ကျော်ဇေယျ
ဇန်နဝါရီ-၁၆
သစ်ခုတ်ခွင့် ၁၀ နှစ် ပိတ်ထားသည့် နာမည်ကျော် ပဲခူးရိုးမသစ်တောများအတွင်း အခြေစိုက်စခန်းများဖွင့်ကာ အင်အား အလုံးအရင်းဖြင့် သစ်ခိုးထုတ်လုပ်မှုများ လုပ်ဆောင်နေကြောင်း ယခုသီတင်းပတ်အတွင်း သစ်ခိုးအဖွဲ့များကို ဝင်ရောက် နှိမ်နင်းရန် ကြိုးပမ်းခဲ့သူတချို့က ပြောသည်။
photo-Olar ပဲခူးရိုးမ ရေတာရှည်မြို့နယ်တောတွင်းတစ်နေရာမှာ အခြေစိုက် သစ်ခွဲနေသည့် တရားမဝင်သစ်ကွင်းတစ်ခု
ဇန်နဝါရီ ၁၄ က သစ်ခိုးထုတ်သူများကို နှိမ်နင်းရန်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အကူအညီဖြင့် ပဲခူးရိုးမ၊ ရေတာရှည်မြို့နယ်အပိုင်ရှိ သစ်တောများအတွင်း တောတိုးဖမ်းဆီးခဲ့ရာ အသင့်လှီးဖြတ်ထားသည့် ကျွန်းသစ်ပုံများကိုသာ တွေ့ခဲ့ရပြီး သစ်ခိုးထုတ်သူများကိုမမိခဲ့ကြောင်း တောတွင်းနှိမ်နင်းရေး ခရီးစဉ်တွင်ပါဝင်ခဲ့သည့်ဦးတင်မောင်(အမည်လွှဲ)က ရှင်းပြ သည်။
“ အားလုံးပေါင်း ၃၂ တန်လောက်တော့ ရှိမယ်။ ဒါက တစ်နေရာတည်းမှာပဲ။ ဓါတ်ပုံမှတ်တမ်းတင်ပြီးပြီ။ ကျွန်တော်တို့ လည်း လုံခြုံရေးအရ နေ့လည် ၁ နာရီလောက်မှာ (ပဲခူးရိုးမပေါ်မှ) ပြန်ဆင်းခဲ့ရတယ် ” ဟုဦးတင်မောင်(အမည်လွှဲ)က ပြောသည်။
photo-Olar ပဲခူးရိုးမ ရေတာရှည်မြို့နယ်တောတွင်းတစ်နေရာမှာ အခြေစိုက် သစ်ခွဲနေသည့် တရားမဝင်သစ်ကွင်းတစ်ခု
မကွေးတိုင်းမှ ဒုတိယရဲမှူးကြီးဦးဆောင်သည့် အင်အား ၁၆ ဦးခန့်နှင့် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ သစ်တောဦးစီးမှူး ဦးဆောင်သည့် အင်အား ၁၂ ဦးတို့က တောတွင်းဝင်ရောက် ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး အချိန်အကန့်အသတ်အရ သတင်းရရှိ ထားသည့် မူလအရင်းအမြစ်အထိ အရောက်ဝင်နိုင်ခြင်းမရှိခဲ့ကြောင်းဦးတင်မောင်(အမည်လွှဲ)က ပြောသည်။
မကွေးတိုင်းဒေသကြီး၊ သစ်တောဥပဒေစိုးမိုးရေး၊ စီမံအုပ်ချုပ်မှုနှင့်ကုန်သွယ်မှုအဖွဲ့အစည်း(FLEGT)၏ အဆိုအရ ယင်းတို့ သတင်းရရှိမှုတွင် မကွေးတိုင်း၊ အောင်လံနယ်နှင့် ပဲခူးတိုင်း၊ ပေါက်ခေါင်းနယ်မှ လုပ်ငန်းရှင်တချို့ ဦးဆောင်ကာ ပဲခူးရိုးမ အတွင်း သစ်ခိုးခုတ်သည့် အစီအစဉ်များကို လုပ်ဆောင်နေခြင်းဖြစ်ပြီး အောက်ခြေဌာနဆိုင်ရာများ၊ သစ်တောဝန်ထမ်းများ နှင့်ပူးပေါင်းကာ ရန်ကုန်အထိ သယ်ယူတင်ပို့နိုင်သည့်အထိ ယင်းလုပ်ငန်းက ကျယ်ပြန့်နေကြောင်း ဆိုသည်။
ယခုပွင့်လင်းရာသီ ဒီဇင်ဘာအစပိုင်းကာလများမှစတင်၍ ပဲခူးရိုးမ၊ ရေတာရှည်မြို့နယ်အပိုင်သစ်တောများမှ တစ်ရက်လျှင် FAW အမျိုးစား ကုန်တင်ကားစီးရေ လေးစီးမှ ငါးစီးအကြား ပုံမှန်သယ်ထုတ်နေပြီး သစ်ကားတချို့တိမ်းမှောက်သည့် သတင်းများကိုပင် ရရှိထားကြောင်း မကွေးတိုင်းဒေသကြီး၊ FLEGT အဖွဲ့က ပြောသည်။
“ သတင်းရတာက ဓါတ်ဆီပေပါ ၆၀ လောက်၊ ချိန်းဆော ၂၀ ကျော်လောက်၊ ဆန်အိတ် ၉၀ ၊ လူအင်အားအလုံးအရင်းနဲ့ သစ်တွေခုတ်နေကြတယ်လို့ သတင်းရတာ ” လို့ FLEGT ၏ ကိုယ်စားလှယ်ဦးတင်မောင်(အမည်လွှဲ)က ပြောသည်။
တရားမဝင်သစ်ခိုးမှုများကို ဖမ်းဆီးအရေးယူ နှိမ်နင်းမှုှများတွင် သစ်တောဌာနအနေဖြင့် ဝန်ထမ်းအင်အားမလုံလောက်မှု ပြသနာနှင့် ရင်ဆိုင်နေရကြောင်း သစ်တောဦးစီးဌာန၊ စီမံကိန်းဌာန၊ ညွှန်ကြားရေးမှူး ဦးတင်ထွန်းကပြောသည်။
“ ကျွန်တော်တို့ ဖွဲ့စည်းပုံရဲ့ ၅၂ ရာခိုင်နှုန်းလောက်သာရှိတဲ့ ဝန်ထမ်းအနေအထားနဲ့ အလုပ်လုပ်ရတဲ့အတွက် လိုအပ်ချက် တွေ ရှိနေသေးတာတော့ အမှန်ပါပဲ” ဟု သူက ပြောသည်။
ဝန်ထမ်းအင်အားနည်းပါးခြင်း၊ သစ်ခိုးဂိုဏ်များ၏အသက်အန္တရာယ် ခြိမ်းခြောက်မှုရှိခြင်း၊ ဌာနဝန်ထမ်းများထဲတွင်ပင် တာဝန်ပျက်ကွက်သည့် ဝန်ထမ်းတချို့ရှိနေခြင်းများက တရားမဝင်သစ်ထုတ်လုပ်မှုလုပ်ငန်းများ တားဆီးရေးတွင် အင်အား ချိနဲ့ နေရခြင်းဖြစ်ကြောင်း ဦးတင်ထွန်းက သုံးသပ်သည်။
၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ အောက်တိုဘာလအတွင်း တရားမဝင်သစ်ဖမ်းဆီးရမိမှုသည် တန်ချိန် ၂ သောင်းကျော် ရှိခဲ့ပြီး လူသုံးထောင်ကျော်ကို အရေးယူခဲ့ကြောင်း သစ်တောဦးစီးဌာနက ထုတ်ပြန်သည်။
ယခု ၂၀၁၈-၁၉ ဘဏ္ဍာနှစ် အောက်တိုဘာမှ ဒီဇင်ဘာလ သုံးလအတွင်းမှာပင် တရားမဝင်သစ်ဖမ်းဆီးရမိမှုသည် တန်ချိန် ၆,၅၀၀ ကျော်နှင့် လူပေါင်းတစ်ထောင်ကျော်ကို အရေးယူထားကာ ပဲခူးတိုင်းဒေသကြီးတစ်ခုထဲတွင် သုံးလအတွင်း တန်ချိန်ကိုးရာကျော်ဖမ်းဆီးမိပြီး လူ ၉၀ နီးပါးကို အရေးယူထားကြောင်း ညွှန်ကြားရေးမှူး ဦးတင်ထွန်းကပြောသည်။
မြန်မာနိုင်ငံတွင် တရားမဝင်သစ်ထုတ်လုပ်သူများသည် ယင်းတို့လုပ်ငန်း အဆင်ပြေချောမွေ့စေရန်အတွက် သစ်တော၊ ရဲ၊ အကောက်ခွန်နှင့် တရားရေးစသော ဌာနဆိုင်ရာများကို လာဘ်ငွေပေးလုပ်ဆောင်ခြင်းများကြောင့် တရားဥပဒေစိုးမိုးမှု ကိုပါ စိန်ခေါ်နေသည့် အကြောင်းအရာဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်းတစ်ခုဖြစ်သည့် သစ်တောဥပဒေ စိုးမိုးရေး၊ စီမံအုပ်ချုပ်မှုနှင့်ကုန်သွယ်မှုအဖွဲ့အစည်း (FLEGT) က ထောက်ပြထားသည်။
ယင်းအပြင် သစ်သည် ငွေဖြစ်လွယ်ခြင်း၊ ကျွန်း၊ပျဉ်းကတိုး၊ပိတောက်၊တမလန်း စသော သစ်များသည် ကမ္ဘာ့ဈေးကွက်တွင် ရောင်းပန်းလှသော သစ်များသလို မြန်မာ့ကျွန်းသည် ကမ္ဘာပေါ်တွင် အမျိုးအစားအကောင်းဆုံးအဖြစ် သတ်မှတ်ခံထားရ ခြင်းကလည်း တရားမဝင်သစ်ခုတ်မှုများကို ဖြစ်ပေါ်စေကြောင်း FLEGT က ဖော်ပြသည်။
(သတင်းပေးသည့်ကာယကံရှင်၏လုံခြုံရေးအရ အမည်လွှဲပြောင်းအသုံးပြုပါသည်)
- #mawkun
- #magazine
- #chronicle
- #Kyaw_Zayya