ရန်ကုန်- ၂၀၂၄ ဒီဇင်ဘာ ၅ (မော်ကွန်း)
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ဗန်းမော်မြို့ကို ဝင်ရောက်တိုက်ခိုက်နေတဲ့ မြို့သိမ်းတိုက်ပွဲဟာ နှစ်ရက်ဆက်တိုက် ဆက်လက်ပြင်းထန်နေပြီး မြို့တွင်းမှာလည်း လူဦးရေထောင်နဲ့ချီပိတ်မိနေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
မနေ့က မနက်အစောပိုင်းကစပြီး ကချင်ပြည်နယ်က ဗျူဟာမြောကေအချက်အခြာကျတဲ့ ဗန်းမော်မြို့က စစ်ကောင်စီ တပ်စခန်းတွေကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီနေ့ထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။
KIA ထိုးစစ်ဟာ နှစ်ရက်အတွင်းမှာပဲ ဗန်းမော်မြို့ပေါ်ထိ ရောက်ရှိလာကာ ဗန်းမော်မြို့ သုံးမိုင်ရပ်ကွက်ထဲထိ နှစ်ဖက် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီကလည်း လေကြောင်းကနေ ပစ်ခတ်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့် မြို့ပေါ်က နေအိမ်၊ ဆိုင်ခန်းနဲ့ အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။
“ မြို့လယ်က ရဲစခန်းနဲ့ မီးသတ်စခန်းမှာ အထိုင်ချထားတဲ့စစ်သားတွေ ဆုတ်သွားကြပြီလို့သိရတယ်။ ဒါဆို မြို့ထဲအထိ KIA ရောက်နေပြီဆိုတဲ့ သဘောပေါ့။ မနေ့တုန်းက မြို့ဆင်ခြေဖုံးတိုက်ပွဲတွေကနေ ဒီနေ့ မြို့လယ်အထိ သူတို့ ထိန်းလာတာမျိုးပေါ့” လို့ ဗန်းမော်မြို့ခံတစ်ဦးက ပြောပါတယ်။
ဗန်းမော်မြို့ကို ပိတ်ဆို့ကာဆီးထားတဲ့ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်စခန်းကြီးတွေကို KIA က သိမ်းထားနိုင်ပြီး အဲဒီလမ်းကြောင်းတွေကတစ်ဆင့် မြို့ခံတွေကို စစ်ဘေးရှောင်ဖို့ ထွက်ခွင့်ပေးနေတယ်လို့ သူက ပြောပြပါတယ်။
“ စင်းခန်း တံတားဘက်ကို သွားလို့ရတဲ့ ဗန်းမော်-မန္တလေးလမ်းပိုင်းပေါ့။ အဲဒီလမ်းကနေ ကုန်းလမ်းကြောင်း တစ်ခု စစ်ရှောင်ဖို့ထပ်ဖွင့်ပေးတယ်။ မနေ့တုန်းက ရေလမ်းကြောင်းဖွင့်ပေးတာ။ ဒီနေ့က အဲဒီလမ်းကြောင်းက စစ်ကောင်စီတပ်တွေကို ရှင်းလိုက်နိုင်လို့ထပ်ဖွင့်ပေးတာ” လို့ ဗန်းမော်မြို့ခံက ပြောပါတယ်။
အဲဒီလမ်းကတစ်ဆင့် ဧရာဝတီမြစ်ကူးတံတား(စင်းခန်း) ကို ဖြတ်ကာ ကသာ၊ ရွှေဘို၊ မုံရွာ၊ မန္တလေး နဲ့ မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနားအထိ စစ်ရှောင်တွေ သွားလို့ ရနိုင်တယ်လို့ သူကပြောပြပါတယ်။
စစ်ကောင်စီဘက်ကလည်း ဗန်းမော်မြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အရပ်သားသေဆုံးမှုတွေရှိနေတယ်လို့ လူမှုကွန်ယက်တွေမှာ ရေးသားနေကြပေမယ့် နှစ်ဘက်တိုက်နေကြတဲ့အဖွဲ့တွေကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ဒေသတွင်းမီဒီယာတချို့ကတော့ ဒီနေ့အထိ ဗန်းမော်မှာပိတ်မိနေတဲ့အရပ်သား ထောင်ချီရှိနေသေးတယ်လို့ ဖော်ပြနေကြပါတယ်။
KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ မနေ့ကစပြီး ဗန်းမော်နဲ့ မံစီမြို့အကြားမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်ရင်း ခြောက်ရင်းနဲ့ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို တစ်ပြိုင်နက်ထိုးစစ်ဆင်ပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲစခဲ့တဲ့ မနေ့ကတစ်ရက်တည်းမှာပဲ ဒီစစ်ကောင်စီတပ်ရင်းတွေရဲ့ ကာကင်းစခန်းငယ်ခုနစ်ခုထိ KIA တပ်တွေ ရှင်းလင်း နိုင်ခဲ့သလို တယ်လို့လည်း ဒေသတွင်းသတင်းတချို့က ဖော်ပြနေပါတယ်။
ကချင်ပြည်နယ်ရဲ့ တောင်ဘက်ပိုင်းမှာတည်ရှိပြီး တရုတ်နိုင်ငံနယ်စပ်နဲ့လည်း နီးကပ်နေတဲ့ ဗန်းမော်မြို့ဟာ ဒေသတွင်း ကုန်သွယ်ရေး၊ ခရီးသွားလာရေးမှာ အချက်အခြာကျတဲ့ ဒေသတစ်ခုပါ။
ဒီနှစ် မတ်လဆန်းပိုင်းကစပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ် လိုင်ဇာကို ခြိမ်းခြောက်နေတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက်ပြီး ကချင်ပြည်နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေကို ရှင်းလင်းဖို့အတွက် KIA ရဲ့ ထိုးစစ် စတင်ခဲ့တာပါ။
ဒီထိုးစစ်ကာလ ကိုးလတာအတွင်းမှာပဲ တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့တွေဖြစ်တဲ့ လွယ်ဂျယ်၊ ပန်ဝါ၊ ကန်ပိုက်တီးမြို့တွေအပါအဝင် ကချင်အထူးဒေသ (၁) တစ်ခုလုံးကို သိမ်းယူနိုင်ပြီး စစ်ကောင်စီတပ်စခန်း ရာနဲ့ချီပြီး KIA နဲ့ မဟာမိတ်တွေက သိမ်းထားတာပါ။
လက်ရှိမှာဆိုရင်လည်း တိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမော်ကနေ မြစ်ကြီးနားမြို့ တစ်ဖက်ကမ်းက ဝိုင်းမော်မြို့အထိ ကားလမ်းမတစ်လျှောက် KIA က စိုးမိုးထားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်းမှာစတင်ခဲ့တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်တွေရဲ့ ‘၁၀၂၇-စစ်ဆင်ရေး’ ဟာ လက်ရှိမှာ တရုတ်နိုင်ငံရဲ့ဖိအားကြောင့် တန့်သွားပေမယ့် KIA ကတော့ သူတို့ရဲ့ စစ်ရေးရည်မှန်းချက်အတိုင်း ဆက်လက်တိုက်ခိုက်နေတာပါ။
လက်ရှိမှာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဗန်းမော်၊ မိုးမောက်၊ မံစီ စတဲ့မြို့တွေအပြင် စစ်ကိုင်းတိုင်းနဲ့ ကချင် ပြည်နယ်အစပ်က ဒေသတွေမှာလည်း စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
ပုံစာ – ဗန်းမော်မြို့အဝင်
ဓါတ်ပုံ – KNG

