ပွင့်လင်းမြင်သာမှု မရှိတဲ့ ရန်ကုန်မြို့သစ် စီမံကိန်း

ပွင့်လင်းမြင်သာမှု မရှိတဲ့ ရန်ကုန်မြို့သစ် စီမံကိန်း

ရန်ကုန်(သြဂုတ်၊ ၂ဝ၁၇)
သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် မေးခွန်းပေါင်းများစွာနှင့် ရင်ဆိုင်ခဲ့ရသည့် ရန်ကုန်မြို့သစ် စီမံကိန်းကို NLD အစိုးရသစ် တက်လာပြီး တစ်နှစ်ကျော်အကြာတွင် ပြန်လည်စတင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြင်ဆင်နေသည်။

ယခင်အစိုးရလက်ထက် ၂ဝ၁၄ စက်တင်ဘာတုန်းက ကြည့်မြင်တိုင်တစ်ဖက်ကမ်းတွင် မြို့သစ်ချဲ့ရန် ရန်ကုန်မြို့တော်ဝန်က လွှတ်တော်တွင် ရုတ်တရက် တင်ပြခဲ့သည်။

ယင်းစီမံကိန်းအား ‘မြန်မာ့စေတနာမြို့သစ်အများပိုင်ကုမ္ပဏီ’က တာဝန်ယူအကောင်အထည်ဖော်ရန် ရွေးချယ်ထားကြောင်း ပြောကြားချက်အပေါ် ပွင့်လင်းမြင်သာမှုမရှိဟု လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ခဲ့သည်။ ထို့နောက် စီမံကိန်းကို ခေတ္တရပ်ဆိုင်းခဲ့ပြီး တစ်နှစ်ခန့်အကြာတွင် တင်ဒါခေါ်ယူရာ ကုမ္ပဏီသုံးခု တင်ဒါအောင်မြင်ခဲ့သည်။

ယင်းတင်ဒါအောင်မြင်သည့် ကုမ္ပဏီသုံးခုပေါင်းကာ ဖွဲ့စည်းထားသည့် Consortium ကုမ္ပဏီနှင့် ယခင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်ဆွေ (ယခု ဒုတိယသမ္မတဦးမြင့်ဆွေ) ဦးဆောင်သည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် ၂ဝ၁၆ မတ် ၂၈ ရက် (အစိုးရသက်တမ်းကုန်ခါနီး နှစ်ရက်အလို)တွင် ရန်ကုန်မြို့သစ်စီမံကိန်းလုပ်ငန်းဆောင်ရွက်မှု သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့သည်။

NLD အစိုးရသစ်တက်လာပြီးသည့်အခါတွင်လည်း ရန်ကုန်မြို့သစ်စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်မည်ဟု အစိုးရအဖွဲ့သစ်က ထုတ်ဖော်ပြောကြားခဲ့သည်။

ယခုနှစ် မတ်လအတွင်း ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ၂ဝ၁၇-၁၈ ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်းဥပဒေကြမ်းတင်သွင်းရာတွင် ရန်ကုန်မြို့သစ်စီမံကိန်းကို နောက်ဆက်တွဲအဖြစ် တိုင်းဒေသကြီးအစိုးရက တင်သွင်းခဲ့သည်။ ၎င်းဥပဒေကြမ်းတွင် မြို့သစ်စီမံကိန်းကို အစိတ်အပိုင်းတစ်ရပ်အဖြစ် ထည့်သွင်းဖော်ပြထားပြီး လုပ်ငန်းစဉ် အသေးစိတ်ကို ရှင်းလင်းထားခြင်းမရှိသဖြင့် ထပ်မံဆွေးနွေးရန် လွှတ်တော်ကိုယ်စားလှယ်များက တင်ပြခဲ့သည့်အတွက် ယင်းနောက်ဆက်တွဲ မပါဘဲ ဒေသန္တရစီမံကိန်းကိုသာ အတည်ပြုခဲ့သည်။

ထို့နောက် လေးလနီးပါးအကြာ ဇူလိုင် ၁ဝ ရက်တွင် ပြုလုပ်သည့် တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးတွင် ကြည့်မြင်တိုင်တစ်ဖက်ကမ်း၊ တွံတေးမြို့နယ်နှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းမှ အဆိုပြုခန့်မှန်းဧရိယာဧက သုံးသောင်းကျော်ပါဝင်သည့် ရန်ကုန်မြို့သစ်စီမံကိန်းကို လွှတ်တော် ကိုယ်စားလှယ်များအား ကြိုတင်အသိပေးခြင်း မရှိဘဲ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ရှင်းလင်းခဲ့သည်။

အစိုးရက အများနှင့်သက်ဆိုင်သည့်စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်မည်ဆိုပါက လွှတ်တော်သို့တင်ပြပြီး ဆွေးနွေးအတည်ပြုရန်လိုကြောင်း ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက မော်ကွန်းသို့ ပြောသည်။

ဆက်လက်အကောင်အထည်ဖော်မည့် ရန်ကုန်မြို့သစ်စီမံကိန်းတွင် ပြောင်းလဲမှုများရှိသည့်အတွက် လက်ရှိလွှတ်တော်တွင် ထပ်မံဆွေးနွေးရန်လိုအပ်ကြောင်း သူက ထောက်ပြသည်။

ဒဂုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်၂၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကလည်း အစိုးရက လွှတ်တော်သို့ အဆိုတင်သွင်းခြင်း မဟုတ်ဘဲ ရှင်းလင်းတင်ပြခြင်းသည် ”နှစ်ပေါက်တစ်ပေါက်ရိုက်”ခြင်းဖြစ်သည်ဟု ဝေဖန်သည်။

ဘာကြောင့် မြို့သစ်ချဲ့ဖို့ လိုတာလဲ
ဒေါ်နီလာကျော်က ရန်ကုန်မြို့၏ လက်ရှိနယ်နိမိတ်အတွင်း လူဦးရေတစ်သန်းမှ နှစ်သန်းအထိသာ ထပ်မံနေထိုင်နိုင်မည် ဖြစ်သည့်အတွက် ရန်ကုန်မြို့ကို ချဲ့ထွင်ရန်လိုကြောင်း လွှတ်တော်တွင် ပြောကြားခဲ့သည်။

လက်ရှိ ရန်ကုန်မြို့လူဦးရေသည် ခုနစ်သန်းကျော်ရှိနေပြီး ၂ဝ၃ဝ ပြည့်နှစ်တွင် ၁ဝ သန်း ကျော်လာမည်ဖြစ်သည့်အတွက် ကြည့်မြင်တိုင်တစ်ဖက်ကမ်းတွင် မြို့သစ်တိုးချဲ့ရန် စီစဉ်ခြင်းဖြစ်သည်ဟု ဒေါ်နီလာကျော်က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း ကြည့်မြင်တိုင် တစ်ဖက်ကမ်းတွင် ရန်ကုန်မြို့သစ်စီမံကိန်းကို လာမည့်ပွင့်လင်းရာသီတွင် စတင်အကောင်အထည်ဖော်ရန် လျာထားသည်ဟု ဇူလိုင် ၂၃ ရက်က ပုဂ္ဂလိကကဏ္ဍမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

သို့သော် မြို့ပြစီမံကိန်းပညာရှင်များက ရန်ကုန်မြို့၏ လက်ရှိလူဦးရေတိုးနှုန်းသည် တစ်နှစ်လျှင် တစ်သိန်းဝန်းကျင်သာ တိုးလာခြင်းဖြစ်သည့်အတွက် ဆယ်နှစ်ကြာလျှင် တစ်သန်းဝန်းကျင်သာ တိုးလာမည်ဖြစ်ပြီး ဧကသုံးသောင်းကျော်ရှိသည့် ရန်ကုန်မြို့သစ်စီမံကိန်းကို အဆောတလျင် စတင်ရန် မလိုကြောင်းထောက်ပြသည်။

ရန်ကုန်မြို့သစ်တိုးချဲရန်လုပ်ဆောင်ခြင်းမှာ လက်ရှိတွင် မလိုအပ်သေးဘဲ ရန်ကုန်မြို့တွင်းမှာရှိသော မြို့သစ်များအား အဆင့်မြှင့်တင်ခြင်းကို ဦးစွာလုပ်ဆောင်သင့်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးပညာရှင်ဦးမြင့်မိုရ်ဆွေက ပြောသည်။

မဟာဗျူဟာစီမံကိန်းများ
ယခင်အစိုးရလက်ထက်တွင် အကောင်အထည်ဖော်ရန် စီစဉ်ခဲ့သည့် ရန်ကုန်မြို့သစ်စီမံကိန်းသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ ပူးပေါင်းရေးဆွဲထားသည့် မဟာရန်ကုန်မြို့ပြမဟာဗျူဟာစီမံကိန်းဖြစ်သည်။

ယခင်မြို့သစ်စီမံကိန်းအရ ရန်ကုန်မြို့အနောက်တောင်ဘက်ခြမ်းရှိ မြို့သစ်အကောင်အထည်ဖော်မည့်နေရာတွင် တွံတေးမြို့နယ်မှ ဧရိယာ ၁၈,၅၂၇ ဧက၊ ဆိပ်ကြီးခနောင်တိုမြို့နယ်မှ ၄၉၇ ဒသမ ၉၄ ဧကနှင့် ကြည့်မြင်တိုင်မြို့နယ်မှ ၁,၆၉၅ ဧကတို့ ပါဝင်ကြောင်း ဒေါ်နီလာကျော်က လွှတ်တော်တွင် ပြောသည်။

လက်ရှိ အစိုးရသစ်လက်ထက်တွင်လည်း မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာစီမံကိန်းကို JICA နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းပြီး ပြန်လည်ပြင်ဆင်ရေးဆွဲခဲ့သည်။

ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် ယခင်တိုင်းဒေသကြီးအစိုးရနှင့် Consortium ကုမ္ပဏီတို့ ချုပ်ဆိုခဲ့သည့် စာချုပ်ကို ဖျက်သိမ်းရန် Consortium ကုမ္ပဏီကို အစိုးရရုံးသို့ ခေါ်ယူညှိနှိုင်းပြီး စာချုပ်ကို ဖျက်သိမ်းခဲ့သည်ဟု ဒေါ်နီလာကျော်က ဆိုသည်။

NLD အစိုးရလက်ထက်တွင် အကောင်အထည်ဖော်မည့်
စီမံကိန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်သည့် New Yangon Development Corporation မှ ကြီးကြပ်သွားမည်ဟု ဒေါ်နီလာကျော်က ရှင်းပြသည်။ အဆိုပါ ကော်ပိုရေးရှင်းသည် အထူးကုမ္ပဏီဖွဲ့စည်းမှုဥပဒေအရ ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်မည့် အမြင့်ဆုံးအာဏာပိုင်အဖွဲ့ ဖြစ်လာမည်ဟု ဆိုသည်။ သို့သော် ကော်ပိုရေးရှင်းကို ဖွဲ့စည်းမည့်ပုံစံ၊ ပါဝင်မည့်သူများကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

ရန်ကုန်မြို့သစ်စီမံကိန်းကို လွှတ်တော်တွင်တင်သွင်းရာ၌မြို့သစ်တည်ဆောက်ရေးစီမံကိန်းတိုးချဲ့တည်ဆောက်ရန် လို
အပ်လာမှုများ၊ ယခင်အစိုးရ၏ ဆောင်ရွက်ခဲ့မှုများ၊ လက်ရှိ ရန်ကုန်မြို့သစ်တည်ဆောက်မည့်အစီအမံနှင့် ပြင်ဆင်ဖွဲ့စည်းခြင်း၊ လုပ်ငန်းဆောင်ရွက်မှုပုံစံပြန်လည်ပြင်ဆင်သည့်အကြောင်းရင်းများ၊ ကြုံတွေ့နိုင်သည့် ငွေကြေးရင်းနှီးမြှုပ်နှံမှုနှင့် အခြေခံအဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲမှုအပေါ် ပြင်ဆင်ထားသည့် အချက်များကို ဒေါ်နီလာကျော်က ဇူလိုင်လဆန်းတွင် ပြုလုပ်သည့် လွှတ်တော်အရေးပေါ်အစည်းအဝေးတွင် ထည့်သွင်းရှင်းလင်းခဲ့သည်။

”ဒီအဖွဲ့အစည်းနဲ့ပတ်သက်လို့ဘယ်သူက ဘယ်လိုဖွဲ့မှာလဲ။ ဒါကိုလည်း ပြည်သူက သိသင့်တယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဆိုသည်။

”ဖွဲ့ပြီးမှ မပီပြင်မှာလည်းစိုးတယ်”ဟု သူက ပြောသည်။

 

ငွေကြေး ဘယ်ကရမလဲ
မြို့သစ်စီမံကိန်းတွင် ငွေကြေးရင်းနှီးမြှုပ်နှံမှုအတွက် ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်းစသည့် ငွေကြေးဆိုင်ရာဌာနများမှ ရင်းနှီးမြှုပ်နှံပြီး လုပ်ငန်းဆောင်ရွက်ခြင်း၊နိုင်ငံခြားချေးငွေရယူခြင်း၊ ပုဂ္ဂလိကနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း စသည့် နည်းလမ်းသုံးမျိုးဖြင့် ဆောင်ရွက်သွားမည်ဟု ဒေါ်နီလာကျော်က ဆိုသည်။

မြို့ပြစီမံကိန်းနှင့်ဖွံ့ဖြိုးရေးပညာရှင် ဒေါက်တာကျော်လတ်က မြို့သစ်စီမံကိန်းရင်းနှီးမြှုပ်နှံမှု နည်းလမ်းသုံးခုအနက် နှစ်ခုမှာ ပြည်ပချေးငွေကို အားထားချေးယူရခြင်းဖြစ်ပြီး ယင်းသို့ချေးယူရာတွင် ကုန်ထုတ်လုပ်မှု တိုးမြှင့်ရေး အထောက်အကူပြုရန်သာ အဓိကထားယူသင့်သည်ဟု ဆိုသည်။

”အိမ်ရာတည်ဆောက်တဲ့အပိုင်းမှာ ပြည်ပချေးငွေရယူဖို့ မသင့်ဘူး”ဟု ဒေါက်တာကျော်လတ်က ပြောသည်။

”အိမ်ဆောက်ချင်လို့ယူတဲ့ပိုက်ဆံက ပြန်ဝင်မယ့် ပိုက်ဆံ မဟုတ်ဘူး။ ခေါ်တာက Social Sector လို့ ခေါ်တယ်။ အဲဒီဘက်မှာတော့ မချေးသင့်ပါဘူး”ဟု သူက ဆိုသည်။

မြို့ပြစီမံကိန်းပညာရှင် ဦးမြင့်မိုရ်ဆွေကလည်း အပြည်ပြည်ဆိုင်ရာငွေကြေးအဖွဲ့အစည်းများသည် ငွေကြေးပိုင်းဆိုင်ရာ ထောက်ပံ့ပေးမှုသာ ပြုလုပ်လေ့ရှိသည့် အဖွဲ့အစည်းသာဖြစ်ပြီး သူတို့ကိုယ်တိုင် ရင်းနှီးမြှုပ်နှံတာမျိုးလုပ်လေ့မရှိဟု ထောက်ပြသည်။

လက်ရှိတွင် ပြည်ပနိုင်ငံများသို့ ပေးရန် ကြွေးမြီမှာ အမေရိကန်ဒေါ်လာ ကိုးဘီလီယံကျော် (သန်းကိုးထောင်) ရှိနေကြောင်း ဇွန် ၂ဝ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက တင်သွင်းသည့် ၂ဝ၁၇ ကာလလတ် ကြွေးမြီ စီမံခန့်ခွဲမှုနှင့်ပတ်သက်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းသို့သောအချိန်တွင် ကြည့်မြင်တိုင်တစ်ဖက်ကမ်း၌ မြေအောက်တံတားထိုးခြင်းအပါအအဝင် မြေယာပြုပြင်ခြင်းများအတွက် ငွေကုန်ကြေးကျမှုများပြားမည့် ရန်ကုန်မြို့သစ်တည်ဆောက်ရေးစီမံကိန်းအား သေချာပြန်လည်သုံးသပ်ရန်လိုကြောင်း မြို့ပြစီမံကိန်းပညာရှင်များက ထောက်ပြကြသည်။

ပြည်ပချေးငွေများကို အဓိကမျှော်ကိုးပြီး ပြုလုပ်မည့် ရန်ကုန်မြို့သစ်စီမံကိန်းအတွက် ”စီးပွားရေးအရရော၊ ငွေကြေးအရပါ အသေးစိတ်စဉ်းစားချင့်ချိန်ဖို့ လိုအပ်တယ်” ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက မော်ကွန်းသို့ ပြောသည်။

 

ဖြေရှင်းနိုင်မည့် နည်းလမ်းများ
ရန်ကုန်မြို့သစ်စီမံကိန်းကိုအကောင်အထည်ဖော်ဆောင်ပါက လက်ရှိ ရန်ကုန်တွင် ရင်ဆိုင်နေရသည့် ကျုးကျောြ်ပဿနာ၊ အလုပ်လက်မဲ့ပြဿနာ၊ ရေပေးဝေမှုပြဿနာ၊ လျှပ်စစ်မီးပြဿနာ၊ လမ်းပိတ်ဆို့မှုပြဿနာနှင့် မြေယာဈေးကြီးမှု ပြဿနာတို့ကို ဖြေရှင်းနိုင်မည်ဟု ဒေါ်နီလာကျော်က ဇူလိုင်လဆန်းက ပြုလုပ်ခဲ့သော လွှတ်တော်အရေးပေါ်အစည်းအဝေးတွင် ပြောကြားသည်။

သို့သော် ပညာရှင်များကတော့ ယင်းပြဿနာများကို ဖြေရှင်းရန် ရန်ကုန်မြို့သစ်ကို တိုးချဲ့မည်ဆိုခြင်းမှာ လက်တွေ့ကျသည့် လုပ်ဆောင်ချက်မဟုတ်ဟု ဝေဖန်သည်။

လက်ရှိတွင် လူဦးရေတစ်သိန်းခွဲကျော်ရှိသည့် ကျူးကျော် ပြဿနာကို ဖြေရှင်းဖို့ဆိုလျှင် အလုပ်အကိုင်ဖန်တီးရေးကို ဦးစွာ လုပ်ဆောင်ပေးရန်လိုကြောင်း ဒေါက်တာကျော်လတ်ကထောက်ပြသည်။

”ရန်ကုန်မြို့ လူဦးရေတိုးတိုင်း ဒီလူတွေက အိမ်ရာလိုအပ်လာတာ မဟုတ်ဘူး။ တိုးလာတဲ့လူတွေတိုင်းက အိမ်ရာသီးသန့်ဝယ်နိုင်တာ မဟုတ်ဘူး” သူက ဆိုသည်။

ယာဉ်ကြောကျပ်တည်းမှုပြဿနာကို မြို့သစ်ချဲ့ခြင်းဖြင့် ဖြေရှင်းနိုင်မည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဆိုထားသည်။ သို့သော် ၎င်းပြဿနာကို ဖြေရှင်းရန် မြို့လယ်တွင် တစ်စုတစ်စည်းတည်းဖြစ်နေသည့် စီးပွားရေးအဆောက်အဦများဖြစ်သော ဈေးဝယ်စင်တာများ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များကို မြို့တွင်းခြောက်မြို့နယ်နှင့်လှမ်းသည့် နေရာများသို့ ခွဲထုတ်လိုက်ခြင်းဖြင့် ယာဉ်ကြောကျပ်တည်းမှုပြဿနာကို အထိုက်အလျောက် ပြေလည်နိုင်သည်ဟု မြို့ပြစီမံကိန်းပညာရှင်များက ထောက်ပြသည်။

အလားတူ မြေယာဈေးကြီးမြင့်သည့် ပြဿနာကို ဖြေရှင်းရန်လည်း မြေယာဝယ်ထားပြီး ဘာမျှ အသုံးမချသည့်သူများအား အခွန်ထပ်ဆောင်းပေးစေခြင်းစသည့် ဥပဒေဖြင့်ထိန်းချုပ်သည့် နည်းလမ်းများကိုသာ အသုံးပြုသင့်သည်ဟု မြို့ပြပညာရှင်များက ဆိုသည်။

အခြေခံလိုအပ်ချက်ဖြစ်သည့် ရေပေးဝေရေးနှင့်လျှပ်စစ်မီးတို့အတွက် အစိုးရ – ပုဂ္ဂလိကဖက်စပ်စနစ် (Private Public Partnership) ဆောင်ရွက်ရန် ပြင်ဆင်ထားကြောင်း ဒေါ်နီလာကျော်က လွှတ်တော်တွင် ရှင်းလင်းခဲ့သည်။ လျှပ်စစ်လုပ်ငန်းအတွက် သီးခြားထုတ်လုပ်မှု၊ သီးခြားဆက်သွယ်မှုလိုင်းဖြင့် ဆောင်ရွက်သွားမည်ဟု သူက ဆိုသည်။

သို့သော် ရန်ကုန်မြို့သစ်စီမံကိန်းအတွက် လျှပ်စစ်စွမ်းအင်ကို မည်သည့်ရင်းမြစ်မှ ထုတ်ယူမည်ကို ဒေါ်နီလာကျော်က ထည့်သွင်းပြောကြားခဲ့ခြင်းမရှိပေ။

ပြင်ဆင်မှုမရှိရင် ဘာတွေဖြစ်လာမလဲ
ရန်ကုန်တိုင်းအစိုးရသစ်က ယခုနှစ်ဆန်းပိုင်းတွင် မြို့တွင်းသယ်ယူပို့ဆောင်ရေးစနစ်ကို ပြောင်းလဲခဲ့သော်လည်း သေချာပြင်ဆင်ထားမှုအားနည်းပြီး အလျင်စလို အကောင်အထည်ဖော်ခဲ့သည့်အတွက် ခုနစ်လကျော်ကြာမြင့်လာချိန်အထိ ချောချောမွေ့မွေ့မရှိသေးသောကြောင့် အစိုးရအဖွဲ့၏ ဆောင်ရွက်မှုအား ဝေဖန်မှုများ ရှိခဲ့သည်။

တွံတေးမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦးကတော့ရန်ကုန်တိုင်းအစိုးရသည် YBS စနစ်ကို အကောင်အထည် ဖော်စဉ် တွေ့ကြုံရသည့် အခက်အခဲများကိုသင်ခန်းစာယူကာ မြို့သစ်စီမံကိန်းကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သွားနိုင်သည်ဟု သုံးသပ်သည်။

ဦးမြင့်မိုရ်ဆွေက ”အရင်အစိုးရတုန်းကလည်း မြို့သစ်ဆိုပြီး လုပ်တယ်။ လူတွေ တကယ်နေရေးကို လုပ်ပေးချင်တာလား။ ကန်ထရိုက်တွေကို မြို့နေရာပေးချင်တာလား။ ဒီနှစ်ခုလုံးပဲလား။ ဝရုန်းသုန်းကားနဲ့ အစာမကျေတဲ့မေးခွန်းတွေနဲ့ လုံးလည်ချာလည်ရပ်သွားတာပဲ။ အဲဒီလိုမဖြစ်ရအောင် အစိုးရက ဖြစ်တန်စွမ်းကို သေချာလေ့လာဖို့လိုတယ်”ဟု ပြောသည်။

စီမံကိန်း၏ဖြစ်တန်စွမ်းများကို သေချာမလေ့လာဘဲ အလျင်အမြန် အကောင်အထည်ဖော်ပါက ”ကုန်ကျစရိတ်တွေ မြုပ်ပြီးတော့ ငွေရေးကြေးရေးအရရော၊ မြေနေရာအရရော ဆုံးရှုံးတာပဲ အဖတ်တင်မယ်” ဟု သူက ထောက်ပြသည်။

အလားတူ မြို့သစ်စီမံကိန်းကို အကောင်အထည် ဖော်ရာတွင် သက်ဆိုင်သည့် အစုအဖွဲ့အားလုံးအား ပွင့်လင်းမြင်သာစွာ ပါဝင်ခွင့်ပြုရန် အရေးကြီးကြောင်း ပညာရှင်များက ဆိုသည်။

”ပြည်သူတွေကပါ ဖြစ်ပေါ်လာနိုင်တဲ့အလား အလာတွေ၊ ကောင်းကျိုးဆိုးပြစ်တွေကို သိနေရမယ်။ လုပ်ငန်းရှင်တွေကလည်း အကျိုးအမြတ်ဘယ်လိုရှိတယ်ဆိုတာ ဝိုင်းဆွေးနွေးဖို့ လိုတယ်။ အဲဒီလိုမဟုတ်ဘူးဆိုရင် ရလဒ်ကောင်းဘယ်လိုမှ မထွက်နိုင်ဘူး” ဟု ဒေါက်တာကျော်လတ်က ပြောသည်။

အစိုးရအလုပ်သင့်ဆုံးအလုပ်
လက်ရှိ လူဦးရေသိပ်သည်းမှု မညီမျှခြင်းကို လျှော့ချရန် အဆောက်အဦများ ဆောက်လုပ်ရာတွင် မြို့နယ်အလိုက် အဆောက်အဦနှင့် အထပ်မြင့်အရေအတွက် သတ်မှတ်ချက်များ ပါဝင်သည့် Zoning Plan(ဇုန်သတ်မှတ်ချက်) များကို ထုတ်ပြန်ပြီး တိတိကျကျ လိုက်နာ အကောင်အထည်ဖော်သင့်ကြောင်း ပညာရှင်များက အကြံပြုသည်။

လူဦးရေတိုးမြင့်မှုကြောင့် မြို့သစ်ချဲ့မည်ဆိုပါက ရန်ကုန်မြို့ နှင့်တစ်ဆက်တည်းရှိနေသော တောင်ဒဂုံ၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်များတွင် ဦးစားပေးချဲ့သင့်ကြောင်း ပညာရှင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြသည်။

တပ်မတော်အစိုးရလက်ထက်က အကောင်အထည်ဖော်ခဲ့သည့် ယင်းမြို့သစ်များ၏ဧရိယာသည် လက်ရှိ ရန်ကုန်ဧရိယာ၏ ထက်ဝက်ခန့်ရှိသော်လည်း နေထိုင်သူဦးရေမှာ ဆယ်သိန်းကျော်သာ ရှိသည်။

 

စင်ကာပူအပါအဝင် ဒေသတွင်းနိုင်ငံများတွင်လည်း မြို့သစ်များ အကောင်အထည်ဖော်ရာတွင် တစ်ဆင့်ချင်း၊ ဧရိယာ တစ်ခုချင်းအလိုက် အကောင်အထည်ဖော်ခဲ့ကြောင်း မြို့ပြပညာရှင် ဦးမြင့်မိုရ်ဆွေက ရှင်းပြသည်။

တိုင်းပြည်၏ ပြည်တွင်းထုတ်ကုန်ကျဆင်းနေချိန်တွင် မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ခြင်းထက် အခြေခံအဆောက်အဦများ တိုးတက်ကောင်းမွန်ရေး ဦးစားပေးလုပ်ဆောင်ရန် လိုသည်ဟု သူက အကြံပြုသည်။

မြို့သစ်အတွက်အဆိုပြုထားသည့် ကြည့်မြင်တိုင်၊ ဒလနှင့်တွံတေးတို့သည်မြေမျက်နှာပြင်နိမ့်သည့်အတွက် မြေဖို့စရိတ် (မြေပြုပြင်စရိတ်) များစွာ ကုန်ကျမည်ဟု ပညာရှင်များကဆိုသည်။

အဆိုပါနေရာများတွင် ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြင့်တက်နိုင်သည့် ရေအမြင့်မှာ ခြောက်ပေမှ ၁၅ ပေရှိပြီး ယင်းမှာ နာဂစ်မုန်တိုင်းဖြစ်စဉ်အတွင်း မြင့်တက်ခဲ့သည့် ရေ အမြင့်နှင့်အတူတူဖြစ်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်မှ ၂ဝ၁၆ တွင် ပြုလုပ်သည့် ရေလွှမ်းမိုးမှုအန္တရာယ်စစ်တမ်းက သတိပေးထားသည်။

အလားတူ ကြည့်မြင်တိုက်တစ်ဖက်ကမ်းတွင် မြို့သစ်ချဲ့မည်ဆိုပါက တံတားထိုးရန်လည်း လိုအပ်မည်ဖြစ်သည်။ ယင်းနေရာကို တံတားထိုးမည်ဆိုပါက မြေအောက်မှထိုးခြင်းသည် အသင့်တော်ဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ကျော်ခန့် ကုန်ကျနိုင်ကြောင်း မြို့ပြစီမံကိန်းနှင့် ဖွံ့ဖြိုးရေးပညာရှင် ဒေါက်တာကျော်လတ်က ဆိုသည်။

သို့သော် ရန်ကုန်မြို့နှင့်တစ်ဆက်တစ်စပ်တည်းရှိမြို့သစ်များမှ မြေနေရာများတွင်ချဲ့ထွင်ပါက တံတားထိုးစရာမလိုသည့်အတွက် ကုန်ကျစရိတ်သက်သာနိုင်ကြောင်း သူကအကြံပြုသည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အကောင်အထည်ဖော်မည့် ရန်ကုန်မြို့သစ်စီမံကိန်းကို သူက ယခုလို မှတ်ချက်ပြုသည်။

”ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှာချဲ့မယ်။ ဒလတစ်ဖက်ကမ်းမှာ ချဲ့မယ်ဆိုရင် နောက်နောင်တိုင်းပြည် ပိုက်ဆံချမ်းသာလာချိန်ကြမှ လုပ်သင့်တယ်” ။ ။
၂၀၁၇-သြဂုတ်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၉) မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

ဟေမာန်ပြည့် ရေးသည်။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."