ဂေထော
ရန်ကုန် – ၂၀၂၀ ဩဂုတ် ၇ (မော်ကွန်း)
မွန်ညီညွတ်ရေးပါတီသည် လာမည့်အထွေထွေရွေးကောက်ပွဲတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ငါးခုတို့ရှိ မဲဆန္ဒနယ်များ၌ ကိုယ်စားလှယ်လောင်း ၆၇ နေရာဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်ဟု ယင်းပါတီထံမှ သိရသည်။
မွန်ညီညွတ်ရေးပါတီက ဇူလိုင် ၂၆ ရက်ကထုတ်ပြန်ခဲ့သည့် မဲဆန္ဒနယ် ၆၂ နေရာတွင် ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းရှိ ကော့သောင်းမြို့နယ်တို့ မပါဝင်ခဲ့သော်လည်း လက်ရှိတွင် ပဲခူးတိုင်းနှင့်တနင်္သာရီတိုင်း၌ ခြောက်နေရာတိုးလာခဲ့သည်။
ပဲခူးတိုင်းဒေသကြီး၌ ဝင်ရောက်ယှဉ်ပြိုင်ရသည့် အကြောင်းအရင်းနှင့် ပတ်သက်ပြီး ပါတီ၏တွဲဘက်အတွင်းရေးမှူး (၁) နိုင်လယိတမက “ကျွန်တော်တို့ပါတီကော်မတီလည်းရှိတယ်။ ပါတီရုံးတွေလည်းရှိတယ်။သမိုင်းကြောင်းအရ ပဲခူးဆိုတာမွန်တို့ရဲ့ ဟံသာ၀တီနေပြည်တော်ဖြစ်ခဲ့တဲ့အတွက် နိုင်ငံရေးအရနိုးကြားလာအောင်။ မျိုးချစ်စိတ်ဓာတ်ရှင်သန်လာအောင်ရည်ရွယ်ပြီး ကျွန်တော်တို့ရှုံးသည်ဖြစ်စေ၊နိုင်သည်ဖြစ်စေ ဝင်ပြိုင်ဖြစ်တာပေါ့” ဟု သူကပြောသည်။
သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကိုလည်း တင်သွင်းထားပြီးဖြစ်ကြောင်းနှင့် ပါတီ၏ရွေးကောက်ပွဲကြေညာစာတမ်းကို လာမည့်အပတ်အတွင်း၌ ပါတီ၏ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင် တင်ပြသွားရန်ရှိသည်ဟု နိုင်လယိတမကရှင်းပြသည်။
မွန်ညီညွတ်ရေးပါတီကို မွန်အမျိုးသားပါတီ(MNP)နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(AMDP ) နှစ်ခု ပူးပေါင်းတည်ထောင်ထားခြင်းဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၁၉ ဇူလိုင်အတွင်းက ခွင့်ပြုပေးခဲ့သည်။
ပုံစာ – မွန်ညီညွတ်ရေးပါတီအလံ ။
Photo – Mon Unity Party Facebook Page
#Dailynews