ပခုက္ကူ – ၂၀၂၂ ဒီဇင်ဘာ ၆ (မော်ကွန်း)
မကွေးတိုင်း၊ ပခုက္ကူမြို့အနောက်ကုန်းကျေးရွာကို အာဏာသိမ်းစစ်တပ်က မနေ့ညပိုင်းမှာဝင်ရောက်မီးရှို့တာကြောင့် နေအိမ် ၆ လုံးထက်မနည်း မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
အာဏာသိမ်းစစ်တပ်၊ စစ်သားတွေဟာ ရွာထဲဝင်လာပြီးနောက် နေအိမ်တွေကိုမီးရှို့ပြီးပြန်ထွက်သွားတယ်လို့ဒေသခံတစ်ဦးကပြောပါတယ်။
၂၀၂၂ ခုနှစ်အတွင်းမှာ အာဏာသိမ်းစစ်တပ် မီးရှို့တာကြောင့် ပခုက္ကူမြို့နယ်အတွင်းက ကျေးရွာ ၁၁ရွာဝန်းကျင်မီးလောင်ပျက်စီးခဲ့တယ်လို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
“အခုမီးရှိူ့ခံရတဲ့ရွာကလူတွေက အိမ်ပြန်နေဖို့ဆိုတာမဖြစ်နိုင်တော့ဘူး၊ သူတို့ကို နေရာတစ်နေရာမှာထားပေးဖို့ကျွန်တော်တို့လုပ်ဆောင်နေတာရှိတယ်၊ ဒါပေမဲ့ စစ်ကြောင်းပြန်ထိုးလာရင် ပြန်ရှို့ခံရမှာကိုလည်းဒေသခံတွေကစိုးရိမ်နေကြပါတယ်”လို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူကပြောပါတယ်။
မီးရှို့ခံထားရတဲ့ရွာတွေကဒေသခံတွေအတွက် နေစရာနေရာနဲ့စားနပ်ရိက္ခာတွေလိုအပ်နေတယ်လို့ ပအဖတာဝန်ရှိသူက ပြောပါတယ်။
#Dailynews

