ကျော်ဇေယျ
ဖေဖော်ဝါရီ-၈
သံတွဲမြို့ရှိ အများပြည်သူပိုင် စားကျက်မြေတွေကို စစ်အစိုးရလက်ထက် ယင်းမြို့ကိုအုပ်ချုပ်ခဲ့တဲ့ ဗိုလ်မှူးတွေက အမည် ဖောက်ရယူထားတဲ့အတွက် ဒေသခံတွေရဲ့နစ်နာမှုကို ယနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ဆွေးနွေး ကြရာ လာရောက်ဖြေကြားတဲ့ ဒုတိယဝန်ကြီးက အတိအကျအဖြေမပေးနိုင်ခဲ့တဲ့အတွက် စာနဲ့ရေးသားထပ်မံဖြေကြားဖို့ လွှတ်တော်ဥက္ကဌက ကြားဝင်ညှိနှိုင်းပေးခဲ့ပါတယ်။
၁၉၉၄ မှာ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီအဖွဲ့ဝင်တွေက သံတွဲမြို့၊ အံတော် ရပ်ကွက်မှာရှိတဲ့ ဒေသခံတွေရဲ့ စားကျက်မြေ ဧက ၁၅၀ လောက်ကို ရာဘာစံပြစိုက်ခင်းအဖြစ်ပြောင်းလဲခဲ့ပြီး ယခုအခါ ယင်းမြေနေရာတွေမှာ သူတို့ဦးပိုင်အမည်တွေနဲ့ ပိုင်ဆိုင်မှုပြောင်းလဲထားသလို အခြားပုဂ္ဂလိက လုပ်ငန်းရှင်တွေကိုလည်း မြေရောင်းစားတာတွေ ဖြစ်နေတဲ့အတွက် ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၁၂)က ကိုယ်စားလှယ်ဖြစ်သူ ဦးစိုးဝင်းက လွှတ်တော်အစည်းအဝေးမှာ ဒီအကြောင်းကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
ဒေသခံတွေဟာ သူတို့စားကျက်မြေကို ရာဘာစိုက်ကွင်းအတင်းပြောင်း၊ သစ်ပင်တွေကို လုပ်အားပေး စိုက်ခိုင်းကတည်းက ကျေနပ်မှုမရှိကြဘဲ နိုင်ငံတော်စီမံကိန်းဆိုတဲ့အတွက်သာ လုပ်ပေးခဲ့ကြတာဖြစ်ပြီး ထိုမြေတွေဟာ “ ကျွဲတွေ၊နွားတွေ စား သောက်ပျော်ပါးဖို့ သီးသန့်ထားတဲ့နေရာ” လို့ ဦးစိုးဝင်းက လွှတ်တော်မှာ ဆွေးနွေးပါတယ်။
ထိုမေးမြန်းချက်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြောကြားချက်တွေနဲ့ပေါင်းစပ်ကာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီးဦးတင်မြင့်က ဖြေကြားရာမှာ “ ၁၉၉၇ မှာ ပြည်နယ်အစိုးရဆုံးဖြတ်ချက်နဲ့ စားကျက်မြေကို ပယ်ဖျက် ခွင့်ပြုလိုက်တယ်လို့ ပြောပါတယ်။ စားကျက်မြေ ပယ်ဖျက်ခွင့်ပြုပြီးတော့ ဗိုလ်မှူးကြီးခင်မောင်သန်းနှင့် ဗိုလ်မှူးတင်ဆန်း တို့ကို လုပ်ပိုင်ခွင့်ချထားပေးလိုက်တယ်လို့လည်း ပြောပါတယ် ” လို့ လွှတ်တော်ကို ရှင်းပြပါတယ်။
ဒါ့အပြင် ယင်းအံတော် ရပ်ကွက်ရှိ ထိုပုဂ္ဂိုလ်များ အမည်ပေါက်ရယူသွားသည့် စားကျက်မြေယာများဟာ ဥပဒေနဲ့အညီ ရယူ သွားခဲ့တဲ့အတွက် ပြန်လည်ပေးဖို့ မဖြစ်နိုင်ဘူးလို့ သူက ဆက်ပြောပါတယ်။
ထ့ိုနောက် ဦးစိုးဝင်းက စားကျက်မြေများ လူပုဂ္ဂိုလ်အမည်ပေါက် ရယူထားမှုနှင့် ပတ်သက်ပြီး “ စံပြရာဘာစိုက်ပျိုးကွင်း ဖြစ်ပြီးတဲ့အခါမှ ဗိုလ်မှူးတင်ဆန်းနဲ့ ဗိုလ်မှူးကြီးခင်မောင်သန်းတို့က ဦးပိုင်တွေဖောက်ယူခဲ့တာလားဆိုတာကို ရှင်းရှင်း လင်းလင်းလေး ဖြေကြားပေးစေလိုပါတယ်ခင်ဗျ” ဟု ထပ်ဆင့်မေးခွန်း မေးမြန်းခဲ့ပါတယ်။
ထိုအခါ ထပ်ဆင့်ဖြေကြားပေးတဲ့ ဒုတိယဝန်ကြီးဦးတင်မြင့်ဖြေကြားချက်တွေဟာ လိုရင်းမရောက်တဲ့အတွက် အမျိုးသား လွှတ်တော်ဥက္ကဌဦးမန်းဝင်းခိုင်သန်းက “ ဒုတိယဝန်ကြီး၊ တစ်ခုလေးပါ။ သူမေးတာက ရာဘာစိုက်ကွင်းအတွက် ခွင့်ပြု ထားလိုက်တယ်။ နောက်တော့ ဗိုလ်မှူးကြီးခင်မောင်သန်း၊ ဗိုလ်မှူးကြီးတင်ဆန်းအမည်တွေပြောင်းလိုက်တယ်။ ဒါကို တိတိကျကျသိရမယ်ပေါ့။ မသိရင် ပြန်မေးလိုက်။ ဒါက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့လုပ်ဆောင်ချက်မှာ ရှိမှာပေါ့လေ။ မသိသေးဘူးဆိုရင်လည်း တိတိကျကျသိအောင် ပြန်လုပ်ပေးပါ။ သူက တိတိကျကျသိချင်တာ” လို့ ကြားဝင်စေ့စပ်ပြီး နောက်ပိုင်း ဒီကိစ္စကို စာဖြင့် ဖြေကြားပေးရန်ညွှန်ကြားကာ အစည်းအဝေးကို ရှေ့ဆက်ခဲ့ပါတယ်။
#mawkun #magazine #chronicle