ဗညားကျော်၊ရန်ကုန်။
ဇန်နဝါရီ ၁၀
လုံခြုံရေးအခြေအနေအရ တည်ငြိမ်မှုမရှိသေးတဲ့အတွက် ပလက်ဝမြို့နယ်မှာ ထုတ်ပြန်ထားတဲ့ “ညမထွက်ရအမိန့်” ပုဒ်မ ၁၄၄ ကို ထပ်မံသက်တမ်းတိုးလိုက်တယ်လို့ အဲဒီမြို့နယ်ရဲ့ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံးက ထုတ်ပြန်တယ်။
မနေ့က(ဇန်နဝါရီ၉) ထုတ်ပြန်တဲ့ ဒီထုတ်ပြန်ချက်မှာ ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်ရဲ့ တည်ရှိဆဲ ညမထွက်ရအမိန့်ကို နှစ်လ သက်တမ်းထပ်တိုးတယ်လို့ ဖော်ပြထားတယ်။ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲ အရှိန်များ မြင့်တက်လာပြီးနောက် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာကတည်းက ဒီမြို့နယ်မှာ ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ထားတာပါ။
“ မြို့ပေါ်မှာတော့ မထုတ်ပြန်သင့်ဘူးထင်တယ်။ မြို့ကကျဉ်းကျဉ်းလေးလေ၊ မကျန်းမမာတဲ့သူတွေ၊ မြို့ပေါ်လာတဲ့သူတွေ အခက်အခဲဖြစ်တယ်၊ ညမှာ ကလေးမွေးတဲ့လူနာတွေ အတွက် တော်တော်လေးကို အခက်အခဲဖြစ်တယ်” လို့ အမိန့်စာအပေါ် ပလက်ဝမြို့က တင့်ထွန်းအောင်လူငယ်ပရဟိတအဖွဲ့ဥက္ကဌ ဦးတင့်ထွန်းအောင်က ပြောတယ်။
ထုတ်ပြန်ချက်တွင် မည်သူမဆို ည ၆ နာရီမှ နံနက် ၆ နာရီ အတွင်း အမိန့်တစ်စုံတစ်ရာမရှိဘဲ လုံခြုံရေးတာဝန်ရှိ သူမှအပ သွားလာခြင်းမပြုရ။ မြို့နယ်အတွင်း အများပြည်သူ သွားလမ်းမကြီးနဲ့ ဆက်စပ်တဲ့လမ်းများ၊ အဆောက်အဦးများတွင် လူ ငါးဦးအထက် စုရုံးကာ ဆူပူလှုံ့ဆော်တာ၊ စုဝေးစီတန်းလှည့် လည်ကြတာ၊ ရုံးရင်းဆန်ခတ်ပြုလုပ်ကြတာတွေ မလုပ်ကြဖို့ တားမြစ်ထားတယ်။
ပုံစာ…ပလက်ဝမြို့တစ်နေရာ
#dailynews