ဓာတ်ပုံ-မယ်တင့်
ဧရာဝတီမြစ်ကမ်းဘေးမှာ မြို့ပြတစ်ခုအဖြစ် တည်ရှိခဲ့သည့် ဟန်လင်း။ မင်းဆက် ၇၉၉ ပါး စိုးစံခဲ့တဲ့ ဟန်လင်း။ ဟံသာနဂရ၊ ကာမာဝတီ၊ ဟံသာပူရနှင့် ဟံလင်းမခေါက် ဟူသော မြို့ အမည်အမျိုးမျိုးဖြင့် လူ့သမိုင်းယဉ်ကျေးမှု ထွန်းကားတဲ့ ဟန်လင်း။ ခရစ်နှစ်မပေါ်မီ ဘီစီ ၂ ရာစုက စေတီ ၊ ကျောင်းသင်္ကန်း ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် အထောက်အထားတွေရှိတဲ့ ဟန် လင်း။ ဘာသာရေး၊ ယဉ်ကျေးမှု အဆောက်အအုံ၊ အနုပညာလက် ရာများကို သက်သေတွေနဲ့ ပြဆို နေတဲ့ ဟန်လင်း။
အဆိုပါ ဝိသေသတွေရှိသော ဟန်လင်းမြို့ဟောင်းသည် ၂ဝ၁၄ ခုနှစ်တွင် ဗိဿနိုးမြို့ဟောင်း၊ သရေခေတ္တရာမြို့ဟောင်း တို့နှင့်အတူ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ဒေသ ဖြစ်ခဲ့ ပါပြီ။ စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်တွင် တည်ရှိသည့် မြို့ဟောင်းအနီး ဟန်လင်းစံပြကျေးရွာတွင် လူနေအိမ်ခြေ ၁,၅ဝဝ ဝန်းကျင်ရှိပြီး လူဦးရေ ၇,ဝဝဝ ကျော် နေထိုင်သည်။ လက်ရှိ လူနေထိုင်နေသည့် ဟန်လင်းစံပြကျေးရွာသည် အရှေ့ အနောက် နှစ်မိုင်၊ တောင်မြောက် နှစ်မိုင် ကျယ်ဝန်းသည်။ ဟန် လင်းမြို့ဟောင်းဧရိယာတွင် ရှေးဟောင်းသုတေသနဆိုင်ရာ တူး ဖော်မှုများ ပြုလုပ်နေသော်လည်း မြေအောက်တွင် သမိုင်းမတင် မီ ခေတ်က ယဉ်ကျေးမှုအထောက်အထားများ များစွာ ရှိနေသေး သည်။ ဟန်လင်းမြို့ဟောင်းဧရိယာသို့ရောက်သည်နှင့် တစ်ပြိုင် နက် ရှေးဟောင်းအမှတ်အသားကျောက်တိုင်များ စိုက်ထူထား ပြီး တူးဖော်နေသည့် ကုန်းအမှတ် အသားနေရာများ òန်ပြထား သည့် လမ်းညွှန်ဆိုင်းဘုတ်ငယ်များရှိသည်။ လတ်တလောတွင် သုတေသနပြုလုပ်ရန် တူးဖော်နေသည့် ကုန်းအမှတ် စုစုပေါင်း ၃၈ ကုန်း ရှိရာ ဟန်လင်းမြို့ဟောင်း ပျူလူမျိုးတို့၏ မြို့ဟောင်း အဖြစ်သွားရောက် လည်ပတ်လေ့လာစရာများ စိတ်ဝင်စားဖွယ် တည်ရှိနေပါသည်။
ပြတိုက်
ဟန်လင်းကျေးရွာ၏ ရွာလယ်လမ်းမအတိုင်း သွားလိုက်ပါ က လမ်းညာဘက်ခြမ်းတွင် အုတ်တိုက်အနီရောင် အဆောက် အအုံ ဟန်လင်းရှေးဟောင်းသုတေသန ပြတိုက်ကို တွေ့မြင်ရ မည်ဖြစ်သည်။ ပြတိုက်အတွင်း ဟန်လင်းမြို့သမိုင်းဖြစ်စဉ်နှင့် ပတ်သက်၍ အထောက်အထားများ၊ ကျောက်စာများ၊ တူးဖော် ရရှိသည့် လူ့အသုံးအဆောင်ပစ္စည်းများ၊ ရွှေထည်၊ ငွေထည် လက်ဝတ်ရတနာများ ပြသထားသည်။လက်ရာမြောက်လှသည့် ပျူခေတ်ရွှေဆွဲသီးများ၊ ရွှေဖြင့် ပြုလုပ်ထားသည့် ခရေပွင့်ပုံ ပုတီးစေ့များ၊ ကျောက်ပုတီးစေ့များလည်း ပြသထားသည်။
ပျူခေတ်အသုံးအဆောင်အိုးများနှင့် ငွေထည်ပစ္စည်းများ လည်း လေ့လာနိုင်သည်။ ရွှေကို ဘုရင်၊မင်းစိုးရာဇာနှင့် ကြွယ်ဝ သူများ ဝတ်ဆင်သည်။ ကြေးကိုသာမန်ပြည်သူများ ဝတ်ဆင်သည်။လက်ဝတ်ရတနာများ ဖန်တီးမှု မှာ ကျောက်စိမ်း နှင့်သလင်း စသည့် အဖိုးတန်ကျောက်မျက်ရတနာများကို ထု ဆစ်ရာတွင် အပ်ချည်မျှင်ခန့် အပေါက်ဖောက်ထားသည်ကို တွေ့ရသဖြင့် ရွှေ၊ ငွေ ပန်းတိမ်အတတ်ပညာနှင့် ကြေးသွန်း အတတ်သည် အလွန်အဆင့်အတန်း မြင့်မားခဲ့သည်ကို တွေ့နိုင် သည်။ ကျောက်လက်နက်များလည်း တူးဖော်ရရှိသဖြင့် လွန်ခဲ့ သည့် နှစ်ပေါင်း တစ်သောင်းကျော်ခန့်က ကျောက်ခေတ်သစ် ကာလကတည်းက ဟန်လင်းတွင် စတင်အခြေချ နေထိုင်ပြီဟု ယူဆကြသည်။
ကြေးကျိုလောင်းရာတွင် သုံးသည့် နှုတ်ခမ်းပါသော လုံ ခွက်များ ဟန်လင်းတွင် တွေ့ရသဖြင့် ကြေးလက်နက်များ ထုတ် လုပ်သုံးစွဲခဲ့သည်။ အဆိုပါ သုံးစွဲခဲ့သည့် လက်နက်များလည်း ပြတိုက်တွင် လေ့လာနိုင်သည်။
ဟန်လင်း ရှေးဟောင်းသုတေသနပြတိုက်ကို တနင်္လာနေ့ နှင့် ရုံးပိတ်ရက်များအတိုင်း ပိတ်လေ့ရှိပြီး ကျန်နေ့များတွင် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲထိ ဖွင့်လှစ်ထားသည်။ ပြည်ပ ဧည့်သည်တစ်ဦးလျှင် ကျပ်ငါးထောင် ဝင်ကြေးပေးရမည်ဖြစ်ပြီး ပြည်တွင်းဧည့်သည်များအတွက်မူ ဝင်ကြေးအခမဲ့ ဖြစ်သည်။
ဟန်လင်းတွင် ရှေးဟောင်းပစ္စည်းများ လေ့လာနိုင်သည့် အခမဲ့ ပြတိုက်တစ်ခု ရှိသေးသည်။ ရှေးဟောင်းပစ္စည်းများ မသမာသူလက် မကျရောက်စေရန် ထိန်းသိမ်းခြင်းနှင့် ရှေး ဟောင်းပစ္စည်းများ ဝယ်ယူစုဆောင်းထားမှု၊ လှူဒါန်းထားမှုများ ကို စုစည်းကာ ညောင်ကိုးပင် ဘုန်းကြီးကျောင်းတိုက်အတွင်း ပြတိုက်ငယ်လေးသဖွယ် ခင်းကျင်းပြသထားသည်။ ရှေးဟောင်း ပစ္စည်းများ ထိန်းသိမ်းခဲ့သည့် ဆရာတော်ဦးနာဂကို အလေးထား လျက် ဟန်လင်းပျူယဉ်ကျေးမှု ပြတိုက်အဖြစ် ထိန်းသိမ်းထား သည်။ ခေတ်အဆက်ဆက်က ရှေးဟောင်းဘုရားများ၊ ကြေးဆင်း တုတော်များလည်း ဖူးတွေ့နိုင်သည်။ မြေအောက်မှ တွေ့ရှိထား သည့် ပျူခေတ်အိုးမျိုးစုံကို မှန်ဗီရိုများဖြင့် ပြသထားသည်။ လူ့ အသုံးအဆောင်ဖြစ်သည့် ကျောက်လက်ကောက်များ၊ အနုပညာ လက်ရာများပါသည့် အိုးခြမ်းပဲ့များကိုလည်း မှန်ဗီရိုဖြင့် ခင်း ကျင်းထားသည်။ စိတ်ဝင်စားသူများအချိန်မရွေးလာရောက်လေ့ လာနိုင်သည်ဟု ပြတိုက်ကို ထိန်းသိမ်းထားသည့် ဆရာတော် ဦးတေဇနိယက မိန့်ကြားသည်။
ဟန်လင်းမြို့ဟောင်းတောင်ဘက်၊ မြို့ဝင်ပေါက် ကုန်းအမှတ် ၁၇ ။ ဓာတ်ပုံ-မယ်တင့်
သချုႋင်းဟောင်းနေရာ
ဟန်လင်းမြို့ဟောင်းပြတိုက်မှတစ်ဆင့် ရှေ့ဆက်သွားပါက သမိုင်းဝင်ရွှေဂူကြီးဘုရား ရှိပြီး ဘုရားဝင်းမြောက်ဘက် တူးဖော် ထားသည့် ကုန်းအမှတ် ၂၆ တွင် လွန်ခဲ့သည့် နှစ်ပေါင်း နှစ် ထောင်နှင့် လေးထောင်ကာလအကြားတွင် မြှုပ်နှံခဲ့သည့် သင်္ချိုင်းနေရာသို့ သွားရောက်လေ့လာနိုင်သည်။၂ဝဝ၅ တွင် ပြု လုပ်ခဲ့သည့် တူးဖော်မှုအရ အဆိုပါ သင်္ချိုင်းဟောင်းနေရာကို တွေ့ရှိခဲ့သည်။ တူးဖော်တွေ့ရှိချက်အရ ရုပ်အလောင်းများနှင့် အတူ လက်ဝတ်ရတနာများ၊ အိုးများ ထည့်သွင်းမြှုပ်နှံထားပြီး ကျောက်ပုတီးစေ့များ၊ ကျောက်ချောလက်နက်များ၊ ကြေးခလောက်များလည်း တူးဖော်တွေ့ရှိထားသည်။ ခေတ်အဆက် ဆက် အသုံးပြုခဲ့သည့် သချုႋင်းဖြစ်သဖြင့် ရုပ်အလောင်းများ မြှုပ် နှံရာတွင် မြေအတိမ်အနက် မတူညီကြပေ။ ဟန်လင်းမြေအောက် တွင် ကြေးခေတ်၊ သံခေတ် လူနေမှု အလွှာလေးခု တွေ့ရှိထားပြီး အောက်ဆုံးအလွှာ ကျောက်ဖြစ်စ လူဦးခေါင်းခွံများ တွေ့ရသည်။ အပေါ်ဆုံးအလွှာတွင် ရုပ်အလောင်းများ မြှုပ်နှံခြင်း မရှိတော့ဘဲ ပျူအရိုးပြာအိုးများကို တွေ့မြင်ရသည်။ ယခင်က တူးဖော်ထား သည့် နေရာများအတိုင်း အောက်သို့ လှေကားဖြင့် ဆင်းကာ ရုပ် အလောင်းများကို အနီးကပ် လေ့လာကြည့်ရှုနိုင်သော်လည်း လာရောက်လေ့လာသူများက လက်ဖြင့် ကိုင်ကြည့်ခြင်း၊ ခေါက် ခြင်းတို့ကြောင့် ပျက်စီးနိုင်သဖြင့် ဆင်းကြည့်ခွင့် မပေးတော့ချေ။
မြို့ဟောင်း ဝင်ပေါက်
ဟန်လင်းမြို့ရိုးကြီးကို လွန်ခဲ့သည့်နှစ်ပေါင်း ၂,၁ဝဝ ကျော် က တည်ဆောက်ခဲ့သည်ဟု အထောက်အထားများက ပြဆို သည်။ တောင်မြောက် အရှည်နှစ်မိုင်နှင့် အရှေ့အနောက် တစ်မိုင် ခန့် ရှည်သည်။ အုတ်ရိုးထုသည် တောင်ဘက်တွင် ပေ ၂ဝ ရှိပြီး မြောက်ဘက်တွင် ၁၆ ပေရှိသည်။ တံခါးဝသည် ၁၇ ပေခန့် ကျယ်သည်။ အုတ်နံရံသည် အတွင်းသို့ ထောင့်ချိုးမချိုးဘဲ ဝိုက်၍ ချိုးသွားသဖြင့် ရန်သူလာရောက်တိုက်ခိုက်ပါက မြို့ရိုးပေါ်မှ တိုက်ခိုက်နိုင်သည်။ ဟန်လင်းမြို့ရိုးတွင် တံခါးပေါက် ၂၄ ခု ရှိပြီး တံခါးပေါက်လေးခုသာ တူးဖော်လေ့လာပြီးဖြစ်သည်။ ကုန်း အမှတ် ၁၇ တွင် တူးဖော်ထားရှိသည့် တောင်ဘက်မြို့ဝင်ပေါက် ကို ၁၉၆၆ က တူးဖော်ခဲ့ပြီး မြို့ရိုးဝင်ပေါက်များတွင် လုံခြုံရေး အခန်းငယ် ပါရှိသည်။ အပေါ်ယံမြေလွှာအောက်တွင် မီးသွေးပြာ၊ အုတ်ကျိုး၊ အုတ်ပဲ့နှင့် သံတိုသံစများ ရောပြွမ်းနေသည်ကို တွေ့ ရှိရသဖြင့် ဝင်ပေါက် သစ်သားပြာသာဒ်များ မီးလောင်ကျွမ်းကာ ပျက်စီးခဲ့သည်ဟု ယူဆထားသည်။ မြို့ရိုးဝင်ပေါက် အောက်တည့် တည့်တွင် ကြေးခေတ်ကာလက သင်္ချိုင်းရာတစ်ခုကို တူးဖော် တွေ့ရှိခဲ့သည်။ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ဒေသ ဖြစ်ပြီးနောက် အဆိုပါ မြို့ရိုးရှေ့တွင် အထိမ်းအမှတ်ကျောက်တုံး ထားရှိရာ လာရောက်လည်ပတ်သူများအမှတ်တရ ဓာတ်ပုံရိုက် လေ့ ရှိသည်။
ရွှေဘိုလမ်းမကြီးမှ ဟန်လင်းမြို့ဟောင်းသို့ သွားသည့် လမ်းခွဲ ။ ဓာတ်ပုံ-မယ်တင့်
ရေပူစမ်း
ကမ္ဘာ့အမွေအနှစ် ဟန်လင်းပျူမြို့ဟောင်းဟူသည့် ဆိုင်း ဘုတ်ကို အနည်းငယ် ကျော်သွားပါက ဟန်လင်းကျေးရွာ အတွင်းသို့ ရွာလမ်းမကြီးတစ်လျှောက် ဝင်သွားပါက ရေပူစမ်း သို့ ညွှန်ပြနေသည့် ဆိုင်းဘုတ်ကို တွေ့ရမည်ဖြစ်သည်။ ဟန်လင်း မြို့ဟောင်း၏ထူးခြားချက်မှာ ရေပူ၊ ရေအေး စိမ့်ထွက်နေသည့် နေရာများရှိသဖြင့် အများပြည်သူ သောက်သုံးရေ ဖူလုံသည်။ ရေပူစမ်းမှ ထွက်ရှိသည့် ရေအပူချိန်မှာလည်း တစ်နေရာနှင့် တစ်နေရာ မတူညီပေ။ အချို့နေရာသည် သုံးပေအနက်သာ ရှိ သော်လည်း ရေအပူချိန်သည် ၅၁ ဒီဂရီ စင်တီဂရိတ်ရှိပြီး ကြက် ဥကျက်သွားအောင် ထည့်ပြုတ်နိုင်သဖြင့် ကြက်ဥကျက် တွင်းဟု ဒေသခံများက ခေါ်ဆိုသည်။ ကျန်တွင်းများသည် အပူချိန် ၄၇ ဒီဂရီ စင်တီဂရိတ်မှ ၃၂ ဒီဂရီ စင်တီဂရိတ် ကြားရှိသည်။
ဆရာတော်ဦးနာဂ အထိမ်းအမှတ် ပြတိုက်တွင် ပြသထားသည့် ရှေ့ဟောင်းပစ္စည်း အချို့ကို တွေ့ရစဉ် ။ ဓာတ်ပုံ-မယ်တင့်
ရေပူစမ်းတွင်းကလေးများအပြင် အမျိုးသား၊ အမျိုးသမီး ရေချိုးကန်များ ရှိသဖြင့် လာရောက်လည်ပတ်သူများ ရေပူစိမ်နိုင် သည်။ ရေပူစိမ်ခြင်းဖြင့် ကျန်းမာရေးကောင်းသည်ဟု ဆိုသော် လည်း အမျိုးသမီး ရေချိုးကန်သည် ဆပ်ပြာရည်များဖြင့် နောက် ကျိနေတတ်သည်။ ရှမ်းပြည်နယ်ရှိ ရေပူစမ်းများကဲ့သို့ အများ ပြည်သူစိမ်နိုင်သည့် ရေကန်များ ရေဝင်ရေထွက် စနစ်တကျ ထားရှိပေးပါက အဆင်ပြေမည်ဖြစ်သည်။ ထို့ပြင် အဝတ်လဲသည့် နေရာ အလွယ်တကူမရှိသဖြင့် ရေပူစိမ်လိုသော်လည်း လက်နှင့် ထိကာ ပြန်သွားကြရသည်။ ရှေးအစဉ်အဆက် ထားရှိခဲ့သည့် ရေပူကန်များကို ဧည့်သည်များ အဆင်ပြေရန် အဆင့်မြှင့်တင် ရန် လိုအပ်နေသေးသည်။ ဟန်လင်းမြို့ဟောင်းသို့ ပြည်တွင်း ပြည်ပ ဧည့်သည်များ ဝင်ရောက်မှုအနေအထားသည် တစ်နှစ် လျှင် ပြည်တွင်း ဧည့်သည် လေးသောင်းဝန်းကျင်၊ ပြည်ပဧည့် သည် သုံးရာဝန်းကျင်ခန့်ရှိသည်။ လာရောက်လည်ပတ်သည့် ပြည်ပဧည့်သည် သိသိသာသာ တိုးတက်လာခြင်း မရှိပေ။
မန္တလေးမှ ဟန်လင်းမြို့ဟောင်းသို့ ရွှေဘိုလမ်းမကြီးမှ သွားလျှင် ၇၅ မိုင်ကျော်ကွာဝေးသည်။ သို့သော် ရွှေဘိုလမ်းမကြီး မှ ဟန်လင်းမြို့ဟောင်းသို့ ခွဲထွက်သည့် စိုင်နိုင်ကွေ့ မှ ဟန်လင်း မြို့ဟောင်းသို့ လမ်းမိုင် ၁၁ မိုင်ကျော်ရှိသော်လည်း လမ်းအခြေ အနေဆိုးသဖြင့် ရွှေဘိုဘက်မှ မူးဘောင်လမ်းအတိုင်း သွားလာ နေကြသည်။ စိုင်နိုင်ကွေ့မှ ဟန်လင်းမြို့ဟောင်းထိ ကတ္တရာလမ်း ခင်းထားသော်လည်း လမ်းပျက်နေသဖြင့် ကားသေးများ သွား လာရခက်ခဲသည်။ လမ်းပန်းဆက်သွယ်ရေး မကောင်းသဖြင့် ဧည့်သည်များ အဝင်နည်းသည်ဟု ဒေသခံများက ဆိုသည်။ ကတ္တရာလမ်း ပျက်စီးနေမှုကို မြေသားဖို့ ပြင်ဆင်နေမှုသည် ကတ္တရာလမ်းမှ မြေသားလမ်းအဖြစ်သို့ အဆင့်လျော့ကျသွားပြီ ဟုလည်း ဆိုသည်။ သမိုင်းအမွေအနှစ်များ ရှိနေသော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲသဖြင့် လူမသိသူမသိ သာမန် ရွာကလေးအဆင့်မျှသာ ရှိနေရာမှ ယခုအခါ ဒေသအနည်းငယ် ဖွံ့ဖြိုးလာသည်။ ကိုယ်ထူကိုယ်ထ လျှပ်စစ်မီးရှိသည်ဟုဆိုသော် လည်း အိမ်ခြေ ၁,၅ဝဝ တွင် လျှပ်စစ်မီတာတပ်နိုင်သည့် အိမ်ခြေ ၁၇ဝ မျှသာ။
ဟန်လင်းမြို့ဟောင်းရှိ ။ ဓာတ်ပုံ-မယ်တင့်
ဘီစီ နှစ်ရာစုကတည်းက စတင်ကာ မြို့ပြတစ်ခုအဖြစ် တိုးတက်ထွန်းကားခဲ့သည်။ သို့သော်လည်း လက်ရှိဖွံ့ဖြိုးမှု အခြေအနေကို စိုက်ပျိုးရေးအဓိက လုပ်ကိုင်သည့် ဒေသခံတို့ မချိ တင်ကဲ။ ၎င်းတို့အိပ်မက်သည် ကျန်နေသေးသည့် သမိုင်းမတင်မီ ခေတ်က ယဉ်ကျေးမှု အထောက်အထားများ တူးဖော် သုတေ သနပြုကာ ခရီးသွားဧည့်သည်များ ဆွဲဆောင်နိုင်သည့် ဒေသ တစ်ခုအဖြစ် စည်ကားစေလိုသည်။
ကိုးကား။ ။ဆရာဝန်တင်မောင်ကြည် (မန္တလေး) – မြန်မာ့ရှေးဟောင်းမြို့ တော်များ စာစဉ် (၁) ဟန်လင်း (ဟလင်း)
၂၀၁၇-ဧပြီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၅)မှ ခရီးသွား ဆောင်းပါးဖြစ်ပါသည်။
မယ်တင့် ရေးသည်။