ကျော်ဇေယျ
ရန်ကုန်-၂၀၂၀ ဇူလိုင် ၁၇ (မော်ကွန်း)
ပဲခူးမြို့ကနေ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့အထိ နိုင်ငံတကာအဆင့်မီ အမြန်လမ်းသစ်တစ်ခုဖောက်လုပ်ဖို့ အမေရိကန်ဒေါ်လာ သန်း ၄၈၀ ကျော် ချေးယူနိုင်ရန် ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုပေးဖို့ နိုင်ငံတော်သမ္မတက ဒီနေ့ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးကို ပေးပို့ခဲ့ပါတယ်။
ဒီလမ်းဟာ မဟာမဲခေါင်ဒေသ အရှေ့-အနောက်စင်္ကြန်လမ်းမကြီးရဲ့ အစိတ်အပိုင်းတစ်ခုလို့ စီမံကိန်းကို လာရှင်းပြတဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ပြောပါတယ်။ ဒီအရှေ့-အနောက်စင်္ကြန်လမ်းမကြီးဟာ ထိုင်း၊ လာအိုနဲ့ ဗီယက်နမ် နိုင်ငံအထိ ဆက်သွယ်ထားတဲ့လမ်းလို့ သူက ရှင်းပြတယ်။ ရန်ကုန်သီလဝါ ဆိပ်ကမ်းကနေ ဗီယက်နမ်နိုင်ငံ၊ ဒါနန်ဆိပ်ကမ်းအထိ ဆက်သွယ်ထားတဲ့လမ်းလို့ ဒုဝန်ကြီးက ပြောပါတယ်။
အာရှဖွံ့ဖြိုးရေးဘဏ်(ADB) ကနေ ချေးယူမယ့် ဒီချေးငွေနဲ့ ၆၂ ကီလိုမီတာ ( ၃၈ မိုင်ကျော် ) အရှည်ရှိတဲ့ ပဲခူး-ကျိုက်ထို အမြန်လမ်းသစ်ကို ဖောက်လုပ်မှာ ဖြစ်ပြီး ဒီစီမံကိန်းပေါ်မှာ စစ်တောင်းမြစ်ကူးတံတားအသစ်တစ်စင်းလည်းပါမယ်လို့ ဒုဝန်ကြီးက ရှင်းပြတယ်။
ဒီလမ်းပိုင်းကြောင့် ရန်ကုန်မြို့ရဲ့အရှေ့ဘက်လမ်းကွန်ယက်ဖြစ်တဲ့ ရန်ကုန်-သီလဝါ-သုံးခွ-သနပ်ပင်- ပဲခူး လမ်းပိုင်းကိုပါ ဟန်ချက်ညီ ဖွံ့ဖြိုးလာစေမယ်လို့ ဒုဝန်ကြီးက ရှင်းပြတယ်။
စီမံကိန်း၊ဘဏ္ဍာရေးနဲ့စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးကတော့ လွှတ်တော်အနေနဲ့ ဒီစီမံကိန်းကို ခွင့်ပြုပေးသင့်တယ်လို့ နိုင်ငံကြွေးမြီဆိုင်ရာ အချက်အလက်တွေကို ိုးကားလို့ စီမံကိန်းကို ထောက်ခံရှင်းပြပါတယ်။
မတ်လကုန်အထိ ဆောက်လုပ်ရေးဝန်ကြီးဌာနက စာချုပ်ချေးယူထားတဲ့ ပြည်ပချေးငွေဟာ အမေရိကန်ဒေါ်လာ ၂,၀၀၃ သန်းရှိနေပြီး ဒီအထဲက အမေရိကန်ဒေါ်လာ ၃၄၄ သန်းကို ထုတ်ယူသုံးစွဲထားတယ်လို့ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်ကို တင်ပြတယ်။
ဆိုင်းငံနဲ့ပြန်ဆပ်ကာလ ၃၂ နှစ်နဲ့ ချေးပေးတဲ့ ဒီငွေကို ဆောက်လုပ်ရေးဝန်ကြီးဌာနဟာ ဆိုင်းငံ့ကာလ ရှစ်နှစ်မှာ အတိုးအဖြစ် တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၄.၈ သန်းပေးဆပ်ရမှာဖြစ်ပြီး အရင်းပြန်ဆပ်ရမယ့်အချိန်ရောက်ရင်တော့ တစ်နှစ်ကို အရင်းအတိုးပေါင်း အမေရိကန်ဒေါ်လာ ၂၇.၃ သန်းပေးဆပ်ရမယ်လို့ ဒုဝန်ကြီးက ရှင်းပြတယ်။
ဖောက်လုပ်ချိန် ခြောက်နှစ်ကြာမြင့်မယ့် ဒီအမြန်လမ်းကို နိုင်ငံတကာစံနှုန်းတွေအတိုင်း လေးလမ်းသွား၊ နိုင်လွန်ကတ္တရာ ခင်းလမ်းအဖြစ် တည်ဆောက်မှာဖြစ်ပြီး ၂၀၂၇ မှာ ပြီးစီးမယ်လို့ သူက ပြောတယ်။
ပြည်ထောင်စုလွှတ်တော်နာယာက ဦးတီခွန်မြတ်ကတော့ ဒီစီမံကိန်းနဲ့ပတ်သက်လို့ ဆွေးနွေးချင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ အမည်စာရင်းတင်သွင်းနိုင်ပြီး ဆွေးနွေးမှုကိုတော့ ဇူလိုင် ၂၇ မှာ ပြုလုပ်ဖို့ လျာထားတယ်လို့ ဆိုပါတယ်။
ပုံစာ- လွှတ်တော်အစည်းအဝေးကျင်းပနေစဉ်
#Dailynews