ဥက္ကဋ္ဌသည် ဥပဒေချိုးဖောက်ခဲ့သည်ဟုတပ်မတော်သားကိုယ်စားလှယ်ဝေဖန်
အောင်ထူးနိုင်
ရန်ကုန် – ၂၀၂၀ ဇွန် ၁ (မော်ကွန်း)
ကိုယ်စားလှယ်များ၏ ဥပဒေကြမ်းနှင့် အဆို၊ မေးခွန်းတင်သွင်းမှုများအပေါ် ဥပဒေနှင့်မညီညွှတ်သည့် ဆောင်ရွက်ချက်များ ရှိသည့်ဟုဆိုကာ ပြည့်သူ့လွှတ်တော်ဥက္ကဋ္ဌကိုတာဝန်မှရုတ်သိမ်းရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ကိုယ်စားလှယ်များနှင့် တပ်မတော်သားကိုယ်စားလှယ်များ၏ စွပ်စွဲပြစ်တင်ကြိုးပမ်းချက်ကို ယနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ကန့်ကွက်မဲများသည့် အတွက် ဥက္ကဋ္ဌကို တာဝန်မှ မရပ်စဲနိုင်ခဲ့ပေ။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေသည့် ဦးတီခွန်မြတ်ကို တာဝန်မှ ရုတ်သိမ်းပေးရန် အဆိုကို ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမဲဆန္ဒနယ်မှ ဦးစိုင်းထွန်းစိန်က ပြီးခဲ့သည့် မေ ၂၈ အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်ပြီး ယနေ့ အစည်းအဝေးတွင် ကိုယ်စားလှယ် ၂၄ ဦးက ဆွေးနွေးခဲ့ကြသည်။
ဥက္ကဋ္ဌသည် ပြည်ထောင်စုလွှတ်တော်နာယကအဖြစ် ဆောင်ရွက်စဉ်ကာလအတွင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်တင်သွင်းသည့် အခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီ ဖွဲ့စည်းရန်အရေးကြီးအဆိုတင်သွင်းမှုသည် အခြေခံဥပဒေ၊ လွှတ်တော်ဆိုင်ရာ နည်းပဒေများနှင့် မကိုက်ညီသော်လည်း ခွင့်ပြုခြင်း၊ USDP နှင့် တပ်မတော်သားကိုယ်စားလှယ်များတင်သွင်းသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဥပဒေမူကြမ်းများကို အခြေခံ ဥပဒေနဲ့အညီတင်သွင်းသော်လည်း ခွင့်မပြုခြင်းနှင့် ဥပဒေများနှင့်အညီ USDP ပါတီ ကိုယ်စားလှယ်မျာကး တင်သွင်းခဲ့သည့် အရေးကြီး အဆို၊မေးခွန်းများကို ခွင့်မပြုခဲ့ခြင်းကြောင့် တာဝန်မှ ရုတ်သိမ်းပေးစေလိုကြောင်း ဦးစိုင်းထွန်းစိန်က တင်ပြခဲ့သည်။
တပ်မတော်သားကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဗိုလ်မှူးချုပ် ရဲနိုင်မျိုးက ဥက္ကဋ္ဌသည် ဥပဒေကိုချိုးဖောက်ခဲ့သည်ဟု ဆွေးနွေးမှု တွင် ဝေဖန်သည်။
“ တင်သွင်းတဲ့အဆိုတွေဟာ အရေးကြီးအဆို အင်္ဂါရပ်တွေနဲ့ ကိုက်ညီပေမယ့်လည်း လွှတ်တော်ဥက္ကဋ္ဌဟာ နည်းဥပဒေ ၁၆၃(ခ) အရ လွှတ်တော်ရဲ့ သဘောထားကို ရယူဖို့ လိုက်နာလုပ်ဆောင်ရန် ပျက်ကွက်ခဲ့ပြီး ဥက္ကဋ္ဌရဲ့ သဘော ဆန္ဒတစ်ခုတည်းနဲ့ အဆိုတင်သွင်းခွင့် မပြုခြင်းဟာ ဥပဒေကို ချိုးဖောက်ခဲ့တာပဲဖြစ်တယ်” ဟု ၎င်းက ပြောသည်။
ဥက္ကဋ္ဌသည် အဆိုတင်သွင်းသူ၊ မေးခွန်းမေးသူ လွှတ်တော်ကိုယ်စားလှယ်ပါတီ နောက်ခံအရောင်အသွေးကို ကြည့်ပြီး ဆုံးဖြတ်လုပ်ကိုင်တာ ထင်ရှားသလို ဥက္ကဋ္ဌ၏ သမာသမတ်ကျမှုကိုလည်း မေးခွန်းထုတ်ရမည်ဟု ၎င်းက ဆွေးနွေးသည်။
NLD ပါတီကိုယ်စားလှယ်များဘက်မှဆွေးနွေးမှုများတွင် ယခုကဲ့သို့ လွှတ်တော်ဥက္ကဋ္ဌကို စွပ်စွဲပြစ်တင်မှုများသည် မှန်ကန်မှု မရှိကြောင်း
အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
နေပြည်တော်ကောင်စီ၊ ပုဗ္ဗသီရိမဲဆန္ဒနယ်ကိုယ်စားလှယ် ဦးရည်မွန်(ခ)မောင်တင်သစ်က “ အခုတင်သွင်းထားတဲ့ အဆိုက တိုင်းရင်းသားအကြီးအကဲတစ်ယောက်ကို တာဝန်ကဖယ်ရှားဖို့ ကြိုးစားလာတာဖြစ်တဲ့အတွက် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးအတွက်ကတော့ ဝမ်းနည်းစရာဖြစ်တယ်လို့ မြင်ပါတယ် ”ဟု ယနေ့တွင် ဆွေးနွေးသည်။
သို့သော် USDP ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမဲဆန္ဒနယ်ကိုယ်စားလှယ် ဦးမောင်မြင့်က NLD ပါတီမှ ကိုယ်စားလှယ်များဆွေးနွေးသလို တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို ထိခိုက်စေလိုသည့် ရည်ရွယ်ချက်ဖြင့် ဥက္ကဠကို တာဝန်မှ ရပ်စဲရန် ကြိုးပမ်းခြင်းမဟုတ်ဘဲ ဥက္ကဋ္ဌ၏ လုပ်ပိုင်ခွင့်နှင့်ဥပဒေပိုင်းဆိုင်ရာ လွဲချော်မှုများအပေါ် ဆွေးနွေးခြင်း ဖြစ်ကြောင်းလွှတ်တော်အပြီး နေပြည်တော်ရှိ USDP ပါတီဌာနချုပ်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
“ ကျွန်တော်တို့အခု တာဝန်ကရုတ်သိမ်းဖို့ အဆိုတင်တာက ကချင်လူမျိုး၊ ဦးတီခွန်မြတ်ကို အဆိုတင်တာမဟုတ်ဘူး။ အဓိကကတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတာဝန်ကို ဦးဝင်းမြင့်အပြီးမှာ ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ အဆိုတင်တာပါ။ ဒီကိစ္စက တိုင်းရင်းသားအရေးကိစ္စနဲ့ ဘာမှမဆိုင်ဘူး” ဟု ဦးမောင်မြင့်ကပြောသည်။
အဆိုရှင် ဦးစိုင်းထွန်းစိန်ကတော့ ယနေ့အစည်းအဝေးတွင် ရှုံးနိမ့်ခဲ့သော်လည်း နောင်တွင် ဥက္ကဋ္ဌများအနေဖြင့် အလားတူ ဖြစ်ရပ်များ မကျူးလွန်စေရန် ဆွေးနွေးမှတ်တမ်းတင်နိုင်ခဲ့သည်ဟု သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
NLD ပါတီ၏ ချင်းပြည်နယ်၊ မင်းတပ်မဲဆန္ဒနယ်ကိုယ်စားလှယ် ဦးနေလင်းအောင်က အဆို၊ မေးခွန်းများကို ပယ်ချ၊ ငြင်းဆို ခြင်းများသည် ဥက္ကဋ္ဌ၏ လုပ်ပိုင်ခွင့်သာဖြစ်သည်ဟု ဆွေးနွေးသည်။
အဆိုတင်သွင်းရန် ကန့်သတ်ချက် ခြောက်ချက်၊ စည်းကမ်းချက် သုံးချက်တို့ကို သတ်မှတ်ထားပြီး ယင်းတို့ကို ဥပဒေအရ သတ်မှတ်ထားပြီးဖြစ်ကြောင်း သူက ရှင်းပြသည်။
ယနေ့ ဆွေးနွေးပွဲတွင် အာဏာရ NLD ပါတီမှ ၁၂ ဦး၊ USDP ပါတီမှ ငါးဦး၊ တပ်မတော်သားကိုယ်စားလှယ် ခြောက်ဦးနှင့် တစ်သီးပုဂ္ဂလကိုယ် စားလှယ်တစ်ဦးတို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။
ပြည်သူ့လွှတ်တော်ဥက္ကဠ ဦးတီခွန်မြတ်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မဲဆန္ဒနယ်မှ ရွေးကောက်ခံခဲ့ရသူဖြစ်ပြီး ဥက္ကဠဖြစ်သူ ဦးဝင်းမြင့် သမ္မတတာဝန်ပြောင်းလဲထမ်းဆောင်သည့်နောက် ၂၀၁၈ မတ်လတွင် ဒုတိယဥက္ကဋ္ဌမှ ဥက္ကဋ္ဌတာဝန်ကို ပြောင်းလဲဆောင်ရွက်ခဲ့သူဖြစ်သည်။ ၎င်းသည် ယခင်က USDP ပါတီ၏ ကိုယ်စားလှယ်ဖြစ်ခဲ့ပြီး လက်ရှိတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ရပ်တည်နေသည်။
#Dailynews