ပြည်သူတွေစိုက်ထုတ်ကျခံနေရတဲ့ လျှပ်စစ်စီမံခန့်ခွဲမှုအလွဲ

ပြည်သူတွေစိုက်ထုတ်ကျခံနေရတဲ့ လျှပ်စစ်စီမံခန့်ခွဲမှုအလွဲ

ကျော်ဇေယျရေးသည်။
ရန်ကုန် – ဖောဖော်ဝါရီ ၂၀၂၀ (မော်ကွန်း)

တစ်နိုင်ငံလုံးမှာရှိတဲ့ အစိုးရဆေးရုံအားလုံးရဲ့ တစ်နှစ်စာဆေးဝါးဝယ်ယူစားရိတ် (ကျပ် ဘီလီယံ ၁၂၀) ထက် သုံးဆလောက်ပိုများတဲ့ ဘဏ္ဍာငွေတွေ ဝန်ကြီးဌာနတစ်ခုကနေလေလွင့်နေတယ်ဆိုရင်ယုံကြပ့ါမလား။

အဲဒီဌာနကတော့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနပဲဖြစ်ပါတယ်။ထုတ်လုပ်ဖြန့်ချိလိုက်ပေမယ့် ဘဏ္ဍာငွေပြန်မရဘဲ လျှပ်စစ်ဓါတ်အားပျောက်ဆုံးမှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ လေလွင့်သွားတဲ့ပမာဏဟာ အခုဆိုရင် တစ်နှစ်ကို ကျပ် ဘီလီယံ ၃၅၀ လောက်အထိ ကြီးမားလာပြီလို့ ပြည်ထောင်စုလွှတ်တော် မှတ်တမ်းတွေမှာဖော်ပြပါတယ်။ဒီပျောက်ဆုံးပမာဏဟာ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ အိမ်သုံးမီတာတွေကနေ ပြန်လည်ကောက်ခံရရှိခဲ့တဲ့ ဓါတ်အားခရငွေထက် နှစ်ဆပိုများပါတယ်။ ဗဟိုစာရင်းအင်းအဖွဲ့ရဲ့အစီရင်ခံစာအရ အဲဒီနှစ်မှာ အိမ်သုံးမီတာ အမျိုးအစားတွေထံက ဓါတ်အားသုံးစွဲခအဖြစ် ပြန်ရတဲ့ဝင်ငွေက တစ်နှစ်လုံးမှ ကျပ်ဘီလီယံ ၁၆၀ ကျော်သာ ရှိတယ်လို့ ဖော်ပြတယ်။

ဒါကြောင့် ပြည်သူကိုအရှုံးခံရောင်းချနေရလို့ လျှပ်စစ်ကဏ္ဍဟာအရှုံးကြီးနေတာလား၊ စီမံခန့်ခွဲမှု ညံ့ဖျင်းတာတွေကြောင့် အလေအလွင့်များပြီး ဘဏ္ဍာငွေတွေ ပိုစိုက်ထုတ်သုံးနေရတာလားဆိုတာကို အစိုးရအနေနဲ့ လေ့လာပြုပြင်သင့်ပြီလို့ လျှပ်စစ်ကဏ္ဍလေ့လာသူတွေကဆိုကြပါတယ်။အလေအလွင့်တွေကိုမထိန်းဘဲ လူထုထံကဓါတ်အားခတိုးမြှင့်ကောက်ခံနေတာဟာ“ အမြစ်ပြတ်ကုရမယ့် ရောဂါကို အကိုက်အခဲပျောက်ဆေးလေးပေးရုံနဲ့ ခဏတာသက်သာပြီးရေရှည်မှာ အစာအိမ်သွေးကြောပေါက်တဲ့ ဘေးထွက်ဆိုးကျိုးကိုခံရနိုင်ဖွယ်ရှိပါတယ်” လို့ ကချင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၁၁)ရဲ့ ကိုယ်စားလှယ်ဒေါက်တာခွန်ဝင်းသောင်းက ခိုင်းနှိုင်းသတိပေးတယ်။

သူဟာ ပြီးခဲ့တဲ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ လျှပ်စစ်ဓါတ်အားပျောက်ဆုံးမှုတွေကို ဝန်ကြီးဌာနအနေနဲ့ ပြုပြင်တားဆီးဖို့ အကြံပြုခဲ့သူဖြစ်ပါတယ်။
လျှပ်စစ်ကဏ္ဍရဲ့အရှုံးကိုကာမိဖို့ ဘတ်ဂျတ်ပိုတောင်းတာတွေ၊ ဓါတ်အားခဈေးနှုန်း တိုးကောက်တာတွေဟာ လုံလောက်တဲ့ ဖြေရှင်းမှုမျိုးမဟုတ်ဘူးလို့ သူကဆိုတယ်။

လျှပ်စစ်သုံးစွဲမှုပိုများတဲ့နွေရာသီမှာ တစ်ရက်ကို ကျပ်ငွေ သုံးဘီလီယံခွဲကျော်နဲ့ မိုးရာသီဆိုရင် နှစ်ဘီလီယံခွဲကျော်လောက် ပြည်သူ့ဘဏ္ဍာထဲဝင်မလာဘဲ လေလွင့်ပျောက်ဆုံးနေတာကို သက်ဆိုင်ရာဌာနအနေနဲ့ အဖြေရှာသင့်ပြီလို့ အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့်လူ့အခွင့်ရေးကော်မတီဝင်လည်းဖြစ်တဲ့ ဒေါက်တာခွန်ဝင်းသောင်းက တွက်ချက်ထောက်ပြပါတယ်။

လေလွင့်ယူနစ်တွေ

လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနရဲ့ ပြီးခဲ့တဲ့ဘဏ္ဍာနှစ်၊ နှစ်ဝက်အစီရင်ခံစာအရ ခြောက်လအတွင်း ထုတ်လုပ်ဖြန့်ချိခဲ့တဲ့ ယူနစ်သန်းတစ်သောင်းကျော်ရဲ့ ၁၀ ရာခိုင်နှုန်းဟာ လေလွင့်ပျောက်ဆုံးသွားတယ်လို့ ဖော်ပြပါတယ်။ ဒီပမာဏဟာ ၂၀၁၉ ဇူလိုင်လအတွင်း ရန်ကုန်တိုင်းတစ်ခုလုံးသုံးစွဲခဲ့တဲ့ လျှပ်စစ်ယူနစ် သန်း ၈၀၀ ခန့်ထက်တောင် ပိုများပါတယ်။
ဒီခြောက်လအတွင်း လေလွင့်ပျောက်ဆုံးသွားတဲ့ယူနစ်တွေကို တစ်ယူနစ်ထုတ်လုပ်မှုကုန်ကျစရိတ်ပျမ်းမျှ ၉၆ ကျပ် (၂၀၁၇ ဈေးနှုန်း) နဲ့ တွက်ချက်ကြည့်ရင် နှစ်ဝက်အတွင်း ကျပ်ဘီလီယံ ၁၀၀ ဝန်းကျင်အထိ လေလွင့်သွားတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံဗဟိုစာရင်းအင်းအဖွဲ့ရဲ့ ၂၀၁၇ အစီရင်ခံစာအရလက်ရှိအစိုးရအာဏာစယူတဲ့ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ နိုင်ငံတစ်ဝန်း လျှပ်စစ်ယူနစ်သန်း ၁၈,၀၀၀ ဝန်းကျင်ထုတ်လုပ်ခဲ့ရာ အဲဒီထဲကယူနစ်သန်း ၂,၅၀၀ ဝန်းကျင် (၁၄ ရာခိုင်နှုန်း) လောက် လေလွင့်ခဲ့တယ်လို့ဆိုတယ်။

အဲဒီကာလထုတ်လုပ်မှုစရိတ်နဲ့ တွက်ချက်ကြည့်ရင် နိုင်ငံတစ်ဝန်း ဓါတ်အားပျောက်ဆုံးမှုကြောင့် ကျပ်ဘီလီယံ၂၄၀ ဝန်းကျင်လောက် အဲဒီနှစ်မှာလေ့လွင့်သွားတဲ့သဘောပါ။
ဒီငွေပမာဏဟာ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ပြည်ထောင်စုဝန်ကြီးဌာနရှစ်ခုဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး၊ သာသနာရေးနှင့်ယဉ်ကျေးမှု၊ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၊ စက်မှု၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ဘေးအန္တရာယ်စီမံခန့်ခွဲရေး၊ ဟိုတယ်နှင့် ခရီးသွားလာရေး၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနတွေရဲ့ တစ်နှစ်စာအသုံးစားရိတ်ထက် နှစ်ဆခွဲနီးပါးရှိပါတယ်။ ဒီဝန်ကြီးဌာနရှစ်ခုရဲ့ တစ်နှစ်ပတ်လုံးအသုံးစားရိတ်ကကျပ်ဘီလီယံ ၁၂၀ ကျော်သာရှိပါတယ်။

လျှပ်စစ်အရေးလေ့လာသူတွေကတော့ ရေအားထက် ထုတ်လုပ်စားရိတ်ပိုကြီးတဲ့ ဓါတ်ငွေ့သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေကို အစိုးရက အခုအခါပိုတည်ဆောက်လာတာကြောင့် ဒီလေလွင့်မှုများနေတဲ့ ပြဿနာကိုမဖြေရှင်းနိုင်ရင် နှစ်စဉ်ပြည်သူ့ဘဏ္ဍာစိုက်ထုတ်ရမှုဟာ မြင့်သထက်မြင့်တက်လာမယ်လို့ သုံးသပ်ကြတယ်။

လျှပ်စစ်ဓါတ်အား ဘယ်လိုထုတ်လုပ်သလဲ

မြန်မာနိုင်ငံမှာ အစိုးရကိုယ်တိုင် လျှပ်စစ်ထုတ်လုပ်သလို ပုဂ္ဂလိကနဲ့ ပူးတွဲထုတ်လုပ်တာလည်းရှိပါတယ်။ ဒါ့အပြင် ပုဂ္ဂလိကကသီးသန့်ထုတ်လုပ်ပြီး အစိုးရကိုပြန်ရောင်းချတဲ့ပုံစံလည်း ရှိပါတယ်။

လက်ရှိမှာ နိုင်ငံပိုင်ရေအားလျှပ်စစ်စက်ရုံ ၂၃ ရုံနဲ့ အပူစွမ်းအင်စက်ရုံ ၁၀ ရုံ၊ ပုဂ္ဂလိကရေအားလျှပ်စစ်စက်ရုံငါးရုံနဲ့ အပူစွမ်းအင်စက်ရုံ ၁၂ ရုံ ကနေထုတ်လုပ်ဖြန့်ချိပေးနေတာပါ။ ဒါအပြင် ပြီးခဲ့တဲ့ နှစ်ကစလို့ ပုဂ္ဂလိကရင်းနှီးမြုပ်နှံမှုတစ်ခုဖြစ်တဲ့ မင်းဘူးနေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံကထွက်လာတဲ့ လျှပ်စစ်တွေကိုလည်းအစိုးရက ဝယ်ယူဖြန့်ဖြူးပေးနေပါတယ်။

နိုင်ငံတစ်ဝန်းဖြန့်ချိနေတဲ့လျှပ်စစ်ပမာဏရဲ့ ၄၂ ရာခိုင်နှုန်းဟာ ပုဂ္ဂလိကဓါတ်အားထုတ်လုပ်သူတွေဆီက ရရှိနေတာလို့ အစိုးရစာရင်းတွေမှာဖော်ပြတယ်။
ထွက်ရှိလာတဲ့ လျှပ်စစ်ဓါတ်အားတွေကို နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဖြစ်တဲ့ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရောင်းချရေးလုပ်ငန်း( Electricity Supply Enterprise-ESE ) က ဈေးနှုန်းအမျိုးမျိုးနဲ့ ဝယ်ယူပြီး နိုင်ငံတဝန်းကို ပြန်လည်ဖြန့်ချိပေးပါတယ်။

ဗဟိုစာရင်းအင်းအဖွဲ့ရဲ့ဖော်ပြချက်အရ ၂၀၁၀-၁၁ ဘဏ္ဍာနှစ်မှာ လျှပ်စစ်တစ်ယူနစ် ထုတ်လုပ်မှုအတွက် ၂၅ ကျပ် ကျော်သာကျသင့်ပေမယ့် နောက်ခြောက်နှစ်အကြာမှာတော့ တစ်ယူနစ် ၉၆ ကျပ်ကျော် ကျသင့်လာပြီလို့ ဖော်ပြတယ်။

ဒီလိုဖြစ်ရတာဟာ ငွေဈေးနှုန်းအပြောင်းအလဲနဲ့ဆိုင်သလို လျှပ်စစ်ထုတ်ယူမှုမှာရေအားလျှပ်စစ်ထက် ဈေးပိုကြီးတဲ့ စွမ်းအင်အရင်းအမြစ်တွေကိုသုံးပြီး လျှပ်စစ်ထုတ်ယူမှုနှုန်းပိုများလာတာကြောင့် ထုတ်လုပ်မှု ကုန်ကျစရိတ်တွေတက်လာတာဖြစ်တယ်လို့ လျှပ်စစ်ကဏ္ဍလေ့လာသူတွေကရှင်းပြပါတယ်။ ဒီလိုထုတ်လုပ်မှုစရိတ် မြင့်တက်လာတာနဲ့အပြိုင် လျှပ်စစ်ကဏ္ဍရဲ့အရှုံးဟာလည်း နှစ်စဉ် မြင့်တက်လာနေတာကို ပြည်သူ့ငွေစာရင်းအစီရင်ခံစာတွေမှာလည်းဖော်ပြထားတယ်။

ရန်ကုန်ကအမြင့်ဆုံး

နှစ်စဉ် တစ်နိုင်ငံလုံးဓါတ်အားထုတ်လုပ်မှုရဲ့ထက်ဝက်နီးပါးကို သုံးစွဲနေတဲ့ ရန်ကုန်ဟာလည်း ဓါတ်အား လေလွင့်ပျောက်ဆုံးနေတဲ့ ပြဿနာနဲ့ရင်ဆိုင်နေရတာကို အစိုးရအချက်အလက်တွေမှာ တွေ့ရတယ်။

ပြီးခဲ့တဲ့နှစ် လျှပ်စစ်ကဏ္ဍခြောက်လပတ်အစီရင်ခံစာအရ ရန်ကုန်ရဲ့ဓါတ်အားပျောက်ဆုံးမှုဟာ မန္တလေးရဲ့ ဓါတ်အားပျောက်ဆုံးမှုထက် နှစ်ဆပိုများတယ်လို့ဖော်ပြတယ်။ ဒါ့အပြင် ရန်ကုန်မှာ ခြောက်လအတွင်း ပျောက်ဆုံးခဲ့တဲ့လျှပ်စစ်ပမာဏဟာ ကျန်တိုင်းနဲ့ပြည်နယ်တွေမှာပျောက်ဆုံးခဲ့တဲ့စုစုပေါင်းရဲ့ ထက်ဝက်ခန့် ရှိတယ်လို့ ဖော်ပြတယ်။

ဒီလိုလျှပ်စစ်လေလွင့်ဆုံးဆုံးမှုတွေအကြောင်းမေးမြန်းဖို့ မော်ကွန်းက ပြည်ထောင်စု လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနကို ဖုန်းနဲ့အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ ဒါအပြင် စက်တင်ဘာ ၅ ရက်ကတည်းက စာရေးသားပေးပို့ မေးမြန်းမှုလုပ်တဲ့အခါ အကြောင်းပြန်ပေးမယ်လို့ ပြောပေမယ့် ဒီဆောင်းပါးဖောင်ပိတ်ချိန် ၂၀၂၀ ဇန်နဝါရီလကုန်အထိတော့ အကြောင်းမပြန်ခဲ့ပါ။

ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်ကတော့ မော်ကွန်းရဲ့ သတင်းအချက်အလက်တောင်းခံမှုကို ဝန်ကြီးထံတင်ပြထားပြီး ခွင့်ပြုချက်ရရင်ပို့ပေးမယ်လို့ ဖုန်းကတစ်ဆင့်ပြောပါတယ်။

ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ကိုလည်း သူတို့ရဲ့သတင်းစာရှင်းလင်းပွဲအပါအဝင်၊ လူကိုယ်တိုင်ရော၊ ဖုန်းနဲ့ပါဆက်သွယ်ပေမယ့် ဒီအကြောင်းရာကို ပြည်ထောင်စုဝန်ကြီးဌာန ခွင့်ပြုချက်ပါမှ ဖြေမယ်လို့သာ ဌာနရဲ့တာဝန်ရှိသူတစ်ချို့ကဆိုပါတယ်။

မော်ကွန်းကရရှိထားတဲ့အချက်အလက်တွေအရ သမိုင်းတစ်လျောက် ဓါတ်အားခနှုန်းထား အမြင့်ဆုံး သတ်မှတ် တိုးမြှင့်ကောက်ခံခဲ့တဲ့ ၂၀၁၉ ဇူလိုင်တစ်လတည်းမှာပဲ ရန်ကုန်ရဲ့ဓါတ်အားပျောက်ဆုံးမှုဟာ ကျပ်ငွေ ၁၁ ဘီလီယံ ကျော်ဖိုးလောက်ရှိပါတယ်။ လျှပ်စစ်ယူနစ်အနေနဲ့ သန်း ၈၀၀ ခန့်ဖြန့်ဖြူးခဲ့ပြီး သန်း ၁၀၀ ကျော် ပျောက်ဆုံးခဲ့ပါတယ်။ ESE ထံကနေYESC က တစ်ယူနစ် ၁၁၀ ကျပ်နဲ့ တစ်ဆင့်ပြန်ဝယ်ပြီး ရန်ကုန်မှာပြန်လည်ဖြန့်ဖြူးရောင်းချပေးတဲ့ပုံစံနဲ့ ဒီလုပ်ငန်းက လည်ပတ်နေတာပါ။

Photo – Kaung Htet San  ရန်ကုန်မြို့၊ ဗိုလ်တစ်ထောင်မြို့နယ်အတွင်း လမ်းမီးတိုင် လဲလှယ်တပ်ဆင်နေစဉ်

လျှပ်စစ်ဓါတ်အားတွေ ဘယ်လိုလေလွင့်ပျောက်ဆုံး

ပမာဏကြီးတဲ့ လျှပ်စစ်ဓါတ်အားပျောက်ဆုံးမှုတွေနဲ့ပတ်သက်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်ကတော့ လူပယောဂကြောင့်ဖြစ်တဲ့ ဓါတ်အားခိုးယူသုံးစွဲမှုတွေကို အရေးယူဖို့ လုပ်ထုံးလုပ်နည်းတွေကို မြို့နယ်အလိုက် ဖြန့်ဝေညွှန်ကြားထားတယ်လို့ ၁၃ ကြိမ်မြောက်၊ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာပြောပါတယ်။

လျှပ်စစ်ဓါတ်အားခိုးယူသုံးစွဲမှုတွေမှာ ဌာနဝန်ထမ်းတွေရဲ့ ပါဝင်မှုတွေရှိလို့ တိုင်ကြားလာရင်လည်း အရေးယူသွားမယ်လို့ ဒေါက်တာထွန်းနိုင်ကပြောပါတယ်။ ပြီးခဲ့တဲ့ဘဏ္ဍာနှစ် ပထမခြောက်လအတွင်း တစ်နိုင်ငံလုံးမှာဓါတ်အားခိုးသုံးသူပေါင်း ၅၀၀ ကျော်ကိုဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ဒဏ်ကြေးအဖြစ် ကျပ်ငွေ တစ်ဘီလီယံနီးပါး ပြန်လည်ရရှိထားတယ်လို့ သူကပြောတယ်။

လျှပ်စစ်ခိုးယူသုံးစွဲမှုတွေကိုဖော်ထုတ်နိုင်ဖို့ ၂၀၁၈ ဧပြီကစလို့ တစ်နိုင်ငံလုံးမှာ 4 Meter System လို့ခေါ်တဲ့ မီတာတွေကိုလည်း တစ်နိုင်ငံလုံးကို စတင်ဖြန့်ဝေပေးနေတယ်လို့ ဒေါက်တာထွန်းနိုင်က ပြောပါတယ်။ ဒီမီတာတွေဟာ ဓါတ်အားခိုးသုံးတာတွေကို သတိပေးနိုင်မှာဖြစ်သလို မီးသုံးစွဲသူတွေရဲ့အချက်အလက်ကို လည်း ဌာနက စောင့်ကြည့်စစ်ဆေးနိုင်မှာဖြစ်တယ်လို့ သူကဆိုတယ်။

ယခင်က မြန်မာပြည်မှာသုံးစွဲခဲ့တဲ့မီတာတွေဟာ မီးခိုးယူသုံးစွဲမှုတွေကို မကာကွယ်နိုင်တာကြောင့် ဒီ 4 Meter System ကို စတင်ပြောင်းလဲဖို့ အစိုးရက လုပ်ဆောင်နေတာလို့သူက ပြောတယ်။

ဒါ့အပြင် နည်းပညာအရအလေအလွင့်ဖြစ်နေတဲ့ကဏ္ဍမှာတော့ ဟောင်းနွမ်းနေပြီဖြစ်တဲ့ လျှပ်စစ်ဆိုင်ရာ အခြေခံအဆောက်အုံတွေကို လဲလှယ်တပ်ဆင်မှရမယ်လို့ သူကဆိုပြီး နှစ်အလိုက် လဲလှယ်တပ်ဆင်မှုတွေလည်း လုပ်ဆောင်နေတယ်လို့ ပြောတယ်။

ဒါပေမဲ့ အမည်မဖော်လိုတဲ့ လျှပ်စစ်ကျွမ်းကျင်သူ သတင်းအရင်းအမြစ်တစ်ဦးအဆိုအရ 4 meter system ဟာလည်းဓါတ်အားခိုးယူသုံးစွဲမှုတွေကို ထိရောက်စွာကာကွယ်နိုင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

“ ဒီမီတာတွေနဲ့ အခုဓါတ်အားပျောက်တဲ့ပြဿနာကို ဖြေရှင်းနိုင်မယ်ဆိုတာမဟုတ်ဘူး။ သူလည်းလူနဲ့ လိုက်ပြီး အချက်အလက်ကောက်ရတဲ့ မီတာတစ်မျိုးပါပဲ” လို့ အထက်ပါ သတင်းရင်းမြစ်က မော်ကွန်းကိုရှင်းပြတယ်။

Photo – Kaung Htet San  ရန်ကုန်မြို့၊ ဗိုလ်တစ်ထောင်မြို့နယ်အတွင်း လမ်းမီးတိုင် လဲလှယ်တပ်ဆင်နေစဉ်

မီတာခတိုးကောက်တာ အဖြေလား

ကမ္ဘာ့ဘဏ်ရဲ့ လျှပ်စစ်ဆိုင်ရာအချက်အလက်တွေအရ အာဆီယံဒေသတွင်းနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ လျှပ်စစ်ဓါတ်အားပျောက်ဆုံးမှု မြင့်မားတဲ့တိုင်းပြည်တွေထဲ ပါဝင်တယ်လို့ ဖော်ပြပါတယ်။

၁၉၉၀ ကနေ ၂၀၁၄ အထိ ပြုစုမှတ်တမ်းတင်ထားတဲ့ ကမ္ဘာ့ဘဏ်ရဲ့အချက်အလက်တွေအရ အာဆီယံဒေသတွင်းနိုင်ငံတွေမှာ လျှပ်စစ်ဓါတ်အားပျောက်ဆုံးလေလွင့်မှုဟာ နှစ်ရာခိုင်နှုန်းကနေ ၁၈ ရာခိုင်နှုန်းလောက် အထိဖြစ်ပေါ်နေတယ်လို့ဖော်ပြတယ်။

ဒီကိန်းဂဏန်းတွေထဲအမြင့်ဆုံး ၁၈ ရာခိုင်နှုန်း ဓါတ်အားပျောက်ဆုံးနေတဲ့နိုင်ငံက မြန်မာပါ။ အသေးဆုံး ကိန်းဂဏန်းပိုင်ရှင်က စင်္ကာပူနိုင်ငံဖြစ်ပြီး ကြားထဲမှာတော့ ထိုင်း၊ဘရူနိုင်း၊ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ မလေးရှားနိုင်ငံတို့ အသီးသီးရှိပါတယ်။

ဒေါက်တာခွန်ဝင်းသောင်းကတော့ မြန်မာပြည်ရဲ့ လျှပ်စစ်ဓါတ်အားပျောက်ဆုံးမှုတွေဟာ ဓါတ်အားခိုးယူ သုံးစွဲမှုတွေကြောင့် ၁၀ ရာခိုင်နှုန်း၊ နည်းပညာအားနည်းလို့ ခုနှစ်ရာခိုင်နှုန်းနဲ့ ထုတ်လုပ်မှုအပိုင်းမှာ သုံးရာခိုင်နှုန်း ရှိတယ်လို့ အပြည်ပြည်ဆိုင်ရာ သုတေသန အစီရင်ခံစာတွေကို ကိုးကား ပြောဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်ကတော့ ခိုးယူသုံးစွဲနေတဲ့ မီတာတွေကိုစိစစ်မှုတွေမလုပ်ဘဲ ဒီအတိုင်းဆက်ထားမယ်ဆိုရင် နိုင်ငံတော်ဘဏ္ဍာပေါင်းများစွာ နှစ်စဉ်ပျောက်ဆုံးနေဦးမယ်လို့ လွှတ်တော်မှာသတိပေးတယ်။

လက်ရှိမှာ လျှပ်စစ်မီးသုံးစွဲခတွေ တိုးမြှင့်သတ်မှတ်ထားတဲ့အတွက် ဝန်ကြီးဌာနအနေနဲ့ ဝင်ငွေတိုးလာမှာ ဖြစ်သလို ပျောက်ဆုံးလေလွင့်နေတဲ့ လျှပ်စစ်ယူနစ်တွေကြောင့် လေလွင့်ငွေကြေးပမာဏဟာလည်း တိုးမြင့်လာမှာဖြစ်တယ်လို့ သူကဆိုတယ်။

ပြည်ထောင်စုလွှတ်တော်ရဲ့ ဘဏ္ဍာရေးဆိုင်ရာအစီရင်ခံစာတွေအရ အရှုံးပြလာခဲ့တဲ့ လျှပ်စစ်ကဏ္ဍဟာ မီတာခနှုန်းထား တိုးမြှင့်ပြောင်းလဲကောက်ခံခဲ့ပြီးနောက် ဒီဘဏ္ဍာနှစ်မှာ အမြတ်ငွေ ဘီလီယံ ၃၀ ကျော် စတင်ရရှိမယ်လို့ ဖော်ပြထားတယ်။

လျှပ်စစ်အရေးလေ့လာသူတွေကတော့ အစိုးရစိုက်ငွေများလွန်းလို့ ဓါတ်အားခတိုးမြှင့်ပြီး ပြည်သူထံကပြန်ယူသလို စီမံခန့်ခွဲမှုအားနည်းချက်ကြောင့် လျှပ်စစ်အလေအလွင့်ဖြစ်ပြီး ဆုံးရှုံးနေတဲ့ ပြည်သူ့ဘဏ္ဍာတွေကိုလည်း ပြန်လည်ဆယ်ယူဖို့ ဝန်ကြီးဌာနမှာ တာဝန်ရှိတယ်လို့ ဆိုကြတယ်။

မြန်မာပြည်ရဲ့ အကြီးဆုံးအလုပ်သမားအဖွဲ့ချုပ်တွေထဲ တစ်ခုအပါအဝင်ဖြစ်တဲ့ မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS)က အတွင်းရေးမှူး ဦးသက်နှင်းအောင်က“ ပြည်သူကိုတော့ လျှပ်စစ်မီတာခတိုးယူတယ်။ ယူပါ။ ပြည်သူတွေက ဆောင်ပါမယ်။ (လျှပ်စစ်)ဝန်ထမ်းနဲ့ပေါင်းပြီး ခိုးသုံးနေတဲ့သူတွေကို သူတို့ဘယ်လိုအရေးယူဖော်ထုတ်မလဲ။ ဒီလိုဟာတွေက အများပြည်သူဘဏ္ဍာဆုံးရှုံးရတာတွေပဲ ” လို့ ပြောပါတယ်။

မီတာခတွေ ပြောင်းလဲကောက်ခံမယ်လို့ အစိုးရကကြေညာတဲ့အခါ သူတို့အဖွဲ့ချုပ်က ဓါတ်အားခမတိုးမြှင့်ရေး ဆန္ဒဖော်ထုတ်မှုတွေ လုပ်ခဲ့ပါသေးတယ်။
ဦးသက်နှင်းအောင်ကတော့ လျှပ်စစ်ဓါတ်အားခတိုးမြှင့်မှုမှာ သာမန်ပြည်သူကိုမထိခိုက်အောင် ပြင်ဆင်ထားတယ်လို့ အစိုးရကဘယ်လိုပဲဆိုဆို မီတာခတိုးမြှင့်လိုက်တဲ့အတွက် ကုန်ဈေးနှုန်းတွေ တက်လာလို့ အလုပ်သမားထုအပေါ် သက်ရောက်မှုကြီးတယ်လို့ ဆိုပါတယ်။

ဒီရဲ့အကျိုးဆက်အဖြစ် အနည်းဆုံးလုပ်အားခသတ်မှတ်မှုအပေါ် သက်ရောက်မှုရှိမယ်လို့လည်း သူကပြောပါတယ်။
“ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအနေနဲ့ ကျွန်တော်တို့ကိုမီတာခတွေ ရဲရဲရင့်ရင့်တိုးမြှင့်လိုက်သလိုပဲ။ ကျွန်တော်တို့ အလုပ်သမားသမားတွေရဲ့ လုပ်ခလစာကိုလည်းတိုးတက်အောင် လုပ်ဆောင်ပေးမှရမယ်” လို့ သူကပြောတယ်။

ဘယ်လိုစီမံသင့်သလဲ

လျှပ်စစ်ကဏ္ဍလေ့လာသူတွေကတော့ ဒီလို လျှပ်စစ်ဓါတ်အားအလေအလွင့်မြင့်မားနေတဲ့ ကိစ္စတွေအပြင် ဒီဝန်ကြီးဌာနရဲ့ နေရာစုံမှာ ပြဿနာစုံရှိနေတယ်လို့ ဝေဖန်ကြတယ်။
လျှပ်စစ်ဈေးနှုန်းသတ်မှတ်မှုတွေ၊ ပစ္စည်းဝယ်ယူမှုတွေ၊ စီမံကိန်းဖော်ဆောင်မှုတွေမှာကအစ အားနည်းနေပြီး ပြဿနာတွေဟာ အစုံအလင်ဖြစ်နေတယ်လို့ သူတို့ကဆိုကြတယ်။
ဖြစ်ပေါ်နေတဲ့ ပြဿနာတွေရဲ့စုရပ်ဟာ ဝန်ကြီးဌာနအနေနဲ့ လျှပ်စစ်ဥပဒေပါ အမျိုးသားကော်မရှင် ဖွဲ့စည်းရမယ့်ကိစ္စကို မဖော်ဆောင်ဘဲ ဝန်ကြီးဌာနတစ်ခုတည်းနဲ့ နိုင်ငံလုံးနဲ့ဆိုင်တဲ့ လျှပ်စစ်ဆိုင်ရာ အရေးအရာတွေကို ဆုံးဖြတ်ချက်ချနေတာကအဓိကစိန်ခေါ်မှုလို့ လေ့လာသူတွေကဆိုကြပါတယ်။

“ ကော်မရှင်အမြန်ဖွဲ့ဖို့လိုပါတယ်။ ဒီဟာတွေ (လျှပ်စစ်ကဏ္ဍမှာကြုံနေရတဲ့ပြဿနာတွေ) က ဝန်ကြီးဌာန တစ်ခုတည်းနဲ့ လုပ်ဆောင်လို့မရပါဘူး” လို့ ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ရေးရာ ကော်မတီ အဖွဲ့ဝင်ဖြစ်တဲ့ ကျောက်တံတားမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထက်ကပြောပါတယ်။

သူက လျှပ်စစ်ဓါတ်အားပျောက်ဆုံးမှု၊ လျှပ်စစ်မီးပြတ်လပ်မှုကိစ္စတွေကို လွှတ်တော်မှာ မကြာခဏအကြံပြု တင်ပြနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်ပါတယ်။
နိုင်ငံတကာအပါအဝင် ဒေသတွင်းနိုင်ငံတွေမှာလည်း အများပြည်သူနဲ့သက်ဆိုင်တဲ့ လျှပ်စစ်ရေးရာ ကဏ္ဍတွေမှာ ဝန်ကြီးဌာနတစ်ခုတည်းရဲ့ ဆုံးဖြတ်ချက်နဲ့မဟုတ်ဘဲ နိုင်ငံလုံးဆိုင်ရာ အမျိုးသားလျှပ်စစ်ကော်မရှင်တွေဖွဲ့စည်းကာ အကြံပြုချက်တွေ၊ ဈေးနှုန်းသတ်မှတ်ချက်တွေ၊ သုတေသနအစီရင်ခံချက်တွေနဲ့ ပံ့ပိုးလည်ပတ်နေကြတယ်လို့ ဦးနေမျိုးထက်ကပြောပြတယ်။


လျှပ်စစ်နှင့်အီလက်ထရောနစ်လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးမြင့်ဇော်ကတော့ တိုင်းပြည်အတွက် အရေးကြီးတဲ့ လျှပ်စစ်ကဏ္ဍကိုဥပဒေပါအတိုင်းကော်မရှင်မဖွဲ့စည်းဘဲ ဝန်ကြီးဌာနတစ်ခုတည်းက ဆုံးဖြတ်လုပ်ကိုင်နေတာကိုက လွဲမှားနေတဲ့ စီမံခန့်ခွဲမှုလို့ ဆိုပါတယ်။

ဒေသတွင်းနိုင်ငံတစ်ခုဖြစ်တဲ့စင်္ကာပူနိုင်ငံမှာဆိုရင် နည်းပညာပိုင်းတွေ၊ ဓါတ်အားရောင်းချမှုတွေ၊ တင်ဒါခေါ်တာတွေကအစ ပညာရှင်ပေါင်းစုံပါဝင်တဲ့ အမျိုးသားလျှပ်စစ်ကော်မရှင်က အကြံပြုပေးပြီး အစိုးရကိုအကောင်အထည်ဖော်စေတယ်လို့ သူကဥပမာပေးရှင်းပြတယ်။

“ ဒီမှာကလူနှစ်ယောက်တစ်ပိုင်းက ဒီကဏ္ဍကြီးတစ်ခုလုံးကိုဆုံးဖြတ်လုပ်ကိုင်နေမှတော့ ဒီကဏ္ဍထဲမှာ ပြဿနာတွေ ရှိနေတာကမဆန်းဘူး” လို့ ဦးမြင့်ဇော်ကပြောပါတယ်။
လျှပ်စစ်ကဏ္ဍလေ့လာသူတွေ ဖွဲ့စည်းဖို့တိုက်တွန်းနေတဲ့အမျိုးသားလျှပ်စစ်ကော်မရှင်ကိုဖွဲ့စည်းဖို့လည်း ၂၀၁၄ ကတည်းကထုတ်ပြန်ထားတဲ့ လျှပ်စစ်ဥပဒေအခန်း(၃)မှာ ပြဌာန်းထားပါတယ်။

ဒီကော်မရှင်ကို နိုင်ငံတော်သမ္မတကရွေးချယ်စေလွှတ်သူက ဥက္ကဌအဖြစ်ဆောင်ရွက်စေပြီး ကျွမ်းကျင်သူ ပညာရှင်တွေနဲ့စုဖွဲ့ကာ ပြည်ထောင်စုလွှတ်တော်သဘောတူညီချက်နဲ့ဖွဲ့ရမယ်လို့ ဥပဒေမှာဆိုထားတယ်။ ကော်မရှင်အနေနဲ့ အမျိုးသားလျှပ်စစ်စွမ်းအားမူဝါဒရေးဆွဲတာ၊ လျှပ်စစ်ဈေးနှုန်းသတ်မှတ်တာ၊ နိုင်ငံတကာလျှပ်စစ်စံချိန်စံညွှန်းတွေနဲ့အညီ နှိုင်းယှဉ်လေ့လာပြီး ပြည်တွင်းလျှပ်စစ်ကဏ္ဍကို စိစစ်၊အကဲဖြတ်၊ အကြံဉာဏ်ပေးတာတွေ ဆောင်ရွက်ရမယ်လို့ ဥပဒေမှာဆိုထားတယ်။

Photo – Kaung Htet San  လှော်ကားပင်မ ဓာတ်အားခွဲစက်ရုံ

ဓါတ်အားပျောက်ဆုံးမှုကြောင့် ပြည်သူ့ဘဏ္ဍာငွေ အလေအလွင့်များနေတာကိုလျော့ပါးအောင် အစိုးရအနေနဲ့ အချိန်မီပြုပြင်ဖြေရှင်းသင့်ပြီး ဒီကိစ္စကိုမပြုပြင်နိုင်ရင် နှစ်စဉ် ပိုစိုက်ထုတ်နေရတဲ့ ပြည်သူ့ဘဏ္ဍာငွေတွေဟာ ဆင်းရဲတဲ့တိုင်းပြည်ရဲ့ဖွံ့ဖြိုးရေးအပေါ် ဘူးလေးရာဖရုံဆင့်သလို ထပ်ဆောင်းဝန်ပိစေတယ်လို့ လျှပ်စစ်ကဏ္ဍလေ့လာသူတွေက ဆိုကြတယ်။

လျှပ်စစ်ကဏ္ဍမှာ နည်းပညာပိုင်းဆိုင်ရာရင်းနှီးမြုပ်နှံနိုင်မှု အခြေအနေတွေအရအလေအလွင့်၊ အပျောက်အဆုံး ဆိုတာရှိတတ်ပေမယ့် နှစ်စဉ်ထုတ်လုပ်မှုရဲ့ ငါးပုံ၊တစ်ပုံလောက်အထိပျောက်ဆုံးနေတဲ့ မြန်မာ့လျှပ်စစ်ကဏ္ဍ ကိုတော့ အစိုးရကအဖြေရှာကိုင်တွယ်သင့်တယ်လို့ လျှပ်စစ်ကဏ္ဍလေ့လာသူတွေက ပြောပါတယ်။
ဒေါက်တာခွန်ဝင်းသောင်းကတော့ ဝိုင်းခိုးလို့ ပိုရှုံးနေတာကို မဆိုင်တဲ့ပြည်သူကို မျှခံခိုင်းနေရင် “ ငါးတကာပါတဲ့ချေး၊ ပုစွန်ခေါင်းမှာပဲစုခံစေ” ဆိုသလို ဆုံးရှုံးတာတွေကိုကာမိအောင် ဓါတ်အားခဈေးနှုန်း တိုးမြှင့်ကောက်ခံခြင်းက မဖြေမဟုတ်နိုင်တော့ဘူးလို့ သတိပေးပါတယ်။


#Cover_Story

အမျိုးအစား - မျက်နှာဖုံးဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."