ရန်ကုန် – ၂၀၂၀ ဇွန် ၁ (မော်ကွန်း)
ချင်းပြည်နယ်တောင်ပိုင်းက ပလက်ဝမြို့နဲ့ ဆမီးမြို့နယ်ခွဲပေါ်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေထဲက ကျောင်းသူ၊ ကျောင်းသားတွေအတွက် ကျောင်းဖွင့်ချိန် စာသင်နိုင်ရန် ယာယီကျောင်းဆောင်တွေ ဆောက်လုပ်ပေးဖို့ပြင်ဆင်နေတယ်လို့ ချင်းပြည်နယ်၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။
“ကျောင်းတွေကို အရေးပေါ်လုပ်နေပေမယ့် ကျောင်းဆောင်သာပြီးသွားရင်တောင် လိုအပ်တဲ့ ပရိဘောဂတွေက ချက်ချင်းရဖို့မလွယ်ဘူး” လို့ ဦးစိုးထက်က ပြောပါတယ်။
တပ်မတော်နဲ့ ရခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေကြောင့် ပလက်ဝမြို့ပေါ်ကို ကျေးရွာ ၂၃ ရွာမှ အိမ်ထောင်စု ၁,၀၀၀ ကျော်နဲ့ ဆမီးမြို့ပေါ်ကို အိမ်ထောင်စု ၇၀၀ ကျော် ရောက်ရှိနေပြီး ကလေးတွေစာသင်ဖို့ လက်ရှိမြို့ပေါ်က စာသင် ကျောင်းဆောင်တွေမလုံလောက်တာကြောင့် ယာယီကျောင်းဆောင်တွေဆောက်တာဖြစ်တယ်လို့ဝန်ကြီးက ပြောပါတယ်။
ယာယီကျောင်းဆောင်တွေကို သွပ်မိုး၊ ဝါးကပ်ကာနဲ့ ဆောက်ဖို့ပြင်ဆင်နေတာပါ။ ယာယီကျောင်းဆောင်တွေကို ဆမီးမြို့ပေါ်မှာ ပြင်ဆင်နိုင်ပေမယ့် ပလက်ဝမြို့မှာတော့ တိုက်ပွဲတွေကြောင့် ဆောက်လုပ်ရေးပစ္စည်းတွေပို့ဖို့ အခက်အခဲရှိနေလို့ လုပ်ငန်းတွေ မစနိုင်သေးဘူးလို့ ဝန်ကြီးကပြောပါတယ်။
ပလက်ဝမြို့နယ်ထဲမှာ ကျောင်းပေါင်း ၄၈၄ ကျောင်းရှိပြီး မနှစ်ကစာသင်နှစ်မှာ တိုက်ပွဲကြောင့် ကျောင်းပေါင်း ၂၁၂ ကျောင်းပိတ်ထားခဲ့ရတယ်လို့ ချင်းပြည်နယ်အစိုးရက ထုတ်ပြန်ထားပါတယ်။
ပုံစာ – ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဘဲချောင်းကျေးရွာတွင်တွေ့ရသည့် ကျောင်းသားများ
ဓါတ်ပုံ – မော်ကွန်း
#Dailynews