ယင်းမာပင် – ၂၀၂၁ စက်တင်ဘာ ၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ မနေ့ညနေက ဆိုင်ကယ်သူခိုးနဲ့ အာဏာသိမ်းစစ်တပ် တည့်တည့်တိုးပြီး သူခိုးအပစ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၃ ရက် ညနေ ၆ နာရီဝန်းကျင်က စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်၊မုံရွာ-ပုသိမ်လမ်းဆုံ Denko ဆီဆိုင်အနီးမှာ ဆိုင်ကယ်ခိုးနေသူတစ်ဦးကို စစ်ကောင်စီတပ်သားတွေက ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မပြေးနဲ့လို့အော်တာကို ခိုးတဲ့သူကထွက်ပြေးတယ်ပြောတယ်။ ဒါနဲ့အပစ်ခံရပြီး ဆေးရုံရောက်သွားတယ်။ သေမသေတော့မသိရသေးဘူး”လို့ ယင်းမာပင်ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီ အာဏာလုပြီးနောက် တရားဥပဒေစိုးမိုးမှု ကင်းမဲ့သွားပြီး စစ်ကောင်စီတပ်သားတွေကိုယ်တိုင် တရားမဲ့ပြုကျင့်မှုတွေ ပေါ်ပေါက်နေကာ မုံရွာအပါအဝင် နယ်တွေမှာလည်း ဆိုင်ကယ်နဲ့ အခြားတန်ဖိုးကြီးပစ္စည်းတွေ ခိုးယူလုယက်ခံရမှုတွေ ဖြစ်ပေါ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မန္တလေးမှာလည်း ဆိုင်ကယ်ခိုးယူလုယက်တာ၊ လမ်းဘေးရပ်ဖုန်းပြောနေတဲ့သူကို ဓါးကိုင်ပြီးခြိမ်းခြောက်လုယက်တာ၊ ရာခိုင်နူန်းသက်သက်သာသာနဲ့ ငွေလဲပေးမယ်ဆိုပြီး ဓါးထောက်ငွေလွှဲခိုင်းတာတွေ ဖြစ်ပေါ်နေပါတယ်။
စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေထဲကိုလည်း စစ်ကောင်စီတပ်တွေ ဝင်ပြီး ပစ်ခတ် သတ်ဖြတ်တာ၊ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူတာ၊ အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်ခဲ့လို့ ထောင်ချီတဲ့ ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
အဲဒီအထဲက ကင်းမရွာဆိုရင် တစ်ရွာလုံးနီးပါး နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး သတ်ဖြတ်မှုတွေလုပ်ခဲ့တဲ့အပြင် ပြည်သူတွေပိုင်ဆိုင်တဲ့ စားနပ်ရိက္ခာ၊ အဖိုးတန်ပစ္စည်းတွေကို အာဏာသိမ်းစစ်ကောင်စီတပ်သားတွေ လုယူသွားခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နောက်ဆုံး တွက်ချက်ထုတ်ပြန်ချက်အရ တိုင်းပြည်အာဏာကို သိမ်းပိုက်ထားတဲ့ စစ်တပ်က သတ်ဖြတ်လို့ ကျဆုံးခဲ့ရတဲ့ ပြည်သူဟာ အနည်းဆုံး တစ်ထောင်ကျော်လာပြီဖြစ်ပါတယ်။
ဒါအပြင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၈၀၀၀ နီးပါးရှိလာကာ အာဏာသိမ်းစစ်တပ်အောက်က အကျဉ်းထောင်တွေမှာ အခုအချိန်ထိ ဖမ်းဆီးချုပ်နှောင်ထားခံနေရဆဲ ပြည်သူ ၆၀၀၀ ကျော်ရှိနေတယ်လို့ AAPP က မနေ့က ထုတ်ပြန်ပါတယ်။
#Dailynews

