စစ်တွေ- ၂၀၂၄ ဒီဇင်ဘာ ၂၄ ( မော်ကွန်း)
စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်မြို့တော်စစ်တွေမှာ အခုရက်ပိုင်းတွေအတွင်း စစ်ကောင်စီနဲ့ အာရက္ခတပ်တော်( AA) တို့ကြား အပြန်အလှန်ပစ်ခတ်မှုတွေရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီနေ့မနက်ပိုင်းက စစ်တွေမြို့၊ ရွှေမင်းဂံဆိပ်ကမ်းအနီးမှာ စစ်ကောင်စီနဲ့အာရက္ခတပ်တော်(AA)တို့ကြား မိနစ်အနည်းငယ်အကြာ အပြန်အလှန်ပစ်ခတ်မှုရှိခဲ့တယ်လို့ စစ်တွေမှာရှိနေတဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
” အဲ့ဒီဆိပ်ကမ်းမှာနေရာယူထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ အပြန်အလှန်ပစ်ခတ်ကြတာ။ ပြီးတော့ရွှေမင်းဂံ ဆိပ်ကမ်းအနီးမှာရပ်ထားတဲ့ စစ်ကောင်စီနေဗီ(ရေတပ်)တွေကလည်း လက်နက်ကြီးတွေနဲ့လှမ်းထုတယ်။ လက်နက်သံတွေက ဆူညံနေရော” လို့ ပြောပါတယ်။
ဒါ့အပြင် မနေ့ကလည်း စစ်တွေပင်လယ်ပြင်မှာရှိတဲ့ စစ်ကောင်စီရေတပ်က AA သိမ်းပိုက်ထားတဲ့ ပေါက်တောမြို့နယ်ဘက်ကို ဝင်ရောက်လာတဲ့အတွက် AA ဘက်ကနေ လက်နက်ကြီးနဲ့လှမ်းပစ်ကာ တားဆီးခဲ့ရတယ်လို့လည်း ပြောပါတယ်။
” စစ်တွေပင်လယ်ပြင်မှာ လုံခြုံရေးချထားတဲ့နေဗီတွေ အများကြီးရှိပါတယ်။ အဲ့ဒီထဲက တစ်စီးက AA ပိုင်နက်ထဲကို ဝင်လာတော့ AA က လက်နက်ကြီးတွေနဲ့ လှမ်းပစ်ပါတယ်။ နေဗီကလည်း လက်နက်ကြီးတွေနဲ့ ပြန်ပစ်ခတ်ပါတယ်။ ခဏကြာတော့ နေဗီကပြန်ဆုတ်သွားတယ်” လို့ အထက်ပါစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
အခုလို ပစ်ခတ်မှုတွေ ခပ်စိပ်စိပ်ရှိလာတဲ့အတွက် စစ်ကောင်စီက မြို့ထဲမှာ အရင်ကထက်လုံခြုံရေးပိုတင်းကျပ်ထားသလို လမ်းသွားလမ်းလာတွေကိုလည်း တင်းတင်းကြပ်ကြပ် စစ်ဆေးတာမျိုးတွေ ရှိတယ်လို့ သိရပါတယ်။
စစ်တွေမြို့ခံတွေကို မြို့ထဲကနေ အမြန်ဆုံးရှောင်တိမ်းကြရဖို့ AA က ပြီးခဲ့တဲ့ဧပြီလအတွင်း အသိပေးစာထုတ်ပြန်ခဲ့ပေမယ့် စစ်ကောင်စီရဲ့ပိတ်ဆို့မှုတွေကြောင့် ဒေသခံအများစုထွက်ပြေးခွင့်မရလိုက်ဘဲ ပိတ်မိကျန်နေခဲ့ကြပါတယ်။
လက်ရှိမှာ စစ်တွေမြို့ရဲ့စစ်ရေးအခြေအနေဟာ တိုက်ပွဲတွေအချိန်မရွေးထဖြစ်ပွားနိုင်တဲ့ အခြေအနေမှာရှိနေတဲ့အတွက် မြို့တွင်းမှာပိတ်မိနေသူဟာ အရမ်းကိုစိုးရိမ်နေကြပါတယ်။
” လက်တဆုပ်စာလောက်ပဲရှိတဲ့ စစ်တွေမြို့မှာ ရေလမ်းကလည်း ပြေးလို့မရ၊ ကုန်းလမ်းကလည်း ထွက်ပေါက်မရှိ ဖြစ်နေပြီ။ မြို့ထဲမှာစဖြစ်တာနဲ့ ပြည်သူတွေကတော့ကြားညပ်ပြီ။ ဒီရက်ပိုင်းထဲ လက်နက်သံတွေကြားလာရတော့ ပိုပြီးကြောက်လာတယ်” လို့ စစ်တွေမြို့ထဲမှာ ပိတ်မိနေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
AA အနေနဲ့ ရခိုင်ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ စစ်တွေအပါအဝင် ကျောက်ဖြူ၊ မာန်အောင် စတဲ့ မြို့၃ မြို့ကလွဲလို့ ကျန်တဲ့မြို့တွေအကုန်လုံးကို သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။
ပုံစာ- ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ကို သိမ်းထားတဲ့ AA တပ်ဖွဲ့ဝင်များ။
ဓါတ်ပုံ- AA Info Desk

