ရန်ကုန် – ၂၀၂၄ မေ ၁၇ (မော်ကွန်း)
တိုက်ပွဲတွေကြောင့် ကားလမ်းပိတ်နေတာ နှစ်လကျော်ကြာနေတဲ့ ပူတာအိုမြို့မှာ အခြေခံစားသောက်ကုန်တွေ ဝယ်လို့မရဘဲပြတ်လပ်နေတာကြောင့် ရေရှည်မှာ အငတ်ဘေးဆိုက်နိုင်တဲ့ အခြေအနေတွေဖြစ်လာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ မြောက်ဘက်အစွန်အဖျား ပူတာအိုမြို့ကို ဆက်သွယ်ထားတဲ မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းတစ်လျှောက်မှာ ယခုနှစ်မတ်လဆန်းပိုင်းလောက်ထဲက ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီး ဒေသတွင်း ဆက်သွယ်ရေးလမ်းကြောင်း ပြတ်တောက်နေတာ လက်ရှိနဲ့ဆို နှစ်လခွဲနီးပါးထိ ရှိနေတာပါ။
ဒေသတွင်း ကုန်စည်စီးဆင်းမှု ရပ်တန့်နေကြောင့် ပူတာအိုမြို့မှာ ဆန်၊ ဆီ၊ ကြက်သွန်၊ ကြက်ဥ အစရှိတဲ့ အခြေခံစားသောက်ကုန်တွေအပြင် စက်သုံးဆီတွေလည်းရှားပါးနေကာ ဈေးတွေခေါင်ခိုက်နေတာပါ။
ပူတာအို၊ နောင်မွန်၊ ခေါင်လန်ဖူး စတဲ့မြို့တွေဟာ မြစ်ကြီးနား – ပူတာအို လမ်းပိုင်းက ကုန်စည်အဝင်ကိုပဲ အဓိက အားထားနေရတာဖြစ်ပြီး အခုလို လနဲ့ချီပြီး လမ်းပိတ်နေတာကြောင့် ရေရှည်ကာမှာ ဒေသခံတွေဟာ ပိုမိုခက်ခဲလာကြတာပါ။
ပူတာအိုမြို့ပေါ်မှာ အဲဒီလို အခြေခံစားသောက်ကုန် ဝယ်လို့မရတာကြောင့် မြို့ခံတွေဟာ လေး၊ ငါးမိုင် ပတ်လည်ဝေးတဲ့ အနီးပတ်ဝန်းကျင်ကျေးရွာတွေမှာ စိုက်ပျိုးထုတ်လုပ်တဲ့ ဆန်၊ ဆီ စားသောက်ကုန်တွေကို ခြေလျင်သွားရောက်ပြီး သယ်ယူနေရတယ်လို့ ပူတာမြို့က ဒေသခံတစ်ဦးက ပြောပါတယ်။
“တောင်ပေါ်ရွာတွေရှိတယ်၊ အဲဒီရွာတွေမှာ သူတို့ တောင်ယာတွေရှိတယ်၊ အဲဒီမှာ ဆီသွားကြိတ်၊ ဆန်သွားဝယ်ရတယ်။ ပြီးရင် အဲဒီ့ ဆန်ပုံးတွေ၊ ဆီပုံးတွေကို ခြေလျင်လမ်းလျှောက်ပြီး သယ်နေရတယ်။ ၁၀ ပြည်ပါတဲ့ ဆန်တစ်ပုံး နှစ်သိန်းပေးဝယ်ရတယ်” လို့ ၎င်း ပူတာအိုဒေသခံကပြောပါတယ်။
ဒါ့အပြင် ပူတာအိုမှာ စက်သုံးဆီကလည်း ဘယ်နေရာမှာမှ ဝယ်ယူလို့မရဖြစ်နေတာကြောင့် ဈေးသွားတာ၊ ဆေးရုံဆေးခန်းသွားတာအပါအဝင် ရွာတစ်ရွာနဲ့တစ်ရွာ ကူးသန်းသွားလာရာမှာ ခြေလျင်လျှောက်သွားနေရတဲ့ အခြေအနေဖြစ်လာတာလို့ ဆိုပါတယ်။
“စက်သုံးဆီက ရေသန့်ဘူး တစ်ဘူး (တစ်လီတာ) ကို လေးသောင်း၊ ငါးသောင်းဖြစ်နေတာပါ။ အဲဒါတောင်မှ တော်တော်ရှာဝယ်ရမှာ။ စက်ဘီးရှိတဲ့သူ စက်ဘီးစီးတယ်။ မရှိရင် ကုန်းကြောင်းလျှောက်ကြရတာပါ” လို့ လက်တွေ့ကြုံတွေ့နေရတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
တောင်ပေါ်ဒေသဖြစ်တဲ့ ပူတာအိုမြို့မှာ ပြီးခဲ့တဲ့နှစ်တွေက စက်သုံးဆီရှားပါးတဲ့ အခြေအနေတွေ တွေ့ကြုံဖူးပေမယ့် လက်ရှိအခြေအနေက အဆိုးဆုံးဖြစ်တယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။
“လူသုံးကုန်တွေ ဆပ်ပြာ၊ ဆေးဝါး ဘယ်မှာမှမရှိဘူး။ တကယ့်ကို ရှားပါးတဲ့ ခေတ်ပျက်လိုဖြစ်နေတာ အရင်က အဲဒီလောက်မဆိုးဖူးဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လောင်စာဆီရှားပါးနေတဲ့အပြင် ပူတာအိုမြို့ရဲ့ လျှပ်စစ်မီးကလည်း သုံးရက်မှ တစ်ကြိမ်ပဲ လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အရာရာ ရှားပါးနေတဲ့ဒဏ်ကိုမခံနိုင်တဲ့ ဒေသခံတချို့ကတော့ ရှိတာ ရောင်းချကာ မြစ်ကြီးနားမြို့ကို လေကြောင်းကနေ ထွက်ခွာတာရှိပေမယ့် ငွေကြေးတတ်နိုင်သူတချို့လောက်ပဲ အခုလို ထွက်ခွာသွားနိုင်တာပါ။
မြောက်ဘက်အစွန်ဆုံးမြို့ဖြစ်ပြီး ကားလမ်းနဲ့ လေကြောင်းလိုင်းနှစ်ခုပဲ အားထားရတဲ့ တောင်ပေါ်ဒေသဖြစ်တဲ့ ပူတာအိုမြို့ဟာ ဝေးလံခေါင်ဖျားတဲ့ ဒေသဖြစ်တာကြောင့် အရင်ကတည်းက အခြားဒေသတွေထက် ကုန်စျေးနှုန်းကြီးမြင့်လေ့ရှိပါတယ်။
စစ်ကောင်စီတပ်က ပူတာအိုမြို့ကို မြစ်ကြီးနားကနေတစ်ဆင့် လေကြောင်းနဲ့ အခြေခံစားသောက်ကုန်တွေ သယ်ယူရောင်းချပေးခဲ့တာရှိပေမယ့် မလုံလောက်ဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ အဲဒီလမ်းပိုင်းကို စစ်ကောင်စီတပ်ရော KIA တပ်ရောက နှစ်ဖက်လုံးက စစ်ကူတွေ တက်လို့မရအောင် လမ်းပိုင်းကို ပိတ်ဆို့ဖြတ်တောက်ထားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယခုလဆန်းပိုင်းမှာတော့ KIA နဲ့ စစ်ကောင်စီတို့အကြား ညှိနှိုင်းပြီးလမ်းပြန်ဖွင့်ပေးမယ်လို့ ကောလာဟလ သတင်းတချို့ထွက်ပေါ်ခဲ့ပေမယ့် ယခု လလယ်ပိုင်းရောက်တဲ့အချိန်ထိ လမ်းပြန်မဖွင့်နိုင်သေးဘူးလို့ ပူတာအိုမြို့ခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း ပူတာအိုမြို့အနီး လုံဂျာရန်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဆက်လက်ဖြစ်နေတယ်လို့ ဒေသတွင်း သတင်းတချို့မှာ ဖော်ပြထားပါတယ်။
ကချင်ပြည်နယ်မှာ စစ်ကောင်စီကို ထိုးစစ်ဆင်နေတဲ့ KIA တပ်ဖွဲ့ဟာ မြစ်ကြီးနား – ပူတာအို လမ်းပိုင်း ဆွမ်ပရာဘွမ်မြို့က စစ်စခန်းတွေကို မတ်လ ၁၀ ရက်မှာ စတင်ထိုးစစ်တိုက်ခိုက်ခဲ့ပြီး မေလဆန်းပိုင်းမှာတော့ ဆွမ်ပရာဘွမ်အခြေစိုက် စစ်ကောင်စီတပ်ရင်း ခလရ (၆၄) ကို သိမ်းယူခဲ့ကာ ဆွမ်ပရာဘွမ်ကို KIA က အပြီးသတ်ထိန်းချုပ်ထားပါတယ်။
ပူတာအို၊ ဆွမ်ပရာဘွမ်မြို့တွေဟာ တောတောင်တွေဝိုင်းရံထားပြီး ဆီးနှင်းတွေဖုံးလွှမ်းနေတဲ့ ဒေသဖြစ်တာကြောင့် ဆောင်းရာသီ ကို နှစ်သက်ကြတဲ့ ခရီးသွားတွေလည်ပတ်လေ့ရှိကြတဲ့ ခရီးသွားမြို့တွေလည်းဖြစ်ပါတယ်။
ပုံစာ – ပူတာအိုမှာ စစ်ကောင်စီက အခြေခံစားသောက်ကုန်တွေ လာရောင်းချပေးနေစဉ်
ဓာတ်ပုံ – စစ်ကောင်စီသတင်းနဲ့ ပြန်ကြားရေး