ပခုက္ကူ – ၂၀၂၂ ဇူလိုင် ၁၂ (မော်ကွန်း)
မကွေးတိုင်းပခုက္ကူမြို့နယ် စိုင်ဖြူရွာကို အာဏာသိမ်းစစ်တပ်က ဇူလိုင်လ ၈ရက်နေ့မှာ ဝင်ရောက်မီးရှို့တာကြောင့် နေအိမ် ၂၂ လုံးမီးလောင်ဆုံးရှုံးခဲ့တယ်လို့ စိုင်ဖြူရွာဒေသခံတစ်ဦးကပြောပါတယ်။
နေအိမ်တွေကို ဝင်ရောက်မွှေနှောက်ရှာဖွေ ဖျက်ဆီးသွားပြီး အဖိုးတန်ပစ္စည်းတွေကို ဖောကားနှစ်စီးနဲ့ ခိုးယူသယ်ဆောင်သွားခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
” အခုမှရွာထဲ ပြန်ဝင်ရတာ၊ နေအိမ် ၂၂ လုံးကတော့အတိအကျပဲ ၊ ပစ္စည်းတွေကိုလည်း ဖောကားနဲ့သယ်သွားတယ်၊ အဖိုးတန် ဘီဒိုနဲ့ တီဗီတို့ သယ်တာပေါ့၊ကျန်တဲ့လူတွေပြန်မရောက်လာသေးဘူး၊တောထဲမှာပဲနေနေရတုန်း၊မြေပြင်အခြေနေသွားကြည့်ခဲ့တာ”လို့ စိုင်ဖြူရွာဒေသခံတစ်ဦးကပြောပါတယ်။
စိုင်ဖြူရွာမှာနေအိမ် ၁၂၈ လုံးရှိကာ စစ်တပ်က ဝင်မွှေချင်တဲ့အိမ်ကိုဝင်မွှေသွားပြီး ဖျက်ဆီးသွားတယ်လို့ ဒေသခံကပြောပါတယ်။
ဒေသခံရွာသားတွေက ယခုထိ တောထဲမှာတိမ်းရှောင်နေကြရပြီးရွာကိုမပြန်ရသေးပါဘူး။
အာဏာသိမ်းစစ်တပ်က ဇူလိုင်လ ၈ရက်နေ့မှာ ရှားဒူးရွာကို မီးရှို့ခဲ့တာကြောင့် နေအိမ် ၁၅၀ မီးလောင်ကျွမ်းခဲ့ပြီး ရှားဒူးရွာအနီးက စိုင်ဖြူရွာကို ထပ်မံမီးရှို့ခဲ့တာပါ။
Data for Myanmar ရဲ့ ပြီးခဲ့တဲ့ဇွန်လက နောက်ဆုံးတွက်ချက်မှုအရ အာဏာသိမ်းကာလအတွင်း စစ်တပ်မီးရှို့လို့ ပျက်စီးသွားရတဲ့ နေအိမ်ပေါင်း အနည်းဆုံး ၁၉၀၀၀ နီးပါးရှိနေပါတယ်။
ပုံစာ – မီးလောင်သွားသော စိုင်ဖြူရွာနေအိမ်အချို့နှင့် အာဏာသိမ်းစစ်တပ်၏ဖျက်ဆီးခိုးယူခံရသည့်နေအိမ်များ။
ဓါတ်ပုံ – ဒေသခံ
#Dailynews

