အောင်ထူးနိုင်
ရန်ကုန် ၂၀၂၀ ဇူလိုင် ၇ (မော်ကွန်း)
ပြီးခဲ့တဲ့နှစ်အတွင်း လက်နက်ကိုင်တိုက်ပွဲတွေကြောင့် နိုင်ငံတစ်ဝန်းမှာ အရပ်သားသေဆုံးမှုဟာ နှစ်ရက်ကို တစ်ဦးနှုန်းလောက်အထိရှိခဲ့တယ်လို့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု(MIPS)က ဒီနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာဖော်ပြတယ်။
၂၀၁၉ အတွင်း တိုက်ပွဲတွေကြောင့် အရပ်သား ၁၅၁ ဦးသေကာ ၃၈၄ ဦး ဒဏ်ရာရခဲ့တယ် လို့ MIPS ရဲ့ “ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ သုံးသပ်ချက် -၂၀၂၀” သုတေသန အစီရင်ခံစာဖော်ပြပါတယ်။
ဒီလို သေဆုံးမှုတွေရဲ့ အကြောင်းအရင်းအဖြစ် နှစ်ဖက်တိုက်ပွဲတွေကြား မြေဇာပင်အဖြစ်ညှပ်ခဲ့တာ၊ မိုင်းပေါက်ကွဲမှုတွေကြောင့်သေဆုံးတာ၊ ပစ်မှတ်ထားတိုက်ခိုက်ခံရတာနဲ့ ဖမ်းဆီးခံရစဉ် သေဆုံး တာတွေ ဖြစ်ခဲ့တာလို့ MIPS က ဖော်ပြတယ်။
၂၀၁၉ အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပေါင်း ၁၀၈၃ ကြိမ်အနက် နှစ်ဖက်လက်နက်ကိုင်အဖွဲ့တွေမှာလည်း ထိခိုက်သေဆုံးမှုအနေနဲ့ အနည်းဆုံး ၉၀၀ ကျော် နဲ့ ၁,၇၀၀ ကျော် အထိ သေဆုံးမှုရှိလိမ့်မယ်လို့ MIPS က ခန့်မှန်းဖော်ပြတယ်။
တပ်သားနဲ့အရပ်သားသေဆုံးမှုအများအပြားဖြစ်ပွားတာက ရခိုင်မြောက်ပိုင်းက ပဋိပက္ခဒေသတွေမှာလို့ အစီရင်ခံစာအချက်အလက်တွေမှာ ဖော်ပြပါတယ်။
တိုက်ပွဲဖြစ်ပွားမှုစုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေကြားဖြစ်ပွားတာဖြစ်ပြီး ကျန်အရေအတွက်ကတော့ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြားနဲ့ အခြားတိုက်ပွဲတွေလို့ MIPS က ဖော်ပြတယ်။
” ဒါက ပြီးခဲ့တဲ့ ၂၀၁၈ နဲ့စာရင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းကြားဖြစ်တဲ့ တိုက်ပွဲက ထက်ဝက်နီးပါးလောက်လျော့သွားတာကို တွေ့ရတယ်။ နောက်တစ်မျိုးက အခြားအမည်ဖော်လို့မရတဲ့ တိုက်ပွဲတွေလည်းရှိပါတယ်” MIPS ရဲ့ အမှုဆောင် ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ပြောပါတယ်။
၂၀၁၈ ထက် ၂၀၁၉ မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုက်ပွဲဖြစ်ပွားမှု ၁၇၆ ရာခိုင်နှုန်းကျော် မြင့် တတ်ခဲ့တယ်လို့ သူက ပြောပါတယ်။
ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအရေအတွက် စုစုပေါင်းရဲ့ ထက်ဝက်ကျော်ဟာ AA နဲ့ ဖြစ်ခဲ့တာဖြစ်ပြီး ၃၀ ရာခိုင်နှုန်း နီးပါးကတော့ TNLA လက်နက်ကိုင်အဖွဲ့နဲ့ ဖြစ်ခဲ့တာလို့ MIPS ရဲ့ အစီရင်ခံစာမှာ ဖော်ပြတယ်။
၂၀၁၉ ခုနှစ်က ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း တိုက်ပွဲတစ်ခုကြောင့် မီးလောင်သွားသော ဒေသခံများ၏ အိမ်များ။
ဓါတ်ပုံ – ကောင်းထက်စံ
#Dailynews