ပဲခူးရိုးမ – ၂၀၂၄ ဩဂုတ် ၃၁ (မော်ကွန်း)
ပဲခူးရိုးမထဲမှာ ပဲခူးတိုင်းအနောက်ခြမ်း၊ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ရွာသား ငါးဦးကို သတ်ဖြတ်ထားသူ မိုးကြိုးကို ယာယီတပ်ရင်းမှူးအဖြစ် တိုင်းတာဝန်ခံရဲ့ မှတ်ချက်နဲ့ ခန့်အပ်ထားတာပြီးနောက် မနေ့က အပြီးသတ်တာဝန်တွေလွှဲပြောင်းပေးလိုက်ပါတယ်။
ပဲခူးရိုးမထဲမှာရှိတဲ့ NUG အဖွဲ့လက်အောက်ခံ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၂ (Phoenix DF) ရဲ့ တပ်ခွဲမှူးဖြစ်သူ မိုးကြိုးကို အခုလ ၈ ရက်အစည်းအဝေးမှာ ပဲခူးတိုင်းတာဝန်ခံ ဦးတင်ဦးရဲ့ မှတ်ချက်နဲ့အတူ ဆုံးဖြတ်ခဲ့ပါတယ်။
အခုလ ၁၈ ရက်မှာတော့ ယာယီတပ်ရင်းမှူးအဖြစ် မိုးကြိုးကို တရားဝင်ခန့်အပ်ခဲ့ပြီး မနေ့က ရိုးမတစ်နေရာမှာ ယခင် ယာယီတပ်ရင်းမှူး ရန်ကျော်(ဦးကျော်ကျော်နိုင်)က တာဝန်တွေ အပြီးလွှဲပြောင်းပေးခဲ့တာပါ။
“မနေ့က တပ်ရင်းတစ်ရင်းလုံး အစည်းအဝေးခေါ်ပြီး မိုးကြိုးကို ယာယီတပ်ရင်းမှူးရာထူးလွှဲအပ်လိုက်တယ်”လို့ ၃၈၀၁ တပ်ရင်းက သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။
အခုအသစ်ခန့်အပ်လိုက်တဲ့ မိုးကြိုးဟာ တပ်ရင်းမှူးမဖြစ်ခင် ရက်ပိုင်းအလိုမှာ ဇီးကုန်းမြို့နယ်ကနေ ရိုးမထဲကို ကျွဲတွေနဲ့သစ်ဆွဲလာတဲ့ ရွာသားငါးဦးကို ပျူစောထီးခေါင်းစဉ်နဲ့ သတ်ဖြတ်ခဲ့တာကြောင့် ပဲခူးတိုင်းအနောက်ခြမ်းက တော်လှန်ရေးအင်အားစုတွေဟာ အမြန်ဆုံးစုံစမ်း၊ စစ်ဆေး၊ ဖော်ထုတ်ကာ အရေးယူပေးဖို့ NUG ကို တောင်းဆိုထားပါတယ်။
တော်လှန်ရေးအင်အားစုတွေကတော့ ဒီကိစ္စမှာ ကိုယ်တိုင်ကျူးလွန်သူ၊ ပူးပေါင်းပါဝင်သူ၊ အမိန့်ပေးသူ၊ သတင်းထိန်ချန်သူ၊ ပြစ်မှုကျူးလွန်တာကိုသိသိနဲ့ အမိန့်အာဏာသုံးပြီး ကာကွယ်ပေးသူ၊ တရားလို၊ သက်သေတွေ၊ တရားမျှတမှုအတွက် ကူညီပြောဆိုသူတွေကို ခြိမ်းခြောက်သူတွေကို ထိရောက်စွာ အရေးယူပေးဖို့တောင်းဆိုထားပါတယ်။
ဒီအမှုကို ဦးဆောင်တိုင်ကြားခဲ့တဲ့ တက်ကြွလှုပ်ရှားသူ ကိုလူအေးကတော့ မိုးကြိုးကိုယ်တိုင်သတ်ခဲ့တယ်လို့ ဝန်ခံထားပြီးသားဖြစ်တဲ့အတွက် အရေးယူခြင်းမပြုသေးဘဲ ယာယီတပ်ရင်းမှူးတာဝန်လွှဲနေခြင်းဟာ “ဒါကြီး မီးလောင်နေတဲ့အနေအထား ရေနဲ့ဖြန်းရမယ့်ကိစ္စကို မီးနဲ့ထပ်ရှို့တယ်”လို့ မြင်ကြောင်း မော်ကွန်းကိုပြောပါတယ်။
မြေလတ်အသံသတင်းဌာနမှာ ပါရှိတဲ့သတင်းမှာတော့ မိုးကြိုးဟာ သူသတ်လိုက်တဲ့ဖြစ်ရပ်ကို အဲဒီအချိန်က ၃၈၀၁ ရဲ့ တပ်ရင်းမှူးဖြစ်နေတဲ့ ရန်ကျော်(ဦးကျော်ကျော်နိုင်)ကို တင်ပြခဲ့ပြီး ပျူစောထီးတွေဖြစ်တယ်လို့ဆိုထားပါတယ်။
လတ်တလော ပဲခူးရိုးမထဲက အရပ်သား ငါးလောင်းပြိုင်လူသတ်မှုနဲ့ပတ်သက်လို့ NUG အဖွဲ့ဘက်က တစုံတရာ တရားဝင်ထုတ်ပြန်ပြောဆိုလာတာမရှိသေးပါသလို တိုင်ကြားမှုတွေကိုလည်း တုန့်ပြန်လာတာမရှိသေးကြောင်း ကိုလူအေးကပြောပါတယ်။
မော်ကွန်းကရရှိထားတဲ့ အသတ်ခံရသူတွေရဲ့ မိသားစုဝင်တွေပြောဆိုချက်မှာတော့ မိုးကြိုးဟာ အရပ်သားငါးဦးကို အခုလ ၁၉ ရက်ဝန်းကျင်မှာ သတ်ဖြတ်ပြီးတဲ့နောက် ကျွဲအကောင် ၂၀ ကျော်ကို သိမ်းလိုက်ပြီး ကျွဲတွေဟာ ကာလတန်ဖိုး သိန်း ၂၀၀ ဝန်းကျင်ရှိနိုင်တယ်လို့သိရပါတယ်။
ပုံစာ- သာယာဝတီခရိုင်တပ်ရင်း ၊ တပ်ရင်းအမှတ် -၃၈၀၁ ၊တပ်ခွဲ(၂) Phoenix D F ရဲဘော်တွေ မွမ်းမံသင်တန်းအပတ်စဉ်(၂)သင်တန်းဆင်းပွဲမှာ တွေ့ရတဲ့ ရဲဘော်မိုးကြိုးကြီး( ဘယ်အစွန်ဆုံးက စစ်ယူနီဖောင်းဝတ် ရှိုးဝါးဖိနပ်စီး၍ သတိစွဲနေသူ) ။ ထိုသင်တန်းဆင်းပွဲကို ၂၈.၂.၂၀၂၄ တွင် ပြုလုပ်ခဲ့သည်။
ဓါတ်ပုံ- Phoenix DF
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

