ပခုက္ကူ – ၂၀၂၂ နိုဝင်ဘာ ၂၆ (မော်ကွန်း)
မကွေးတိုင်း၊ ပခုက္ကူမြို့၊ အခွန်လွတ်စျေးအနီးမှာ ဒီကနေ့မနက်ပိုင်းကစျေးလာရောင်းတဲ့ အမျိုးသမီးနှစ်ဦး ကိုအာဏာသိမ်းစစ်တပ်က စပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ပခုက္ကူမြို့၊ မြစ်လည်ကကျေးရွာတွေကနေ စျေးလာရောင်းတဲ့အမျိုးသမီးနှစ်ဦးဖြစ်ပြီး အာဏာသိမ်းစစ်တပ်က ဆိုင်ကယ်တစ်စီးမှာ လူတစ်ယောက်ပဲစီးဖို့ ကန့်သတ်ထားတာကိုမသိရှိကြဘူးလို့ သူကပြောပါတယ်။
“ရွာကလူတွေကျမသိကြဘူး၊ မနေ့ကမှစသတ်မှတ်တာဆိုတော့ မသိကြသူများတယ်၊ အမျိုးသမီးနှစ်ယောက်ကတော့ အဖမ်းခံထားရတယ်”လို့ ဒေသခံက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က ပခုက္ကူမြို့ပေါ်မှာ မနက် ၈နာရီကနေ ညနေ ၆နာရီအတွင်းဆိုင်ကယ်တစ်စီးကိုတစ်ယောက်ပဲ မောင်းနှင်ဖို့နဲ့ ညနေ ၆နာရီကနေ နောက်ရက်မနက် ၈နာရီအထိ ဆိုင်ကယ်မစီးဖို့ နိုဝင်ဘာ ၂၄ရက်နေ့က ကြေညာထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပခုက္ကူမြို့၊ လမ်းကြိုလမ်းကြားတွေပါမကျန် မြို့အဝင်အထွက်အထိ အာဏာသိမ်းစစ်တပ်က စစ်ဆေးမှုတွေပြုလုပ်နေပြီးဒီကနေ့မှာဆိုင်ကယ်နှစ်ယောက်စီးတာကြောင့်ဖမ်းဆီးခံရသူ ဆယ်ယောက်ကျော်ရှိတယ်လို့ ဒေသခံက ပြောပါတယ်။
#Dailynews

