နိပါတ်ပန်းချီဆိုတာ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဖြစ်စဉ်တွေထဲက သင့်တော်တဲ့ ဇာတ်လမ်း၊ ဇာတ်ကွက်တွေကို ပန်းချီရေးဆွဲ ဖော်ပြတာ ဖြစ်ပါတယ်။ ငါးရာ့ငါးဆယ်ဇာတ်၊ ဧကနိပါတ်၊ ဒုကနိပါတ်၊ ဗုဒ္ဓဝင်၊ မဟာဝင် စတာတွေထဲက အကြောင်းအရာတွေကို ပြည်သူအများ အလွယ်တကူကြည့်ရှုလေ့လာနိုင်အောင် ပန်းချီဆရာတွေက ရေးဆွဲတင်ပြကြပါတယ်။ နိပါတ်ပန်းချီကားတွေကို ဘုရား၊ တန်ဆောင်း၊ စောင်းတန်း၊ ဘုန်းတော်ပျံ၊ မယ်တော်ပျံစတဲ့ နေရာတွေမှာ ချိတ်ဆွဲပြသလေ့ ရှိပါတယ်။ ရှေးရိုးမြန်မာ့ပန်းချီဟာ နံရံပန်းချီ၊ ပုရပိုက်ပန်းချီ၊ ယွန်းပန်းချီ၊ ရွှေရေးပန်းချီ အစရှိတဲ့ နေရာဌာန၊ အသုံးပစ္စည်းများအပေါ် မူတည်ပြီး ထွန်းကားခဲ့ပါတယ်။ ပုဂံခေတ်ကာလကတည်းကဂူဘုရားနံရံတွေပေါ်မှာ ပန်းချီရေးဆွဲဖို့ ပန်းချီအမှုထမ်း ခန့်ထားတာတွေ ရှိခဲ့ပါတယ်။ အင်းဝခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်တို့မှာတော့ ရွှေပန်းချီအမှုထမ်း၊ ပန်းချီတော်ခေါင်း၊ ပန်းချီတော်၊ ပန်းချီတော်အုပ်ဆိုတဲ့ ရာထူးတွေနဲ့ နန်းတွင်းမှာ အမှုတော်ထမ်းကြပါတယ်။ ပန်းချီတော် ဦးကြာညွန့်၊ ဆရာစာ၊ ဆရာချုံတို့ဟာ ရတနာပုံခေတ် နန်းတွင်း ပန်းချီတော်အုပ်တွေ ဖြစ်ကြပါတယ်။
ပါတော်မူပြီးနောက်ပိုင်းမှာတော့ နန်းတွင်းပန်းချီတော်တွေဟာ ပြည်သူလူထုကြားမှာပဲ ရပ်တည်ခဲ့ကြပါတယ်။ ဘုရားပွဲ၊ အလှူမင်္ဂလာ၊ ဘုန်းကြီးပျံ၊ မယ်တော်ပျံစတဲ့ အခမ်းအနားတွေမှာ ပိတ်ကိုဘောင်ကျပ်ပြီး နိပါတ်ဇာတ်လမ်းဇာတ်ကွက်တွေ ရေးဆွဲပြီး ရောင်းချရပ်တည်ခဲ့ရပါတယ်။ အဲဒီအချိန်ကစပြီး နိပါတ်ပန်းချီ စတင်ထွန်းကားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ နိပါတ်ပန်းချီဟာ ပါတော်မူပြီးချိန်ကနေ လွတ်လပ်ရေးခေတ်နှောင်းပိုင်းအထိ ကျယ်ကျယ်ပြန့်ပြန့် ထွန်းကားခဲ့ပါတယ်။
နန်းတွင်းပန်းချီတော် ဆရာချုံဟာ အင်းဝမှာ အခြေချပြီး ပခုက္ကူ၊ ရေစကြိုဘက် ဆင်းကာ ဘုရားကျောင်းကန်တွေမှာနိပါတ်ပန်းချီကားတွေအများအပြားရေးဆွဲခဲ့ပါတယ်။နောက်ပိုင်းမြန်မာပြည်အောက်ပိုင်း မအူပင်၊ မလက်တိုရွာမှာ နေထိုင်ပြီး မြစ်ဝကျွန်းပေါ်ဒေသမှာ နိပါတ်ပန်းချီ၊ ပုံတူပန်းချီများ ရေးဆွဲခဲ့ပါတယ်။ မ္တနလေးမြို့မှာတော့ ဆရာချုံရဲ့ တပည့်တစ်ဦးဖြစ်တဲ့ ဆရာအေးက နိပါတ်ပန်းချီကားတွေ ရေးဆွဲခဲ့ပါတယ်။ ဆရာအေးရဲ့သားဖြစ်သူ ဆရာဦးစောမောင်ဟာလည်း နိပါတ်ပန်းချီကား အမြောက်အမြား ရေးဆွဲခဲ့တဲ့ ပန်းချီကျော်တစ်ဦး ဖြစ်ပါတယ်။ ဆရာအေးဟာ နိပါတ်ပန်းချီရေးဆွဲရာမှာ နန်းတွင်းသုံး အဝတ်တန်ဆာတွေကို သူ့အဆင့်အတန်းနဲ့ သူလိုက်ဖက်အောင် အထူးဂရုစိုက်ရေးသူဖြစ်ပါတယ်။ နန်းတွင်းဓလေ့နဲ့ အသုံးအဆောင် အဝတ်တန်ဆာတွေအကြောင်းကို ဝက်မစွပ်ဝန်ထောက်မင်းထံက သိရှိခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။ နိပါတ်ပန်းချီတစ်ခေတ်ဆန်းလောက်အောင် တီထွင်အသုံးချခဲ့တဲ့ သာသနာပြုပုဂ္ဂိုလ် ရသေ့ကြီး ဦးခန္တီက ဆရာအေးကိုဝက်မစွပ်မင်းဆီ အပ်နှံပေးခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့သားဖြစ်သူ ဆရာ ဦးစောမောင်ကတော့ နန်းတွင်းအဝတ်တန်ဆာတွေအပြင် လူတွေရဲ့ခန္ဓာဗေဒကို အထူးဂရုစိုက်ရေးဆွဲတာကို တွေ့ရပါတယ်။ အပြား သဘောဆန်ပြီး ကောက်ကြောင်းတွေနဲ့ရေးဆွဲကြတဲ့ မြန်မာ့ရိုးရာပန်းချီကနေ ထုထည်၊ အလင်း၊ အမှောင်၊ အရောင်ခံစားမှုတွေကဲတဲ့ အနောက်တိုင်းပန်းချီဟန်တွေကို ထည့်သွင်းရေးဆွဲလာခဲ့ပါတယ်။
ပန်းချီပညာရပ်မှာ လူ့ခန္ဓာဗေဒ အသားအရေ၊ ကြွက်သား၊ အကြော စတဲ့ သဘာဝတွေကို နိုင်နင်းအောင် Nude လို့ ခေါ်တဲ့ ကိုယ်လုံးတီးပုံတွေ လေ့ကျင့်ရေးဆွဲကြပါတယ်။ မြန်မာ့ပန်းချီမှာတော့ အစောဆုံး ကြိန ပန်းချီကားတွေကို ဆရာဦးစောမောင်ရဲ့ နိပါတ်ပန်းချီလက်ရာတွေမှာ တွေ့ရပါတယ်။ ပခုက္ကူမြို့နယ်၊ ညောင်ပင်လှရွာ၊ တပ်ဦး အောင်ချမ်းသာကျောင်းတိုက်၊ တပ်ဦးအောင်ချမ်းသာဘုရားမှာ ချိတ်ဆွဲထားတဲ့ ဆရာဦးစောမောင်ရဲ့ နိပါတ်ပန်းချီလက်ရာတွေမှာ မြန်မာအမျိုးသမီးတွေရဲ့ ဟန်အမျိုးမျိုးနဲ့ Nude လက်ရာတွေကို လေ့လာနိုင်ပါတယ်။
၂၀၁၇-ဇူလိုင်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၈)မှ ဓာတ်ပုံရသ ဖြစ်ပါသည်။
ဓာတ်ပုံ – ထွန်းဝင်းငြိမ်း
ပခုက္ကူမြို့နယ်၊ ညောင်ပင်လှရွာ၊ တပ်ဦး အောင်ချမ်းသာကျောင်းတိုက်၊ တပ်ဦး အောင်ချမ်းသာဘုရားမှာ ချိတ်ဆွဲထားတဲ့ ဆရာဦးစောမောင်ရဲ့လက်ရာ နိပါတ်ပန်းချီကားများ
ဘုရားလောင်းနန္ဒမင်းသားနှင့် အခြားမင်းသားတို့အား ဘီလူးမတို့သည် အာရုံငါးပါးဖြင့် ဖြားယောင်းမြှူဆွယ်ကြရာ အခြားမင်းသားတို့ သည် ကာမဂုဏ်အာရုံများတွင် ဖြားယောင်းမြှူဆွယ်ခံရသော်လည်း ဘုရားလောင်းနန္ဒမင်းသားမှာ သမာဓိတည်ကြည်စွာဖြင့် လိုရာပန်းတိုင်သို့ အရောက်သွားနိုင်သည်ကို ဖော်ပြရေးဆွဲထားသော နိပါတ်ပန်းချီကားများ
ဘီလူးမတို့သည် အာရုံငါးပါးဖြင့် ဖြားယောင်းမြှူဆွယ်ခံရသော ရသေ့တစ်ပါးအကြောင်း နိပါတ်ပန်းချီကား