ရန်ကုန် – ၂၀၂၃ ဧပြီ ၅ (မော်ကွန်း)
ပြည်တွင်းရွှေဈေးနှုန်းဟာ ဒီနေ့တစ်ရက်အတွင်း တစ်ကျပ်သားကို ကျပ်သုံးသောင်းကျော်ထိ မြင့်တက်ခဲ့တယ်လို့ ရွှေအရောင်းအဝယ်ဈေးကွက်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
မနေ့က တစ်ကျပ်သားကို ကျပ် ၂၉ သိန်း ၃ သောင်းကျော် (၂,၉၃၇,၀၀၀) ကနေ ဒီနေ့မှာ တစ်ကျပ်သားကို ကျပ် ၂၉ သိန်း ၇ သောင်းကျော်နဲ့ ဈေးကွက်ဖွင့်ခဲ့ပြီး ကျပ်သုံးသောင်းကျော် မြင့်တက်ခဲ့တာပါ။
ဒါ့အပြင် ရွှေဈေးနှုန်းတွေကိုလည်း မွန်းလွဲ ၂ နာရီခန့်မှ ဈေးကွက်ဖွင့်နိုင်ခဲ့ပြီး ကမ္ဘာ့ရွှေဈေးမြင့်တက်မှုတွေကြောင့် ပြည်တွင်းရွှေဈေးကွက်မှာ လှုပ်ခတ်မှုတွေရှိနေတယ်လို့ ရွှေလုပ်ငန်းရှင်အသင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ ဈေးအရမ်းဟသွားမှာကြောင့်ရယ် ရွှေအသင်းက အစည်းအဝေးလုပ် တိုင်ပင်ပြီးမှ ဈေးကွက်ဖွင့်ခဲ့တယ်။ အရောင်းအဝယ်လည်း သိပ်မလုပ်ရဲကြဘူး။ အတက်ကြီးပဲ ဖြစ်နေတာဆိုတော့ ဝယ်မယ့်သူထက် ရောင်းမယ့်သူကများတယ်” လို့ သူကပြောပါတယ်။
ဒီနေ့မှာ ကမ္ဘာ့ရွှေဈေးနှုန်းဟာ တစ်အောင်စကို ၂၀၂၅ ဒေါ်လာထိ မြင့်တက်နေပြီး ကမ္ဘာ့ရွှေဈေးနှုန်းမြင့်တက်မှုက ပြည်တွင်းရွှေဈေးကိုလည်း ရိုက်ခတ်မှုရှိခဲ့တယ်လို့ သိရပါတယ်။
ကမ္ဘာ့ရွှေဈေးနှုန်းဟာ အမေရိကန်ဘဏ်ပြိုလဲမှုဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် ပြီးခဲ့တဲ့မတ်လ တတိယအပတ်ကစတင်ကာ မြင့်တက်ခဲ့တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။
“ဘဏ်ပြိုလဲမှုဖြစ်စဉ် အမေရိကမှာဖြစ်ပြီးတော့ ကမ္ဘာ့ရွှေဈေး တောက်လျှောက်ထိုးတက်လာတယ်လို့ ပြောလို့ရတယ်။ ပြီးခဲ့တဲ့ လပိုင်းက တစ်အောင်စကို ဒေါ်လာ ၁,၈၀၀ (ကမ္ဘာ့ရွှေဈေး) လောက်ကနေ ၂,၀၀၀ ကျော်ကို တောက်လျှောက်ထိုးတက်လာတာ၊ ပြောရရင် ရွှေကို ပိုရင်းနှီးမြှုပ်နှံလာတယ်။ ရွှေဝင်ကစားတာများလာတယ်” လို့ သူကပြောပါတယ်။
မတ်လ နောက်ဆုံးအပတ်အတွင်းမှာ ကမ္ဘာ့ရွှေဈေးနှုန်းမြင့်တက်လာခြင်းနဲ့အတူ ပြည်တွင်းရွှေဈေးနှုန်းဟာလည်း လိုက်ပါမြင့်တက်ခဲ့ပြီး တစ်
ကျပ်သားကို ၂၉ သိန်းကျော်ကို တစ်ရိပ်ရိပ် မြင့်တက်လာခဲ့တယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ကတော့ ပြည်တွင်းရွှေဈေးကွက်ဟာ ကမ္ဘာ့ရွှေဈေးကွက်နဲ့ ဆက်စပ်မှုမရှိကြောင်းနဲ့ ဈေးကစားသူတွေ၊ ဈေးဆွဲတင်သူတွေရှိနေပြီး စုံစမ်းဖော်ထုတ်အရေးယူသွားမယ်လို့ ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်က ကြေညာချက်ထုတ်ခဲ့ပြီး ဈေးကွက်ကို ထိန်းသိမ်းဖို့ ကြိုးစားခဲ့ပါသေးတယ်။
#Dailynews

