ပုလဲ – ၂၀၂၁ အောက်တိုဘာ ၁၇ (မော်ကွန်း)
အာဏာသိမ်းစစ်ကောင်စီ မီးရှို့သွားတဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ၊ ပုလဲ- ဂန့်ဂေါလမ်းပေါ်က ရွာတွေနဲ့ စစ်ရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာနဲ့ နေထိုင်ဖို့ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေဆီက သတင်းရရှိပါတယ်။
အောက်တိုဘာလ ၁၂ ရက်နေ့က ပုလဲ-ဂန့်ဂေါလမ်းက ၅၆ မိုင်ကျေးရွာအပါအဝင် လမ်းတစ်လျှောက်ရှိ ကျေးရွာနေအိမ်တွေကို အာဏာသိမ်းစစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ဖျက်ဆီးသွားခဲ့တာပါ။
၅၆ မိုင်ကျေးရွာမှာဆိုရင် အိမ်ခြေ ၄၂ လုံးရှိရာ အိမ်အလုံး ၃၀ ကိုမီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာလ ၁၂ ရက်နေ့မှာပဲ ညနေ ၃နာရီခွဲအချိန်ခန့် ပုလဲ-ဂန့်ဂေါဘက်က ဆင်းလာတဲ့ စစ်ကောင်စီယာဥ်တန်းဟာ ၅၆ မိုင်အရှေ့ဘက်မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒါကြောင့် အငြိုးနဲ့ အနီးက ၅၆ မိုင် ကျေးရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
မီးရှို့ပြီး တပ်စွဲထားတဲ့အတွက် ဒေသခံပြည်သူများ ရှောင်တိမ်းနေရကြောင်း နယ်ခံတွေက ပြောပါတယ်။
အောက်တိုဘာလ ၁၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်တွေဟာ ပုလဲမြို့နယ်အတွင်းရှိ ဇီးပင်စခန်းနဲ့ ကျောက်ပုံကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အထိအခိုက်များခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီလို တိုက်ခိုက်ခံရပြီးမှာပဲ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး လယ်ဓမ္မကျေးရွာမှ နေအိမ် ၂လုံး၊ဝမ်းပြင်ကျေးရွာမှ နေအိမ် ၃လုံး၊ နွားတဲ တစ်လုံး၊ ဇီးပင်စခန်းကျေးရွာမှ နေအိမ် ၁လုံး ၊ နတ်ရေကန်ကျေးရွာမှ ကြက်ခြံ ၂ခြံ တို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။
ပုလဲ-ဂန့်ဂေါလမ်း ပုံတောင်တလျှောက် စစ်ဘေးရှောင်ပြည်သူများမှာ စားနပ်ရိက္ခာများခက်ခဲနေပါသဖြင့် ဆက်သွယ်လှူဒါန်းပေးကြဖို့ တော်ဝင်လင်းယုန် Pale People Defense Force က မေတ္တာရပ်ခံထားပါတယ်။
ပုံစာ – မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်များ
ဓါတ်ပုံ-ပုလဲ PDF
#Dailynews

