နှစ်ယောက်သား ဒေါ်အောင်ဆန်း စုကြည်ခြံဆီ ရောက်လာကြတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ခွင့်မရပါ။ ဗိုလ်ကြီးဝင်းထိန်က လက်ခံတွေ့ဆုံပါတယ်။ နှစ် ယောက်သား အကျိုးအကြောင်း ပြောပြလိုက်တယ်။ ဒီအခွေကို ပွားပေးဖို့ အကူအညီတောင်းပါတယ်။ တစ်ခွေကို ဒေါ်အောင်ဆန်း စုကြည်၊ တစ်ခွေကို ကုလသမဂ်္ဂ၊ တစ်ခွေကို နဝတ စစ်ခေါင်း ဆောင်တွေဆီ ပေးပို့ဖို့ အကူအညီတောင်းပါတယ်။
ဗိုလ်ကြီးဝင်းထိန်က အားလုံး သူကူညီပေးမယ်။ ပြန်ကြဆို ပြီး ပြန်ခိုင်းလိုက်ပါတယ်။ ကိုကံရှိန် မပြန်သေးပါ။ ဗားကရာ ကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ ဘကြီး ဘုန်းတော်ကြီး ကျောင်းဆီ သွားပါတယ်။ ကိုလှထွန်းအောင် ဟင်္သာတ ပြန်လာ ပါတယ်။ ဒေါ်စုခြံထဲက ထောက်လှမ်းရေး သတင်းပေးမှုကြောင့် ဟင်္သာတပြန်ရောက်တဲ့ ကိုလှထွန်းအောင်ကို ဖမ်းဆီးလိုက်ပါ တယ်။ ကိုလှထွန်းအောင်ကို စစ်ကြောမေးမြန်းတော့မှ ကိုကံရှိန် ရောက်ရှိနေတဲ့ဆီကို သိရှိသွားပါတယ်။ ရန်ကုန်ထောက်လှမ်းရေး ဆီ သတင်းပို့လိုက်တယ်။ ရန်ကုန်ထောက်လှမ်းရေးက ဗားကရာ ကျောင်းတိုက်ကို ဝိုင်းလိုက်တယ်။ ကိုကံရှိန်ကို ဖမ်းဆီးလိုက်တယ်။
လက်ထိပ်ခတ်ပြီး ဖမ်းဆီးခေါ်ဆောင်လာတဲ့ ကိုကံရှိန်ဟာ ဟင်္သာတအရောက်မှာ ထောက်လှမ်းရေးက ှ-၁ (ဗိုလ်ချုပ်ခင် ညွန့်)ရဲ့ နှုတ်မိန့်ကြောင့် ဆိုပြီး ကိုကံရှိန်ကို ပြန်လွှတ်ပါတယ် ကိုလှထွန်းအောင်လည်း လွတ်လာပါတယ်။ ဒါ့အပြင် ဖမ်းဆီး သိမ်းဆည်းထားတဲ့ ဗီဒီယိုပြစက်တွေ၊ အသံချဲ့စက်တွေကို ပြန် ပေး၊ ဗီဒီယိုရုံ ပြန်ဖွင့်ပေး။ အားလုံး ပြန်လည်လွတ်မြောက်လာကြ ပါတယ်။
ဒီလိုနဲ့ ၁၉၉၅ မေ ၂၃ ရက် ရောက်လာတယ်။
မိုးကျတော့မယ်။ မိုးစပါးစိုက်ပျိုးဖို့ ကိုကံရှိန် ပြင်ဆင်ရပါပြီ။ ပေါက်တူးကို ပခုံးမှာတင်၊ စက်ဘီးစီးပြီး လက်ယာမြေဆီ နင်း လာတယ်။ ပေါက်တူးနဲ့ တူးဆွနေတုန်း ဆိုင်ကယ်တစ်စီးနဲ့ လူနှစ် ယောက် ကိုကံရှိန်အနား မောင်းနှင်လာကြတယ်။
““ကိုကံရှိန်၊ ခဏလောက်ဗျာ။ မြို့က ကျွန်တော်တို့ ထောက်လှမ်းရေးရုံးဆီ ခေတ္တခဏလောက် လိုက်ခဲ့ပါ။ မေးစရာ လေးတွေ ရှိလို့ပါ။ ခဏဆို ပြန်ပို့မှာပါ””
““ဟုတ်ကဲ့”” ကိုကံရှိန် သူ့စက်ဘီးကို ခွလိုက်တယ်။
““သြော်၊ ကျွန်တော့်ဆိုင်ကယ်နဲ့ လိုက်ခဲ့ပါ။ စက်ဘီးကို ဟောဒီလူ ခင်ဗျားအိမ်ဆီ ပြန်ပို့ပါလိမ့်မယ်။ ဦးကံရှိန်၊ တက်””
ထောက်လှမ်းရေးစခန်း ရောက်သွားပါပြီ။ ကိုလှထွန်း အောင်ပါ ခေါ်လာပါပြီ။ နှစ်ယောက်သားကို လက်ထိပ်ခတ်ပြီး အစောင့်အကြပ်နဲ့ ရန်ကုန် အင်းစိန်ထောင် တိုက်ခန်းထဲ ထည့် ချုပ်ထားပါတယ်။
ကျွန်တော်တို့ကို ထောင်ချပြီး အခန်းတစ်ခန်းတည်းမှာ အတူထားလို့ ကိုကံရှိန်နဲ့ ကိုလှထွန်းအောင် ပြောပြလို့ သိရှိရတဲ့ အချက်တွေ ဖြစ်တယ်။ ဗိုလ်ကြီးဝင်းထိန် ရေးတယ်ဆိုတဲ့ “သံ သရာတစ်ကွေ့” ဆိုတဲ့ စာအုပ်ကြီးထဲကလို ကိုကံရှိန်ရဲ့ ပဲစိုက်ခင်း ကို လယ်ထွန်စက်ဖြင့် ဖျက်ဆီးတယ်ဆိုတာ လုံး၀ မဟုတ်ပါ။ ဗိုလ် ကြီးဝင်းထိန် ရေးသားချက် လွဲမှားနေပါတယ်။
ဗိုလ်ကြီးဝင်းထိန်ရဲ့ ငါသိတယ်၊ ငါတတ်တယ်၊ ငါလှုပ်ရှားမှု ရှိတယ်ဆိုပြီး ဟန်ရေးပြချက်က လူတကာ သူ့ကို အထင်ကြီးစေ ချင်၊ အသိအမှတ်ပြုစေချင်ပါတယ်။
ဆက်လက်ဖော်ပြပါမည်။