နှစ်သစ်ကူးသင်္ကြန်မှာ မဏ္ဍပ်ဆောက်လုပ်ရေကစားတာကို တားမြစ်တယ်လို့သမ္မတရုံးထုတ်ပြန်

နှစ်သစ်ကူးသင်္ကြန်မှာ မဏ္ဍပ်ဆောက်လုပ်ရေကစားတာကို တားမြစ်တယ်လို့သမ္မတရုံးထုတ်ပြန်

ကျော်ဇေယျ
ရန်ကုန် – ၂၀၂၀ မတ် ၁၃ (မော်ကွန်း)

ရှေ့လမှာကျရောက်မယ့် နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်မှာ မဏ္ဍပ်ဆောက်လုပ်ရေကစားတာကို ခွင့်ပြုမှာမဟုတ်ဘူးလို့ နိုင်ငံတော်သမ္မတရုံးက ယနေ့ထုတ်ပြန်လိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်(COVID-19) ဟာ လူစုလူဝေးများပြားတဲ့နေရာတွေမှာ အလျှင်အမြန်ကူးစက်တတ်တဲ့အတွက် ပြည်သူတွေအနေနဲ့ လူစုလူဝေးနဲ့ကျင်းပတဲ့ အခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေကို ဧပြီလကုန်အထိ ရပ်ဆိုင်းထားကြဖို့ သက်ဆိုင်တဲ့ဌာနဆိုင်ရာတွေကို ညွှန်ကြားထားပြီး လိုအပ်ရင် ထပ်မံတိုးမြှင့် သတ်မှတ်တာတွေလည်း လုပ်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြတယ်။

ဒါအပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ က ဖွဲ့စည်းခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားသောအဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီကို ဒီနေ့ကစလို အမျိုးသားအဆင့်ဗဟိုကော်မတီအဖြစ် တိုးမြှင့်ဖွဲ့စည်းဆောင်ရွက် ထားတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြတယ်။

ပြည်သူတွေအနေနဲ့ စိုးရိမ်ကြောက်လန့်အောင် မမှန်သတင်းဖြန့်ဝေတဲ့ ကောလာဟလတွေကို မယုံဖို့နဲ့ ကိုရိုနာဗိုင်းရပ်စ် မဖြစ်ပွားစေဖို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အချိန်နှင့်တစ်ပြေးညီထုတ်ပြန်ထားတဲ့ သတိပေးနှိုးဆော်ချက် တွေကို တိတိကျကျလိုက်နာဆောင်ရွက်ဖို့၊ မိမိပတ်ဝန်းကျင်မှာ သံသယလူနာတွေ့ရင်လည်း ခရိုင်၊ မြို့နယ်၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေကတဆင့် နီးစပ်ရာ ကျန်းမာရေးဌာနတွေကို သတင်းပို့ပေးဖို့ ပန်ကြားတယ်လို့ သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြတယ်။

မနေ့တုန်းက နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်ကာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးဆိုင်ရာ အရေး ပေါ် အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် ဒီနေ့မှာ သမ္မတရုံးက ပွဲလမ်းသဘင်နဲ့ အခမ်းအနားတွေကို ကန့်သတ်လိုက်တာလည်း ဖြစ်ပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ နေ့လည်ပိုင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ မရှိသေးပါဘူး။ မနေ့ကအထိ စောင့်ကြည့်လူနာ ၁၀၂ ဦးရှိပြီး အဲဒီအထဲက ၈၆ ဦးမှာ ပိုးမတွေ့ဘူးဆိုတဲ့ အဖြေထွက်ပါ တယ်။ ကျန် ၁၆ ဦးအနက် ကိုးဦးဟာလည်း ပိုးမတွေ့ရဘူးလို့ ဒီနေ့ နေ့လည်ပိုင်းမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာကပ်ရောဂါအဖြစ်ကြေညာထားပါတယ်။ WHO ရဲ့ မနေ့က အထိ စာရင်းတွေအရ နိုင်ငံပေါင်း ၁၁၈ နိုင်ငံမှာ ရောဂါပျံ့နှံ့နေပြီ ယမန်နေ့စာရင်းထက် လေးနိုင်ငံထပ်တိုးလာတာလည်း ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ လူပေါင်း ၁၂၅,၀၄၈ ဦးကို ရောဂါကူးစက်နေပြီး ၄,၆၁၃ ဦးသေဆုံးခဲ့ပြီလို့ WHO ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြတယ်။ ဒါဟာ မတ် ၁၁ စာရင်းထက်စာရင် တစ်ရက်အတွင်းမှာ ရောဂါကူးစက်သူအရေအတွက် ၆,၇၂၂ ဦးတိုးလာတာဖြစ်ပြီး သေဆုံးသူ ၃၂၀ ဦး တိုးခဲ့တာလည်းဖြစ်ပါတယ်။


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."