ကောင်းထက်စံ၊ ဂေထော
ရန်ကုန် – ၂၀၂၀ ဖေဖေါ်ဝါရီ ၂၈ (မော်ကွန်း)
ယမန်နှစ်ဧပြီလက အသက်နှစ်နှစ်အရွယ်ကလေးငယ်အား ရေနှစ်နှိပ်စက်ခဲ့သည့် အဘွားနှင့်အဒေါ် တော်စပ်သူတို့အား မြောက်ဥက္ကလာပတရားရုံးက အလုပ်နှင့်ထောင်ဒဏ်ငါးနှစ်ကို ယနေ့ချမှတ်လိုက်သည်။
အဘွားဖြစ်သူ ဒေါ်မြင့်ချိုနှင့် အဒေါ်ဖြစ်သူ မအေးမြတ်လွင်တို့အား ရာဇသတ်ကြီးပုဒ်မ ၃၀၇ အရ အမိန့်ချမှတ်လိုက်ပြီး ချုပ်ရက်ထုတ်နှုတ်ခံစားခွင့်ပြုကြောင်း တရားရုံးတွင်ရောက်ရှိနေသည့် မော်ကွန်းသတင်းထောက်က သတင်းပေးပို့သည်။
အသက် တစ်နှစ်ကိုးလအရွယ်ရှိ မောင်ချစ်မင်းသူအား ကျောက်စည်ပိုင်းအတွင်းရေနှစ်နေသည့် မြင်ကွင်းအား အိမ်ငှားနေထိုင်သူတို့က လက်ကိုင်ဖုန်းဖြင့်ဗီဒီယို ရိုက်ကူးကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ တိုင်ကြားခဲ့ရာ အတိုင်ခံရသူများအား တွေ့ဆုံကာ နောက်တစ်ကြိမ် မပြုလုပ်ရန် အုပ်ချုပ်ရေးမှူးက သတိပေးပြီး ပြန်လွှတ်ခဲ့သည်။
အဆိုပါညတွင်ပင် နောက်တစ်ကြိမ် ထပ်မံပြုလုပ်ရာ ရပ်မိရပ်ဖများမှတစ်ဆင့် ရဲစခန်းသို့ တိုင်ကြားခဲ့သဖြင့် မြောက်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၂၉၄ ၊ ၃၂၃၊ ၁၁၄ တို့ဖြင့် အမှုဖွင့်ကာ အာမခံပေးပြန်လွှတ်ခဲ့သည်။
ထို့နောက် မောင်ချစ်မင်းသူအား လူမှုဝန်ထမ်းဦးစီးဌာနမှ လာရောက်ခေါ်ဆောင်ခဲ့ပြီး ၎င်းအား ကယ်ဆယ်ခဲ့သူ အိမ်ငှားမနိုင်နိုင်မော်က တရားလိုပြုလုပ်ကာ အဘွားဖြစ်သူနှင့် အဒေါ်ဖြစ်သူတို့အား တရားစွဲဆိုခဲ့ရာ ဥပဒေရေးရာကုစားရေးအဖွဲ့(မြန်မာ) (Legal Clinic Myanmar) က အခမဲ့ လိုက်ပါကူညီခဲ့သည်။
အမှုဖြစ်ပွားရာနေရာသည် မြောက်ဥက္ကလာပမြို့နယ် (ခ) ရပ်ကွက်၊ ကန်ဘောင်ဖြစ်ပြီး တရားစွဲဆိုခဲ့သူ မနိုင်နိုင်မော်သည် ကန်ဘောင်တွင် အမှိုက်ကောက်သူတစ်ဦးလည်းဖြစ်သည်။
ရုပ်သံသတင်း ကြည့်ရှုရန် –
#Dailynews