အောင်ပိုင်
ရန်ကုန် – မတ် ၃၀၊ ၂၀၂၀ (မော်ကွန်း)
မင်္ဂလာတောင်ညွန့်မြို့နယ်မှ COVID – 19 ရောဂါပိုးတွေ့သူ အသက် ၆၉ နှစ်အရွယ် နံပါတ် ၅ လူနာ သေဆုံးပြီဆိုသည်မှာ မဟုတ်မမှန်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖို့မြေရပ်ကွက် ဥက္ကဋ္ဌ ဦးဇော်ဝင်းထွန်းက ယနေ့နေ့လယ်ပိုင်းတွင် မော်ကွန်းကိုပြောသည်။
“သတင်းအမှားတွေပါ။ သူက ခုချိန်အထိ ဝေဘာဂီဆေးရုံမှာ။ မနေ့ညက အတူနေ သူ့သား နံပါတ် ၁၀ ထပ်တွေ့တယ်။ သူ့ကို ဆေးရုံလိုက်တင်တဲ့သား။ ကျန်တဲ့မိသားစုဝင်တွေကို ဆေးစစ်တော့ အကုန် ကျန်းကျန်းမာမာပဲရှိပါတယ်။” ဟု ၎င်းက ပြောသည်။
ထို့အပြင် လူနာနေထိုင်ခဲ့သည့် မင်္ဂလာတောင်ညွန့်မြို့နယ် ၁၀၁ လမ်းမှ တစ်တိုက်လုံးကိုလည်း အဝင်အထွက်မပြုလုပ်ရန် ၂၇ ရက်ကတည်းက ကန့်သတ်ထားပြီးဖြစ်သည်ဟု ၎င်းကဆိုသည်။
နံပါတ် ၅ လူနာသည် နှာခေါင်းကင်ဆာရောဂါအခံရှိသူဖြစ်ပြီး သြစတေးလျနိုင်ငံတွင် ဆေးကုသမှု တစ်လကြာ ခံယူပြီးနောက် စင်ကာပူနိုင်ငံသို့ လေးရက်ကြာဝင်နားခဲ့သည့် ခရီးသွားမှတ်တမ်းရှိထားသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
သူသည် မတ် ၁၄ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး လေးရက်အကြာ ၁၈ ရက်နေ့တွင် ဖျားနာခြင်း၊ ချောင်းဆိုခြင်း၊ လည်ချောင်းနာခြင်းများဖြစ်ပေါ်ခဲ့ခြင်းကြောင့် ၎င်းကို မတ် ၂၅ ရက်က စောင့်ကြည့်လူနာအဖြစ် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် သီးခြားကုသမှုပေးခဲ့သည်ဟု ကျန်းမာရေးနှင့် အားကာစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ထို့နောက် နှစ်ရက်အကြာ မတ် ၂၇ ရက်တွင် ရောဂါပိုးတွေ့ရှိသည်ဟု ဓာတ်ခွဲအဖြေထွက်လာပြီးနောက် ဝေဘာဂီဆေးရုံသို့ လွှဲပြောင်းကုသခဲ့သည်မှာ ယနေ့နှင့်ဆိုလျင် သုံးရက်ကြာမြင့်ပြီဖြစ်သည်။
မတ်လ ၂၉ ရက်နေ့အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပိုးတွေ့လူနာမှာ ရန်ကုန်တွင် ခုနှစ်ဦး၊ နေပြည်တော်တွင် တစ်ဦး၊ ချင်းပြည်နယ်တွင် တစ်ဦးနှင့် မန္တလေးတွင် တစ်ဦး စုစုပေါင်း ပိုးတွေ့လူနာ ၁၀ ဦး ရှိပြီဖြစ်သည်။
#Dailynews

