ဂေထော
ရန်ကုန်၊ ၂၀၂၀ ဇူလိုင် ၈ (မော်ကွန်း)
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာအနီးရှိ ကျောက်မျက်လုပ်ကွက်၌ မြေပြိုကျမှုနှင့်ပတ်သက်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဇူလိုင် ၇ ရက် ညနေပိုင်းကစတင်ရပ်နားလိုက်ကြောင်း ဖားကန့်မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးပြေငြိမ်းက မော်ကွန်းသို့ပြောသည်။
“ရေထဲကျတဲ့အခါ ပထမ စစချင်းတော့ ကျွန်တော်တို့က တွေ့တဲ့အခါ ရှာဖွေကယ်ဆယ်ရေးတွေလုပ်တယ်။ အဲဒီမှာက သုံးရက်လောက်နေရင် ပုပ်မယ်ဆိုပေါ်တယ်။ အခုဟာ လောလောဆယ်က အခုလိုပုပ်ပြီး ပေါ်တဲ့ဟာက မရှိတော့တဲ့အတွက် မြေကြီးတွေပိပြီး အောက်မှာဖြစ်တာလည်းရှိနိုင်သလို ဒါမှမဟုတ်ရင်လည်း မရှိတော့လို့ပဲ မပေါ်တာလား၊ အနေအထား အဲဒီလိုရှိလို့ ကျွန်တော်တို့က ရပ်နားလိုက်တာပါ”ဟု ဦးပြေငြိမ်းက ပြောသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့များနည်းတူ အခြားသော ပရဟိတကယ်ဆယ်ရေးအဖွဲ့များလည်း ရပ်နားလိုက်ကာ အရန်မီးသတ်တပ်ဖွဲ့ကိုတော့ တာဝန်ပေးထားပြီး အကယ်၍ နွံထဲနစ်မြုပ်သည့် အလောင်းများပြန်တွေ့ခဲ့လျှင် အဖွဲ့များချိတ်ဆက်ကာ ကယ်ဆယ်မှုများပြန်လုပ်မည်ဖြစ်ကြောင်းသူက ရှင်းပြသည်။
ဇူလိုင် ၆ ရက်အထိစာရင်များအရ မြေပြိုမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၁၇၄ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၅၄ ဦးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး၌ လူပျောက်စာရင်းပေးထားသူ ၂၁ ဦးရှိကြောင်း သူက ဆိုသည်။
မြေပြိုမှုနှင့်ပတ်သက်ပြီး “လုံးခင်း၊ ဖားကန့်ရတနာနယ်မြေအတွင်း မြေပြိုကျမှုဖြစ်စဉ်နှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့”ကို ဇူလိုင် ၃ ရက်က နိုင်ငံတော်သမ္မတရုံးမှ အမိန့်ကြော်ငြာစာအမှတ် ၈၄/၂၀၂၀ ဖြစ် ထုတ်ပြန်ခဲ့သည်။
ဇူလိုင် ၃ ရက်တွင် လုံခြုံရေးဆိုင်ရာ အဓိကတာဝန်ရှိသည့် တပ်မှူးတစ်ဦးအားလည်းကောင်း၊ ကချင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီးအားလည်းကောင်း မူလစစ်ဘက်တာဝန်များအား ပြန်လည်ထမ်းဆောင်စေခဲ့သည်ဟု ဇူလိုင် ၆ ရက်တွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေနှင့် မြေပြိုမှုကြောင့် ဒဏ်ရာရသူများကို တစ်ဦးလျှင် ငွေကျပ်နှစ်သိန်း၊ သေဆုံးသူများ၏ ကျန်ရစ်သူမိသားစုဝင်များကို ငွေကျပ်ငါးသိန်း၊ စုစုပေါင်း ငွေကျပ် ၉၆၈ သိန်းကိုထောက်ပံ့ပေးခဲ့သည်။
ဇူလိုင် ၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဖားကန့်၊ ဝှေခါ မြေပြိုမှု။
ဓါတ်ပုံ – ဇော်မိုးထက် (ဖားကန့်)
#Dailynews