ကျော်ဇေယျ
ရန်ကုန်၊ ဖဖော်ဝါရီ – ၁၉

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီကို ပြည်ထောင်စုလွှတ်တော်မှာ ယနေ့မဲခွဲဆုံးဖြတ်ကာ ဖွဲ့စည်းလိုက်ပြီဖြစ်ပါတယ်။ ကြံ့ခိုင်ရေးပါတီနဲ့ တပ်မတော်တို့က သဘောမတူတာကြောင့် မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူ ၃၈၉ ၊ ကန့်ကွက်သူ ၁၉၂ နဲ့ ကြားနေ သုံးဦးနဲ့အတည်ပြုနိုင်ခဲ့တာပါ။
ဒီကော်မတီဟာ နောက်ငါးလအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာအစီရင်ခံစာတစ်စောင် ပြည်ထောင်စု လွှတ်တော်ကိုတင်သွင်းရမှာဖြစ်ပြီး ဥပဒေပြင်ဆင်ရေးအတွက်ဥပဒေကြမ်းတစ်စောင်ကိုလည်း တင်ပြရမှာ ဖြစ်ပါတယ်။
အစီရင်ခံစာကို ဇူလိုင် ၁၇ မတိုင်မီ တင်သွင်းရမှာဖြစ်ပြီး ၎င်းကော်မတီရဲ့သတ်တမ်းကိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းတင်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက်ပြီးချိန်အထိလို့ ကော်မတီဖွဲ့စည်းရေး အမိန့်ကြေညာစာမှာ ဖော်ပြထားပါတယ်။
ကော်မတီရဲ့ဆွေးနွေးမှုတွေကိုလည်း ပြည်ထောင်စုလွှတ်တော်သို့ မတင်သွင်းမီအချိန်အထိ လျှို့ဝှက်အဆင့် သတ်မှတ်ထိန်းသိမ်းရမယ်လို့ သတ်မှတ်ထားပါတယ်။
ကော်မတီအစည်းအဝေးတွေမှာ အဆုံးအဖြတ်ရယူရမယ့် အကြောင်းအရာတစ်ရပ်ကို အစည်းအဝေးတက်ရောက်တဲ့ ကော်မတီဝင်တွေရဲ့ ဆန္ဒမဲအများနဲ့ဆုံးဖြတ်ရမယ်လို့ သတ်မှတ်ပြီး သဘောကွဲလွဲချက်တွေရှိရင် ထိုသဘောကွဲလွဲချက်ကို ဖော်ပြလက်မှတ်ရေးထိုးပြီး အစီရင်ခံစာ တင်သွင်းတဲ့အခါ ပူးတွဲပေးပို့ရမယ်လို့ သတ်မှတ်လိုက်ပါတယ်။
လွှတ်တော်ရှိ အစုအဖွဲ့အားလုံးကို ကိုယ်စားပြုပါဝင်နိုင်အောင် ဖွဲ့စည်းထားတယ်လို့ ကော်မတီရဲ့ဥက္ကဌ၊ ပြည်ထောင်စုလွှတ်တော်ဒုတိယ နာယကဖြစ်သူ ဦးထွန်းထွန်းဟိန်က ဒီကနေ့ ရှင်းလင်းပြောပါတယ်။
ကိုယ်စားလှယ် ၄၅ ဦးနဲ့ ဖွဲ့စည်းသွားမယ့် ဒီကော်မတီမှာ ဥက္ကဌနဲ့အတွင်းရေးမှူးနေရာတွေကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ကိုယ်စားလှယ်တွေနဲ့သတ်မှတ်ထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ တအာန်း-ပလောင် အမျိုးသားပါတီ၊ ဇိုမီးဒီမိုကရေစီအအဖွဲ့ချုပ်၊ ပအိုဝ်အမျိုးသားအဖွဲ့ချုပ်၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ။ ကိုးကန့်ဒီမိုကရေစီနှင့်ညီညွှတ်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွှတ် ရေးပါတီ၊ မွန်အမျိုးသားပါတီ၊ ‘ဝ’ ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားညီညွှတ်သောဒီမိုကရက်တစ်ပါတီနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေရဲ့အမည်စာရင်းတွေကို တင်သွင်းထားပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့တို့ကတော့ အမည်စာရင်း ပေးပို့လာတာမရှိသေးဘူးလို့ ပူးပေါင်းကော်မတီဥက္ကဌက ရှင်းပြပါတယ်။
ဓာတ်ပုံ-ပြည်ထောင်စုလွှတ်တော် ဝက်ဆိုက်
#mawkun #magazine #chronicle #dailynews