ရန်ကုန် – ၂၀၂၅ ဇွန် ၁၈ (မော်ကွန်း)
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ မနေ့ကစပြီး ဆက်တိုက်ရွာသွန်းနေတဲ့မိုးကြောင့် စစ်ဘေးရှောင်စခန်းတွေရေနစ်မြုပ်နေပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကိုကူညီနေသူတချို့က ပြောပါတယ်။
မနေ့ကစပြီး ဆက်တိုက်ရွာသွန်းနေတဲ့မိုးကြောင့် စစ်ဘေးရှောင်စခန်းတွေဆီကို တောင်ကျချောင်းရေတွေစီးဆင်းလာပြီး စစ်ဘေးရှောင်အိမ်ထောင်စုပေါင်း ၂၀၀ ကျော် ရေနစ်မြုပ်နေတယ်လို့ ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံး (PYA) က ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ ရေကခါးလယ်လောက်ထိနစ်မြုပ်နေပြီး စားရေးသောက်ရေးနဲ့ နေထိုင်စရာ အခက်အခဲတွေကြောင့် အကူအညီတွေလိုအပ်နေတဲ့တယ်လို့ ၎င်းစစ်ရှောင်တွေကို ကူညီနေသူတချို့က ပြောပါတယ်။
ဒါ့အပြင် ၎င်းစစ်ဘေးရှောင်တွေကို ပုဏ္ဏားကျွန်း လူငယ်အစည်းအရုံး (PYA) ကနေတစ်ဆင့် ထောက်ပံ့နိုင်တယ်လို့ အလှူငွေတွေလည်း ကောက်ခံထားပါတယ်။
စစ်တွေမြို့ရဲ့ တောင်ဘက်မှာရှိပြီး ကုလားတန်မြစ်၊ မယူမြစ်တို့အကြားမှာရှိတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ဟာ ဒီရေအတက်အကျရှိတဲ့ ချောင်းငယ်တွေ အများအပြားရှိတဲ့ မြို့ဖြစ်တာကြောင့် တောင်ကျချောင်းရေ မြင့်တက်လာပါက ကျေးရွာတချို့ ရေနစ်မြုပ်နစ်တာ မကြာခဏရှိတယ်လို့ ၎င်းဒေသခံတချို့က ပြောပါတယ်။
“ရေနစ်မြုပ်သွားတဲ့ စစ်ဘေးရှောင်တွေမှာ အိပ်ယာတွေ၊ အဝတ်အစားတွေ၊ ထမင်းချက်စားတဲ့ အိုးခွက်ပန်းကန်တွေအစ အကုန်ရေထဲမျောသွားတယ်။ အဓိကတော့ စားနပ်ရိက္ခာတွေ၊ ဖျာတွေ၊ ပုဆိုးတွေ တစ်ကိုယ်ရည်သုံးပစ္စည်းတွေ အရေးပေါ်လိုနေတယ်” လို့ ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံးက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
၎င်းပုဏ္ဏားကျွန်းမြို့ကို ပြီးခဲ့တဲ့နှစ် မတ်လပိုင်းမှာ အာရက္ခတပ်တော်က ထိုးစစ်ဆင်ပြီး စစ်ကောင်စီလက်ထဲကနေ သိမ်းပိုက်နိုင်ခဲ့တာဖြစ်တာပါ။
၎င်းမြို့နယ်မှာ ကျေးရွာပေါင်း ၂၃ ရွာနဲ့ စစ်ဘေးရှောင်စခန်း ငါးခုရှိနေပြီး ဒေသတွင်းမှာ စားနပ်ရိက္ခာနဲ့ သောက်သုံးရေ၊ ဆေးဝါးအခက်အခဲတွေ ရင်ဆိုင်နေတယ်လို့ ဒေသတွင်းအကူအညီပေးနေသူတွေဆီက သိရပါတယ်။
လက်ရှိမှာ ဘင်္ဂလားပင်လယ်အော်မှာ တည်ရှိကာ အားကောင်းနေတဲ့ အနောက်တော်မုတ်သုံလေကြောင့် ရခိုင်ကမ်းရိုးတမ်းအပါအဝင် တစ်နိုင်ငံလုံးနီးပါးမှာ မိုးဆက်တိုက်ရွာသည်းထန်ရွာ ရွာသွန်းနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အသိပေးထားပါတယ်။

ပုံစာ – ပုဏ္ဏားကျွန်းက စစ်ဘေးရှောင်စခန်းတချို့ ရေနစ်မြုပ်နေတဲ့မြင်ကွင်း
ဓါတ်ပုံ – PYA

