အောင်ထူးနိုင်
ရန်ကုန် – ၂၀၂၀ ဇူလိုင် ၈ (မော်ကွန်း)
လက်ရှိလွှတ်တော်သက်တမ်းအတွင်း ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် အဆိုအများဆုံးတင်သွင်းသူများမှာ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြောင်း ပွင့်လင်းမြန်မာ့ရှေ့ဆောင်သုတေသနအဖွဲ့(Open Myanmar Initiative-OMI) က ပြုစုထားသည့် စစ်တမ်းများကဖော်ြပသည်။
OMI ၏ စစ်တမ်းအရ ပြည်သူ့လွှတ်တော်တွင် ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်က အဆိုခုနစ်ခု တင်သွင်းခဲ့ပြီး အဆိုအများဆုံးတင်သွင်းခဲ့သူဖြစ်သည်။
အမျိုးသားလွတ်တော်တွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် (၁၁) မှ ဒေါ်ထုမေ က အဆိုသုံးခုတင်ခဲ့ပြီး အများဆုံးအဆိုတင်သူအဖြစ် ဖော်ပြထားခြင်းဖြစ်သည်။
ပြည်သူ့လွှတ်တော်တွင် အဆိုအများဆုံးတင်သွင်းခဲ့သူ ဒေါ်ယဉ်မင်းလှိုင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဖြစ်ပြီး အမျိုးသားလွှတ်တော်တွင် အဆိုအများဆုံးတင်သွင်းခဲ့သူ ဒေါ်ထုမေသည် ရခိုင်အမျိုးသားပါတီမှ ဖြစ်သည်။
ပြည်သူ့လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ၄၄၀ ဦးအနက် လွှတ်တော်အစည်းအဝေးများတွင် အဆိုတင်သွင်းခဲ့သူ ၈၂ ဦး ရှိပြီး စုစုပေါင်း အဆို ၁၅၆ ခု တင်သွင်းခဲ့သည်။
ယင်းအဆို တင်သွင်းသူများအနက် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၆၂ ဦးရှိပြီး NLD ပါတီဝင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးက အဆိုတင်သွင်းနိုင်သည်ကို တွေ့ရသည်။
အခြားပါတီများမှ အဆိုတင်သွင်းမှုအရေအတွက်မှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD) မှ ငါးဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) မှ ၁၀ ဦး၊ တစ်သီးပုဂ္ဂလမှ တစ်ဦး၊ ရခိုင်အမျိုးသားပါတီမှ ၂ ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီမှတစ်ဦး၊ အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီမှတစ်ဦးတို့ ဖြစ်ကြသည်။
အမျိုးသားလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ၂၂၄ ဦးအနက် လွှတ်တော်အစည်းအဝေးများတွင် အဆိုတင်သွင်းခဲ့သူ ၂၅ ဦးရှိပြီး စုစုပေါင်းအဆို ၃၀ ခု တင်သွင်းခဲ့သည်။
ယင်းအဆို တင်သွင်းသူများအနက် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးရှိပြီး NLD ပါတီဝင်အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် သုံးဦးက အဆိုတင်သွင်းနိုင်သည်ကို တွေ့ရသည်။
အခြားပါတီများမှ အဆိုတင်သွင်းမှုအရေအတွက်မှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD) မှ တစ်ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) မှ တစ်ဦး၊ တစ်သီးပုဂ္ဂလမှ တစ်ဦး၊ ရခိုင်အမျိုးသားပါတီမှ လေးဦးတို့ ဖြစ်ကြသည်။
#Dailynews