ရန်ကုန်-၂၀၂၃ စက်တင်ဘာ ၁၅ (မော်ကွန်း)
အာဏာသိမ်းစစ်ကောင်စီရဲ့ ဘဏ္ဍာငွေအထောက်အပံ့၊ ငွေကြေးစီးဆင်းမှု၊ လေယာဉ်ဆီအပါအဝင် လက်နက်ဝယ်ယူတဲ့ကိစ္စတွေမှာ ဗဟိုဘဏ်ဝန်ထန်းတွေဟာ အဓိကကြံရာပါတွေဖြစ်တယ်ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဗဟိုဘဏ်ဝန်ထမ်း ၄၄ ဦးကို အကြမ်းဖက်သမားတွေအဖြစ်မနေ့က ကြေညာလိုက်ပါတယ်။
NUG ရဲ့ကြေညာချက်အရ ဗဟိုဘဏ်ဥက္ကဌကစပြီး ဝန်ထမ်းတွေဟာ ပြည်တွင်းကုန်ဈေးနှုန်း တည်ငြိမ်ဖို့ ငွေကြေးမူဝါဒချမှတ်အကောင်အထည်ဖော်မှုမရှိခြင်း၊ ကျပ်ငွေအမြောက်အများရိုက်ထုတ်ပြီး စစ်ကောင်စီအတွက် အဓိကငွေကြေးဒေါက်တိုင်တွေအဖြစ်ဆောင်ရွက်ခြင်းနဲ့ အဲဒီအကျိုးဆက်တွေကြောင့် ငွေကြေးအဆမတန်ဖောင်းပွပြီး ပြည်သူတွေကုန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်ခံစားရတယ်လို့ ဆိုပါတယ်။
အဲဒီ့အပြင် နိုင်ငံခြားငွေကြေးဈေးကွက်ကို စစ်ကောင်စီအလိုကျ ဆောင်ရွက်ခွင့်ပြုတာကြောင့် နိုင်ငံခြားငွေလဲနှုန်းမတည်မငြိမ်ဖြစ်ပြီး မြန်မာကျပ်ငွေတန်ဖိုး အဆမတန်ကျဆင်းကာ အခြေခံလူသုံးကုန်၊ ဆေးဝါးအပါအဝင် ကုန်ပစ္စည်းတွေ ရှားပါးပြတ်လပ်တာ၊ နိုင်ငံရဲ့နိုင်ငံခြားသုံးသီးသန့်ငွေတွေကို စစ်ကောင်စီအတွက် လေယာဉ်ဆီအပါအဝင် လူအများအပြားသေစေနိုင်တဲ့ လက်နက်ဝယ်ယူရာမှာအသုံးပြုတာတွေကြောင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ အခန်း ၁၄ ပါ ပြဌာန်းချက်တွေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အကြမ်းဖက်သမားအဖြစ်ကြေညာခံရသူတွေထဲမှာ ဗဟိုဘဏ်ဥက္ကဌ ဒေါ်သန်းသန်းဆွေနဲ့ ဒုဥက္ကဌ နှစ်ဦးဖြစ်တဲ့ ဦးဇော်မြင့်နိုင်၊ ဒေါက်တာလင်းအောင်တို့အပါအဝင် ညွှန်ကြားရေးမှူးချုပ်အဆင့်ကနေ ညွှန်ကြားရေးမှူးအဆင့်အထိ ၄၄ ဦးပါဝင်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီကတော့ ပြည်တွင်းကုန်ဈေးနှုန်းကျဆင်းရေးအတွက် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေ၊ နိုင်ငံခြားငွေအရောင်းအဝယ်လုပ်သူတွေကို ဆက်တိုက်ဖမ်းဆီးအရေးယူတာတွေဆောင်ရွက်နေပေမယ့် ကုန်ဈေးနှုန်းနဲ့ ဒေါ်လာဈေးကျဆင်းမသွားပါဘူး။
ပုံစာ-ဗဟိုဘဏ်ဥက္ကဌနှင့်ရွှေငွေဈေးကွက်စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေးကော်မတီအစည်းအဝေးပြုလုပ်နေစဉ်
ဓာတ်ပုံ-CBM
#Dailynews

