ရန်ကုန်- ၂၀၂၃ စက်တင်ဘာ ၂၅ (မော်ကွန်း)
ပြည်ပရောက်မြန်မာလုပ်သားတွေ ဝင်ငွေခွန်ပေးဆောင်ဖို့ ဥပဒေပြဋ္ဌာန်းလိုက်တာဟာ အလုပ်သမားတွေအတွက် ပိုမိုခက်ခဲလာစေမယ်လို့ မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့ အလုပ်သမားတွေကို ကူညီနေသူတွေကပြောပါတယ်။
၂၀၂၃ ပြည်ထောင်စုအကောက်အခွန်ဥပဒေပြင်ဆင်ချက်တစ်စောင်ကို ပြီးခဲ့တဲ့ရက်ပိုင်းက အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ ဥပဒေပြင်ဆင်ချက်အရ တစ်နှစ် လစာ ကျပ်သိန်း ၂၀ မှ ၁၀၀ ကြားရရှိတဲ့ ပြည်ပမှာအလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေက လစာရဲ့ ၅ ရာခိုင်နှုန်း၊ တစ်နှစ်လစာ သိန်း ၁၀၀ အထက်ရရှိသူတွေက ၁၀ ရာခိုင်နှုန်း အခွန်ပေးဆောင်ရမှာဖြစ်ပါတယ်။
ဒါ့အပြင် တစ်နှစ်ကို ကျပ်သိန်း ၃၀၀ မှ ၅၀၀ ကြားရရှိသူတွေက အခွန် ၁၅ ရာခိုင်နှုန်း ၊ သိန်း ၅၀၀ မှ သိန်း ၇၀၀ ကြားရရှိသူတွေက ၂၀ ရာခိုင်နှုန်း နဲ့ သိန်း ၇၀၀ အထက် နှစ်စဉ်လစာရရှိသူများအနဖြင့် မိမိလစာရဲ့ ၂၅ ရာခိုင်နှုန်းအထိ အခွန်ပေးဆောင်ရမယ်လို့ ဆိုပါတယ်။
အဆိုပါ အခွန်ကောက်တဲ့ဥပဒေဟာ အောက်တိုဘာလ ၁ ရက်မှာ စတင်အသက်ဝင်မှာဖြစ်တယ်လို့ စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့ လုပ်ခလစာတွေကိုလည်း တရားဝင်ဘဏ်တွေကနေလွှဲဖို့ ညွှန်ကြားထားပြီး ဘဏ်တွေရဲ့ငွေဈေးသတ်မှတ်ချက်တွေကြောင့် အလုပ်သမားတွေ နစ်နာမှုတွေရှိတယ်လို့ ဂျပန်နိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ ကိုသူရထွန်းက ပြောပါတယ်။
“အခုက ဟွန်ဒီတွေကနေပဲ လွှဲနေကြတာ။ ဘဏ်တွေက အစိုးရရည်ညွှန်းဈေးနဲ့ဆိုတော့ ငွေဈေးက ကျွန်တော်တို့တွေ အများကြီးနစ်နာတယ်။ အဲ့ဒီအပေါ်မှာ ဝင်ငွေခွန်ဆိုပြီး ထပ်ကောက်တာ သိပ်အဓိပ္ပါယ်မရှိဘူး။ ပိုပြီး ခက်ခဲလာဖို့ပဲရှိတယ်” လို့ ၎င်းကပြောပါတယ်။
ပြည်ပမှာ အလုပ်လုပ်ကိုင်နေသူတွေထဲမှာ လစာကို လောက်ငအောင် ချွေတာလုပ်ကိုင်နေရသူတွေလည်းရှိပြီး အခုလို ဝင်ငွေခွန်ကောက်မယ့်အပေါ် ပေးဆောင်လိုခြင်းမရှိဘူးလို့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ မဝင်းစုက ပြောပါတယ်။
“ကျွန်မတို့ တစ်လလစာဝင်ငွေကို မနည်းလောက်ငှအောင်ချွေတာပြီး စုနေရတာ၊ မစားမသောက်ဘဲနဲ့ လုပ်နေကြရတာ။ ဒီကို အလုပ်လာလုပ်ဖို့ ပေးခဲ့ရတဲ့ အေးဂျင့်ကြေးတွေ၊ စာအုပ်လုပ်တဲ့ကြေးတွေတောင် မကြေသေးတဲ့ သူတွေရှိတယ်။ ဒါက ပိုက်ဆံမရှိလို့ ပြည်ပအလုပ်သွားလုပ်တဲ့သူတွေဆီက ခေါင်းပုံဖြတ်နေသလိုပဲ ” လို့ ၎င်းက ပြောပါတယ်။
၂၀၁၂ သမ္မတဦးသိန်းစိန်လက်ထက်မှာပြည်ပမှာ အလုပ်လုပ်ကိုင်နေသူတွေအတွက် ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုတဲ့ ဥပဒေကို ထည့်သွင်းပြဋ္ဌာန်းထားတာကို စစ်ကောင်စီလက်ထက်မှာ ပြန်လည်ပယ်ဖျက်လိုက်တာပါ။
ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးမှုကြောင့် ပြည်ပမှာ သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာအများအပြားရှိနေပြီး ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သား အများဆုံးလုပ်ကိုင်နေကာ စုစုပေါင်းအရေအတွက် ငါးသန်းနီးပါးရှိတယ်လို့ ခန့်မှန်းထားပြီး မလေးရှား၊ စင်ကာပူ၊ ကိုရီးယား၊ ဂျပန်၊ တရုတ် စတဲ့နိုင်ငံတွေမှာလည်း မြန်မာရွှေ့ပြောင်းလုပ်သားတွေ အများအပြားရှိနေတာပါ။
ပုံစာ – ထိုင်းနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်မယ့် မြန်မာလုပ်သားတွေကိုတွေ့ရစဉ်
Photo – အလုပ်သမားသံအရာရှိရုံး
#Dailynews

