အရာတော် – ၂၀၂၁ နိုဝင်ဘာ ၂၇ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ စစ်ကောင်စီတပ်တွေဟာ ၎င်းတို့မီးရှို့ဖျက်ဆီးပြီး ကျန်ခဲ့တဲ့ ဆိုင်ကယ်အပျက်တွေကို သံတိုသံစဆိုင်မှာသွားရောင်းပြီး စားသောက်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာလ ၂၂ ရက်နေ့က အရာတော်၊ နောင်ကြီးအိုင်ကျေးရွာမှာ ဒေသခံပြောက်ကျားတပ်ဖွဲ့များနဲ့ စစ်ကောင်စီတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။
တိုက်ပွဲပြီးတဲ့အခါ စစ်ကောင်စီတပ်ဟာ ရွာထဲကနေအိမ်နှစ်လုံးကို မီးရှို့သွားခဲ့တဲ့အပြင် ထွက်ပြေးနေရတဲ့ဒေသခံတွေရဲ ဆိုင်ကယ်တွေကိုလည်း ယူဆောင်သွားခဲ့ပါတယ်။
နောက်တစ်နေ့ နိုဝင်ဘာလ ၂၃ ရက်နေ့မှာ စစ်ကောင်စီတပ်တွေဟာ သတင်းပေးလင်မယားနှစ်ယောက်နဲ့အတူ နောင်ကြီးအိုင်ရွာထဲ ထပ်ရောက်လာပြီး ရွာခံပြည်သူ့နေအိမ်ငါးလုံးကို နာမည်စာရင်းနဲ့ ဝင်ရောက်ကာ နေအိမ်တွေက တန်ဖိုးရှိပစ္စည်းတွေ၊ ငွေသားတွေကို ယူဆောင်သွားခဲ့ကြောင်း အရာတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
အဲဒီနေ့က ဆိုင်ကယ်တွေကိုဖျက်ဆီးသွားခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
“ဆိုင်ကယ် ၁၅ စီးလောက် မီးရှို့ခဲ့တာပါ။ အဲဒါတွေကို ဒီနေ့မှာပြန်လာကောက်ပြီး သံတိုသံစဆိုင်သွားရောင်းကြတာ”လို့ဒေသခံတစ်ဦးက ပြောပါတယ်။
နိုဝင်ဘာလ ၂၃ရက်နေ့ နေ့လယ် ၁၂:၃၀ခန့်ကလည်း နောင်ကြီးအိုင်ရဲစခန်းထဲကနေထွက်လာတဲ့
စစ်ကောင်စီတပ်နဲ့ သတင်းပေးတချို့လိုက်ပါလာတဲ့ ကားတစ်စီးကို နယ်ခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားပေါ်လိုက်ပါလာသူတချို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ပါသေးတယ်။
#Dailynews

