ဗန်းမော်-၂၀၂၄ ဇူလိုင် ၅ (မော်ကွန်း)
မြစ်ရေဝင်ရောက်နေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဧရာဝတီမြစ်ရေဟာ ဒီနေ့အထိ စိုးရိမ်ရေမှတ်အထက်မှာ ဆက်ရှိနေလို့ မြို့ပေါ်ရပ်ကွက်တချို့ရေနစ်မြုပ်နေဆဲဖြစ်ပြီး ကူညီကယ်ဆယ်ရေးတွေဆက်လုပ်နေရတယ်လို့ လူမှုကူညီရေးအသင်းတွေကပြောပါတယ်။
“ရေကတော့ အန္တရာယ်ရေမှတ်ရဲ့ အထက်မှာ တန့်နေတယ်ဗျ။ မြို့အနေနဲ့ဆိုရင်တော့ ဧရာဝတီမြစ်ရဲ့ ဟိုဘက်ဘေး၊ ဒီဘက်ဘေးပေါ့။ မြစ်ကမ်းနားတွေ၊ အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ခွန်သာ၊ မြေနု၊ ရပ်ကွက်ရဲ့ အနိမ့်ပိုင်းတွေမှာ ရေဝင်နေတာ။ ခွန်သာ၊ တပ်ကလေးဘက်မှာဆို တချို့ကအိမ်တွေတောင် ခေါင်မိုးတွေမြုပ်သွားတယ်။ တချို့ကတော့ တစ်ထပ်လောက်မြုပ်သွားတာရှိတော့ ၁၅ ပေလောက်ဝင်နေတာပေါ့၊ တစ်နေရာနဲ့ တစ်နေရာတော့ မတူနိုင်ပါဘူး” လို့မြို့ပေါ်မှာ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ သုညသုခ ပရဟိတ လူငယ်အသင်း တာဝန်ရှိသူက မော်ကွန်းကိုပြောပါတယ်။
လက်ရှိအချိန်မှာတော့ ရေဝင်တဲ့နေရာတွေက ဒေသခံတွေကို ရေဘေးလွတ်ရာ နေရာတွေကို ရွှေ့ပြောင်းထားတယ်လို့ သူကဆိုပါတယ်။ အဲဒီအပြင် ရေဘေးရှောင်တွေအတွက် ကူညီထောက်ပံ့တဲ့အဖွဲ့အစည်းတွေရှိပေမယ့် အရေးပေါ်စားနပ်ရိက္ခာနဲ့ ရေတွေလည်း လိုအပ်နေဆဲဖြစ်တယ်လို့ သူကပြောပါတယ်။
“အများစုကတော့ မြစ်ကြီးနားရေတက်နေပြီဆိုကတည်းက ဒီဘက်မှာလည်းဆော်ဩနေတော့ ပထမရက်ပိုင်းတွေကနေ ကားတွေဆိုင်ကယ်တွေနဲ့ ရေလွတ်ရာရွှေ့ပြောင်းပြင်ဆင်နေတာတွေလည်း ရှိပါတယ်။ ဒီနေ့ကတော့ ကယ်ဆယ်ရေးဆိုတာထက် ထောက်ပံ့ရေးပစ္စည်းတွေသယ်ပေးနေတာ။ စားသောက်စရာနဲ့ တစ်ကိုယ်ရေသုံးပစ္စည်းတွေ ထောက်ပံ့ပေးတဲ့အဖွဲ့အစည်းတွေဆီကနေ သွားသယ်ပေးနေရတာခင်ဗျ” လို့ သုညသုခ ပရဟိတလူငယ်အသင်း တာဝန်ရှိသူက ပြောပါတယ်။
ဗန်းမော်မြို့ပေါ် မြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးရှောင်နေရတဲ့ ဒေသခံဦးရေ တစ်ထောင်ကျော်ရှိပါတယ်။
လက်ရှိအချိန်မှာတော့ ရေဘေးရှောင်နေရတဲ့ ဒေသခံတွေဟာ မြို့ပေါ်က ကယ်ဆယ်ရေးစခန်းသုံးခုနဲ့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေမှာလည်း ရှောင်နေကြတယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောကြပါတယ်။
ဧရာဝတီမြစ်ရေဟာ ဗန်းမော်မြို့ပေါ်ကို အခုလ ၂ ရက်က စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ စိုးရိမ်ရေမှတ်အထက် လေးပေကျော်လွန်နေသလို နောက်ရက်မှာလည်း ခြောက်လက်မဝန်းကျင် ရေဆက်တက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီနေ့ထုတ်ပြန်ထားပါတယ်။
အဲဒီအပြင် ဧရာဝတီမြစ်ရေဟာဆက်လက်မြင့်တက်လာနိုင်လို့ ဗန်းမော်၊ ရွှေကူ၊ ကသာစတဲ့မြို့တွေက မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေသူတွေအနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ သတိပေးထုတ်ပြန်ထားပါတယ်။
ပုံစာ-မြစ်ရေဝင်ရောက်နေတဲ့ ဗန်းမော်မြို့ မြင်ကွင်းများ။
ဓာတ်ပုံ-သုညသုခ ပရဟိတလူငယ်အသင်း။

