ဓါတ်ပုံ – မိသားစုဝင်
ပုံစာ – အဖမ်းမခံရမီအချိန်များက မသိမ့်စန္ဒီစိုးပုံ။
မိုးကုတ် – ၂၀၂၁ ဇူလိုင် ၃ (မော်ကွန်း)
ဖခင်ဖြစ်သူအစားအဖမ်းခံရတဲ့ မိုးကုတ်မြို့က သပိတ်ခေါင်းဆောင်ရဲ့ သမီးအကြီးဖြစ်သူ မသိမ့်စန္ဒီစိုးဟာ အချုပ်ထဲမှာ ကျန်းမာရေးအခြေနေစိုးရိမ်နေရတယ်လို့ မိသားစုဝင်တစ်ဦးက မော်ကွန်းကို ပြောပါတယ်။
“သမီးအငယ် လေးနှစ်ကလေးက လွတ်လာပြီ၊ တတိယနှစ် ကျောင်းသူ မသိမ့်စန္ဒီစိုးက အချုပ်ထဲမှာ ကျန်းမာရေး အခြေနေစိုးရိမ်နေရတယ်”လို့ အဲဒီမိသားစုဝင်က ဆိုပါတယ်။
မသိမ့်စန္ဒီစိုးဟာ အာဏာသိမ်းစစ်အုပ်စုရဲ့ ဖမ်းဆီးတာကိုမခံရခင် နှစ်ရက်အလိုလောက်ကစပြီး နေမကောင်းဖြစ်နေတာလို့ ပြောပါတယ်။
သူ့မှာ သွေးလေးဘက်နာရောဂါရှိပြီး အေးလွန်းတဲ့မိုးကုတ်မြို့ ရာသီဥတုကြောင့် ကျန်းမာရေးအခြေနေ ပိုမိုဆိုးရွားလာကာ ဆေးကုသခွင့်မရဘူးလို့လည်း ဆိုပါတယ်။
မိုးကုတ်မြို့သပိတ်ခေါင်းဆောင် ဦးစိုးဋ္ဌေးကို စစ်အုပ်စုက ဖမ်းဆီးဖို့ အပူတပြင်း လိုက်လံရှာဖွေခဲ့ကြပေမယ့် လွတ်မြောက်ကာ ရှောင်တိမ်းနိုင်ခဲ့ပါတယ်။
ဇွန်လ ၁၂ရက်နေ့မှာတော့ အာဏာသိမ်းစစ်အုပ်စုက သပိတ်ခေါင်းဆောင်ဦးစိုးဋ္ဌေးနေအိမ်ကို ဝရမ်းစာရွက်လာကပ်ပြီးနောက် ဇနီးနဲ့ သမီးနှစ်ဦးတို့ကို တခါတည်း ဖမ်းဆီးသွားခဲ့ပါတယ်။
ဖမ်းဆီးသွားပြီးနောက် ဦးစိုးဋ္ဌေးရဲ့ ဇနီးနဲ့ သမီးအကြီးကို အကြမ်းဖက်စစ်အုပ်စု က ပုဒ်မ ၅၀၅ က နဲ့တရားစွဲဆိုကာ အသက် ၄နှစ်အရွယ်သမီးကိုတော့ ဇူလိုင်လ ၁ ရက်နေ့က ပြန်လွှတ်ပေးခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ကောက်ယူထားတဲ့ စာရင်းတွေအရဆိုရင် စစ်အုပ်စုလက်ချက်ကြောင့် သေဆုံးသွားခဲ့ရသူဟာ အနည်းဆုံး ၈၉၀ ဦးရှိလာပြီး ပြည်သူ ၅၁၀၀ နီးပါး ဖမ်းဆီးချုပ်နှောင်ထားခံနေရကာ ဝရမ်းထုတ်ထားသူ ၂၀၀၀ နီးပါးရှိပါတယ်။
#Dailynews

