စီဇံမျိုးကျော်
မေ ၂၄
ဖမ်းဆီးရမိထားသော တရားမဝင်ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာများကို နေပြည်တော်ရှိ ကျောက်မျက် သိုလှောင်ရုံနှစ်ခုနှင့် ကျောက်မျက်ရတနာပြတိုက်ရှိ မီးလုံအာမခံခန်းတွင် ထိန်းသိမ်းထားပြီး ကျောက်မျက်ပြပွဲများတွင် ပြသရောင်းချလျက်ရှိသည်ဟု သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေက ပြောသည်။
ယနေ့ ကျင်းပခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် စေတုတ္တရာမဲဆန္ဒနယ်မှ လွတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်မေးမြန်းသည့် တရားမဝင်ခိုးထုတ်သယ်ယူမှုများမှ ဖမ်းမိသောကျောက်မျက်များကို မည်ကဲ့သို့ စီမံခန့်ခွဲသည်ကို သိလိုသည်ဆိုသည့်မေးခွန်းကို ဒုဝန်ကြီးကယခု လိုဖြေကြားခြင်းဖြစ်သည်။
ဖမ်းဆီးရမိသော ကျောက်မျက်များကို နေပြည်တော် ၊ ဒက္ခိဏသီရိ မြို့နယ် တွင်ရှိ သည့် သိုလှောင်ရုံ(၁)၊(၂)နှင့် နေပြည်တော် ကျောက်မျက်ရတနာ ပြတိုက်၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းရှိ မီးလုံအာမခံခန်း ထဲတွင် သက်ဆိုင်ရာအမှုတွဲလိုက် သီးခြားစီထုပ်ပိုး ထိန်းသိမ်းထားရှိသည်ဟု ဒုဝန်ကြီးကဆိုသည်။
မြန်မာကျောက်မျက်ရတနာထုတ်လုပ်ရေးလုပ်ငန်းသည် မြန်မာတစ်နိုင်ငံလုံးတွင် ဖမ်းဆီးရမိသော ကျောက်စိမ်းရိုင်း များကို အမှုစီရင်စဉ် ခေတ္တအပ်နှံခြင်းအတွက် ယာယီလက်ခံသိမ်းဆည်းခြင်းနှင့် အမှုပြီးပြတ်၍ နိုင်ငံပိုင် ပြည့်သူ့ ဘဏ္ဍာ အဖြစ်အပ်နှံခြင်းအတွက် အပြီးသတ်သိမ်းဆည်းခြင်းဟူ၍ ဆောင်ရွက်နည်းနှစ်မျိုးဖြင့် လက်ခံထိန်းသိမ်း ထားရှိသည်ဟု ဒုဝန်ကြီး ကဆိုသည်။
“ဖမ်းဆီးရမိတဲ့ ကျောက်စိမ်းနဲ့ ကျောက်မျက်တွေကို မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းက အရာရှိဦးစီး ဝန်ထမ်းခြောက်ဦးပါအဖွဲ့ ဖွဲ့စည်းပြီး နေ့တာဝန် ညအလှည့်ကျ ကင်းတာဝန်ချထားသော စနစ်ဖြင့် ထိန်းသိမ်းထားတယ်”လို့ ဝန်ကြီးကပြောသည်။
ကျောက်မျက်များ ကိုဖမ်းဆီးရမိရာတွင် သတင်းပေးတိုင်ကြားသူကို ကျောက်စိမ်းကျောက်မျက်တန်ဖိုး၏ ၂၀ ရာခိုင်နှုန်း၊ ဖမ်းဆီးသည့် အဖွဲ့အစည်းများကို ၃၀ ရာခိုင်နှုန်း နှင့် ကျန်သည့် ၅၀ ရာခိုင်နှုန်း အား နိုင်ငံတော့် ဘဏ္ဍာ ငွေထဲ သို့ ထည့်ဝင် သည်ဟု ဒုဝန်ကြီး ကဆိုသည်။
ထိုအပြင် ဖမ်းဆီးရမိသည့် ကျောက်စိမ်းနှင့် ကျောက်မျက်များကို အမျိုးအစား၊ အရွယ်အစား၊ အရည်အသွေး တူရာများ စုစည်း၍ ကျောက်မျက်ပြပွဲ များတွင် တင်ပြရောင်းချလျက် ရှိသည်ဟု ဒုဝန်ကြီးကဖြေကြားသည်။
နိုင်ငံတော် အဖိုးတန် ရတနာများဖြစ်တဲ့ ကျောက်စိမ်း ရတနာများကို တရားမဝင် လမ်းကြောင်းများမှ ခိုးမထုတ်နိုင်ရေး အတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တွေ၊ သက်ဆိုင်ရာ တပ်ရင်း တပ်ဖွဲ့တွေ နယ်စပ်ဂိတ် အသီးသီးမှာ အမြဲတမ်း စစ်ဆေးဆောင်ရွက်လျှက်ရှိသလို သီးခြား သတင်းပေးမှုများ ရှိလာလျှင်လည်း ဖမ်းဆီး မှုများ ပြုလုပ်လျက်ရှ သည်ဟု ဒု ဝန်ကြီး ကဆိုသည်။