ရန်ကုန် -၂၀၂၃ နိုဝင်ဘာ ၂ (မော်ကွန်း)
အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကြောင့် အခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ နိုဝင်ဘာ ၁ ရက် အထိ ၁၀ လအတွင်း တစ်ရက်ကိုလူလေးဦးနှုန်း အနည်းဆုံးသတ်ဖြတ်ခံနေရတယ်လို့ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့မနေ့ကထုတ်ပြန်ချက်အရ တွေ့ရပါတယ်။
၁၀ လအတွင်း သေဆုံးသူ ၁,၃၃၃ ဦးရှိပြီး အဲဒီသေဆုံးသူတွေထဲက ၃၃၀ ဦးဟာ ပစ်ခတ်မှုတွေကြောင့် သေဆုံးတာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းအတွင်းမှာ သေဆုံးမှုအများဆုံးဖြစ်ပြီး လူ ၁၅၀ ကျော်ရှိခဲ့တယ်လို့ AAPP က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်ကလည်း စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ပညာရေးကောလိပ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ ရမ်းသမ်းပစ်ခတ်တာကြောင့် လမ်းပေါ်မှာသွားလာနေတဲ့ ဒေသခံနှစ်ဦးကျည်ဆန်မှန်ပြီးသေဆုံးခဲ့တယ်လို့ မုံရွာမြို့ခံတွေက ပြောပါတယ်။
“ဗုံးပေါက်သံကြားတော့ သူတို့က ဂိတ်ထဲကနေ လမ်းပေါ်ကိုရမ်းပစ်လိုက်တာ။ အဲဒီအချိန် သာစည်လမ်းပေါ် ဆိုင်ကယ်စီးသွားနေတဲ့ လင်မယားနှစ်ယောက် ကျည်ဆန်မှန်ပြီးသေသွားတာ။ အလုပ်သွားကြတာလို့ပြောတယ်။ အဲဒီလင်မယားနှစ်ယောက်က အောင်ချမ်းသာ(သံလမ်းအရှေ့ဘက်)ရပ်ကွက်မှာနေတဲ့သူတွေ” လို့ မုံရွာမြို့ခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်တွေ ရမ်းသမ်းပစ်ခတ်လို့ သေဆုံးသွားသူနှစ်ဦးဟာ ကိုနေမျိုးအာကာနဲ့ ဇနီးဖြစ်သူ မသီသီအောင်တို့ဖြစ်ပြီး အခင်းဖြစ်နေရာမှာတင် သေဆုံးခဲ့တာလို့ AAPPက ဆိုပါတယ်။
AAPP ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ မနေ့ကအထိ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကြောင့် သေဆုံးခဲ့သူ လေးထောင်ကျော်ရှိပြီး ဖမ်းဆီးခံထားရသူ ၂၅,၀၀၀ ကျော်အထိရှိလာနေပြီလို့ ဆိုထားပါတယ်။
ပုံစာ-၂၀၂၁မတ်လတုန်းက သင်္ဃန်းကျွန်းသပိတ်ကို စစ်ကောင်စီတပ်တွေဖြိုခွဲစဉ် ပစ်ခတ်ခံရလို့ သေဆုံးသွားသူတစ်ဦး
ဓာတ်ပုံ- မော်ကွန်း

