“နွေဦးတော်လှန်ရေးတစ်ခုလုံးဆင်နွှဲမယ့် လမ်းကြောင်းကိုတော့ တားဆီးကန့်သတ်လို့မရပါဘူး”

“နွေဦးတော်လှန်ရေးတစ်ခုလုံးဆင်နွှဲမယ့် လမ်းကြောင်းကိုတော့ တားဆီးကန့်သတ်လို့မရပါဘူး”

ရန်ကုန် – ၂၀၂၅ ဇန်နဝါရီ ၂၂ (မော်ကွန်း)

တရုတ်နိုင်ငံရဲ့ကြားဝင်မှုနဲ့အတူ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) ဟာ စစ်ကောင်စီနဲ့ အပစ်ရပ်သဘောတူညီချက် ရရှိခဲ့တယ်လို့ တရုတ်အစိုးရက တရားဝင်ထုတ်ပြောလာပါတယ်။

၁၀၂၇ စစ်ဆင်ရေးမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အခြေစိုက်ရာ လားရှိုးအထိသိမ်းယူထားတဲ့ MNDAA ဟာ တရုတ်နိုင်ငံရဲ့ဖိအားပေးမှုကြောင့် စစ်ကောင်စီနဲ့ ဆွေးနွေးညှိနှိုင်းခဲ့ပြီး အပစ်ရပ်သဘောတူညီခဲ့တာပါ။

MNDAA ရဲ့ အပစ်အခတ်ရပ်စဲမှု၊ တရုတ်နိုင်ငံရဲ့ ကြားဝင်ပတ်သက်မှုတွေဟာ ပြည်တွင်းမှာဖြစ်နေတဲ့ စစ်ရေးနဲ့နိုင်ငံရေးအခြေအနေတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာမလဲဆိုတာကို ဝါရင့်နိုင်ငံရေးအကဲခတ်တစ်ဦးဖြစ်တဲ့ ဦးသန်းစိုးနိုင်ကို မော်ကွန်းကဆက်သွယ်မေးမြန်းထားပါတယ်။

မော်ကွန်း – အခု တရုတ်နဲ့ ကြားဝင်မှုနဲ့ကိုးကန့် (MNDAA) က အပစ်ရပ်လိုက်တယ်ဆိုပြီး တရုတ်ဘက်က ထုတ်ပြောလာတယ်။ အဲဒီအတွက် ရှမ်းမြောက်အပါအဝင် တစ်နိုင်ငံလုံးရဲ့ စစ်ရေး၊ နိုင်ငံရေးအပြောင်းအလဲတွေဖြစ်လာနိုင်လား။ တော်လှန်ရေးအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်ပါလဲ။

ဦးသန်းစိုးနိုင် – ကျွန်တော့်အမြင်ကတော့ သက်ရောက်မှု ထူးထူးခြားခြားမရှိနိုင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကိုးကန့်အနေနဲ့ သူပါဝင်ပတ်သက်နေတဲ့ သူတို့အနေအထားက ကျွန်တော်သိသလောက်က သိန္နီ၊ လားရှိုးလောက်ထိပဲ။

ဒီဘက်ကျော်မလာဘူးဆိုရင် သူ့အနေနဲ့ သူ့ဒေသနဲ့သူ၊ သူထိန်းချုပ်ထားတဲ့နယ်မြေအရ သင့်လျော်အဆင်ပြေပါတယ်။ အခုဘာကြောင့် ဒီလိုငြိမ်းချမ်းရေးလုပ်ရသလဲဆိုတော့ အားလုံးသိတဲ့အတိုင်း တရုတ်ရဲ့ဖိအားကြောင့်ပေါ့ဗျာ။

ဖိအားအပြင် ဖြတ်လေးဖြတ်၊ ဖြတ်ငါးဖြတ်တွေထိ လုပ်လာတဲ့အတွက်ကြောင့် သူ့လူထု အကျပ်အတည်းဖြစ်တာပေါ့။ နောက်တစ်ခုက သူ့ရဲ့ ဒေသတွင်းမှာ စစ်မရပ်မချင်း လေကြောင်းထိုးစစ်တွေ လက်နက်ကြီးပစ်ခတ်တာတွေ ရှိနေတာပေါ့။

အဲဒါကလည်း သူ့လူထုကို ကာကွယ်ဖို့ဆိုရင် စစ်ရပ်စဲဖို့ကလိုတာကိုး။ အဲဒါကြောင့် အခု သဘောတူညီမှု ရယူလိုက်တယ်ဆိုတာ သူ့အတွက်တော့ ကောင်းမွန်တဲ့၊ လိုအပ်တဲ့ သဘောတူညီမှုကိုရယူတယ်လို့ ကျွန်တော်ကတော့ သဘောပေါက်ပါတယ်။

လေယာဉ်ထိုးစစ်နဲ့ အမြှောက်နဲ့ ပစ်ခတ်မှုတွေ မလုပ်တော့ဘူးဆိုတဲ့ သဘောတူညီချက်ပါတယ်လို့ ပြောပါတယ်။ အဲဒီအတွက် ရမခကို ပြန်ပေးရမယ်တို့၊ လားရှိုးကို ပြန်ပေးရမယ်တို့ဆိုတဲ့ အချက်အလက်တွေမပါပါဘူး။ အဲဒါတွေမပါတဲ့အတွက် သူတို့ရဲ့အခြေခံရပ်ခံမှုဟာ အခြေအနေနဲ့ ကိုက်ညီတယ်၊ မှန်ကန်တယ်လို့သုံးသပ်ပါတယ်။

နောက်ပြီး ကောင်းတဲ့အချက်က တရုတ်အတွက်တော့ ပိုပြီးကောင်းသွားပါတယ်။ ဘာလို့လဲဆိုတော့ နယ်စပ်ဂိတ်စခန်းတွေ ရောင်းဝယ်ခွင့်တွေ ပြန်ပေးလိုက်တဲ့အခါ UWSA ၊ မိုင်းလားတို့ ကူးသန်းရောင်းဝယ်လို့ ရသွားတယ်။ လားရှိုးမှာလည်း ထိုင်ထားတဲ့အခါကျတော့ တရုတ်ရဲ့ ကုန်စည်စီးဆင်းမှုတွေလည်း အဲဒီဘက်ကနေ သွားတော့မယ်ဆိုတော့ သဘောပေါ့။ ဒီလိုအခြေအနေမှာ ဒီလိုလက်မှတ်ထိုးလိုက်တာ ငြိမ်းချမ်းရေးသဘောတူညီမှုယူလိုက်တာ ကိုးကန့်အတွက် အကျိုးရှိတယ်လို့ယူဆပါတယ်။

အဲဒီတော့ ကိုးကန့်အနေနဲ့တော့ နွေဦးတော်လှန်ရေးမှာ ပါဝင်ခွင့်တော့ ရုပ်သိမ်းခံလိုက်ရတဲ့ သဘောတော့ ရှိတာပေါ့။ ဒီလိုသဘောရှိပေမယ့် တခြားတစ်ဖက်မှာတော့ ကိုးကန့်ဟာ နယ်မြေနဲ့ လူထုအပေါ်လွှမ်းမိုးမှုမှာ အဲဒီထက်တော့ ကျော်လွန်လို့ မသင့်တော်ဘူးလို့ ထင်ပါတယ်။ လားရှိုးဒီဘက်ကျော်လာရင် သီပေါ၊ ကျောက်မဲ ရှမ်းဒေသတွေ တော်တော်များတယ်။

ပြီးတော့ TNLA နဲ့လည်း တော်တော်လေး နီးစပ်သွားတဲ့အခါ နယ်မြေဆိုင်ရာ ပဋိပက္ခတွေလည်း ရှောင်ရှားရာရောက်တာပေါ့။ သူ့အနေနဲ့ ဒီလိုလုပ်တာက အကျိုးအမြတ်ရှိတယ်။ နောက်တစ်ခုက အခုလို ကုန်စည်စီးဆင်းမှုရှိသွားတဲ့အခါ သူ့အနေနဲ့ တော်လှန်ရေးကို ကောင်းမှုပြုရတဲ့အခန်းကတော့ သူရရှိထားတဲ့ လက်နက်ခဲယမ်းမီးကျောက်တွေဟာ မုချပဲ စီးဆင်းလာတော့မှာ။

ဒီအနေအထားမှာ သူ့တပ်တွေ ပါရင်လည်းပါမယ်။ မပါရင်လည်း မပါဘူးပေါ့ဗျာ။ စစ်ဖြစ်လာရင် ယူနီဖောင်းလဲလိုက်ရင် ရတာပဲ။ ဒါပေမယ့် သူ့တပ်အများစုကတော့ ကျွန်တော်ထင်ကတော့ လားရှိုးဒီဘက် သီပေါ၊ ကျောက်မဲထိတော့ ဆင်းလို့ရှိရင် သိသာထင်ရှားတဲ့ အနေအထားဖြစ်မှာ၊ လူထုနဲ့ ပဋိပက္ခဖြစ်မှာပဲ၊ စကားက မပေါက်ဘူးလေ။ အဲဒီတော့ သူနဲ့ မဟာမိတ်ပြုထားတဲ့ အင်အားတချို့ကတော့ TNLA နဲ့ ပေါင်းပေါ့လေ။

အဲဒီထက် အရေးကြီးတာက သူသိမ်းပိုက်ရရှိထားတဲ့ လက်နက်ခဲယမ်းမီးကျောက်တွေ အကူအညီပေးဖို့က ဒီကုန်သွယ်ရေးလမ်းကြောင်းတွေ စီးဆင်းနေဖို့ လိုပါတယ်။ အဲဒီအားသာချက်လည်း ရရှိသွားတယ်။ ဒါကြောင့် တော်လှန်ရေးအတွက် သူ့ပါဝင်မှုက ထူးထူးခြားခြား ယုတ်လျော့သွားတဲ့ အနေအထားလည်းမရှိဘူး။ အကျိုးရှိတဲ့ဘက်လည်း ရှိတဲ့အတွက် ကျွန်တော်ကတော့ ဒီနေ့ ကိုးကန့်ရဲ့ စစ်ကောင်စီနဲ့လုပ်တဲ့ သဘောတူညီချက်က အခြေခံအားဖြင့် အပြုသဘောဆောင်တယ်လို့ သုံးသပ်ပါတယ်။

မော်ကွန်း – လက်ရှိထိတော့ ဒီအပစ်ရပ်သဘောတူညီချက်က ဘာတွေပါတယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးဘူး။

နယ်မြေဆိုင်ရာကိစ္စတွေလည်း မရှင်းလင်းသေးဘူး။ တချို့သတင်းဌာနတွေကလည်း လားရှိုးကနေ ပြန်ဆုတ်ပေးရမယ်ဆိုတာမျိုး ရေးတာတွေလည်းရှိတယ်။

အဲဒီအခြေအနေမှာ သူတို့ သိမ်းထားတဲ့ နယ်မြေတွေမှာ အုပ်ချုပ်ရေးကိစ္စတွေက ဘယ်လိုဖြစ်လာနိုင်လဲ။ တချို့ကလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲကို သွတ်သွင်းလိုက်တာမျိုး ပြောကြပါတယ်။ အဲဒီအခြေအနေတွေရော ဘယ်လိုသုံးသပ်လို့ ရပါလဲ။

ဦးသန်းစိုးနိုင် – အဲဒါကတော့ တစ်ခုလုံးနဲ့ ခြုံပြီးပြောရမှာပေါ့။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဆိုတာလည်း ကိုယ့်ဥပဒေနဲ့ကိုယ်၊ ကိုယ့်အုပ်ချုပ်ရေးနဲ့ကိုယ် ယာယီအားဖြင့် လုပ်ကိုင်ကြမယ့် သဘောပါပဲ။

ဒါပေမယ့် ဒီနယ်မြေနဲ့ ပတ်သက်တဲ့ ကိစ္စတွေ တပြည်လုံး တည်ဆောက်မယ့် ကိစ္စတွေကတော့ နောက်ပိုင်းကျမှ ဆက်စပ်ပြီးတော့ လုပ်သွားရမယ့် ကိစ္စတွေဖြစ်ပါတယ်။ လောလောဆယ်ကတော့ တော်လှန်ရေးအတွက်လည်း ထူးထူးခြားခြား နစ်နာသွားတာမရှိဘူး။ တော်လှန်ရေးအတွက်လည်း အကျိုးရှိအောင်လုပ်တတ်ရင် ရှိလာနိုင်တယ်။ အဲဒီအခြေအနေအောက်မှာ ကျွန်တော်ကတော့ ဒီလိုလုပ်တာကောင်းတယ်။

လောလောဆယ်မှာတော့ နာမည်ဘယ်လိုတပ်တပ်ပေါ့၊ သူ့တရားစီရင်ရေး၊ သူ့ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးစနစ်နဲ့အညီ ရပ်တည်နိုင်ဖို့၊ သူ့လူထုကို လေကြောင်းထိုးစစ်တွေနဲ့ အမြှောက်နဲ့ပစ်ခတ်မှုတွေကနေ အကာကွယ်ပေးနိုင်တဲ့အတွက် သူတို့အတွက် အကျိုးရှိတယ်လို့ မြင်ပါတယ်။

လားရှိုးပြန်ပေးလိုက်တယ်တို့ ဘာတို့ကတော့ ထင်မြင်ချက်နဲ့ပြောနေတဲ့ သတင်းတွေပါ။ မူအရတော့ အဲဒီကိစ္စက မဖြစ်နိုင်ဘူးလို့ ကျွန်တော်ကတော့ယူဆပါတယ်။ အဲဒါကတော့လုပ်မှာမဟုတ်ပါဘူး။ သူတို့လည်း တန်ဖိုးတွေပေးပြီးတော့ သိမ်းပိုက်ထားတာဖြစ်ပါတယ်။

မော်ကွန်း – လက်ရှိ တရုတ်နိုင်ငံကပြောတဲ့အထဲမှာ မြန်မာ့ငြိမ်းချမ်းရေးအတွက် ဆက်လုပ်သွားမယ်ဆိုတာပါတယ်။ လက်ရှိမှာလည်း တရုတ်နိုင်ငံအနေနဲ့ ဖိအားပေးပြီး အပစ်ရပ်ခိုင်းတာမျိုးတွေ ရှိလာတယ်။ သူတို့အနေနဲ့ ဒီအခြေအနေကို ဘယ်လိုပုံဖော်နေတာလဲ။ နွေဦးတော်လှန်ရေးမှာ ဘယ်လို သက်ရောက်နိုင်မလဲ။

ဦးသန်းစိုးနိုင် – ဒါကတော့ဗျာ တရုတ်မပါဝင်ဘူးဆိုရင်တော့ ဂယက်ရိုက်မှုကနည်းတာပေါ့။ နွေဦးတော်လှန်ရေးရဲ့အရှိန်အဟုန်က ပိုပြီးတော့ မြင့်မားနိုင်တာပေါ့။ သူတို့က(တရုတ်နိုင်ငံ) အဓိက သူ့အကျိုးစီးပွားတွေကာကွယ်ဖို့နဲ့ သူတို့ရဲ့ သေနင်္ဂဗျူဟာသဘောထားတွေအောက်မှာ ဗမာပြည်ကို ဒီလိုနည်းနဲ့ ချဉ်းကပ်ကိုင်တွယ်နေတာပေါ့။

သူ့ရဲ့ နိုင်ငံတကာအခင်းအကျင်းနဲ့ မဟာဗျူဟာ သဘောအရပြောရင် နှစ်ချက်ရှိတယ်။ တစ်ချက်ကတော့ အနောက်တိုင်းက အမေရိကန်တို့ အီးယူတို့ ဒီအရေးအခင်းမှာ မပါဝင်ရေး၊ မဝင်ရောက်ရေး၊ မစွက်ဖက်ရေးပေါ့။ နောက်တစ်ချက်ကတော့ သူ့ရဲ့ လမ်းကြောင်းတစ်ခု ခါးပတ်လမ်းတစ်ခု (BRI) အစီအစဉ်တွေ မထိခိုက်ရေးအတွက် စဉ်းစားတာပေါ့။

အဲဒီအခြေအနေအောက်မှာ ဗမာပြည်နဲ့ပတ်သက်ပြီးတော့ သူ့နယ်နမိတ်ထိစပ်နေတဲ့နေရာတွေမှာ ငြိမ်းချမ်းဖို့လိုတယ်လို့ ငြိမ်းချမ်းကြပါ၊ စစ်ရပ်စဲကြပါ ဆိုပြီးတော့ ပြောနေတာပေါ့။ အဲဒါက ဗမာပြည်သူလူထုရဲ့ သဘောနဲ့ ဆန့်ကျင်နေတာပေါ့။ ဒါကိုလည်း သူသိပါတယ်။ သို့သော်ငြားလည်း အခု ဗမာပြည်မှာရှိနေတဲ့ အင်အားစုတွေကြားမှာ တိုင်းရင်းသားအင်အားစုတွေရဲ့ တစ်စိတ်တစ်ပိုင်းက သူ့ရဲ့ ကွပ်ကဲမှု သူ့ရဲ့ သဘောထားအောက်မှာရှိနေတယ်။ နောက်တစ်ဖက်က နာမည်ခံ အုပ်စိုးနေတဲ့ အုပ်စုက စစ်အစိုးရဖြစ်တဲ့အခါ သူ့အကျိုးစီးပွားတွေ ကာကွယ်ဖို့နဲ့ ရင်းနှီးမြှုပ်နှံဖို့ အာမခံချက်ရှိနေတယ်။

တခြား နိုင်ငံရေးအင်အားစုတွေဆိုတာက ငြိမ်းချမ်းရေး သဘောထားတွေနဲ့ မူဝါဒတွေပဲ ပြောနေပြီး တကယ်တမ်းစစ်ရေးအင်အားမရှိတဲ့အခါ တကယ်တမ်းအကောင်အထည်ဖော်ဖို့က စစ်အုပ်စုလောက် သူ့အတွက် အာမခံချက်မရှိဘူး။ ဒါ့ကြောင့်မို့ NLD ကို နိုင်ငံရေးအရ ကြိုက်တာတွေရှိပေမယ့် စစ်အုပ်စုကိုပဲ ထောက်ခံတယ်။ ဘာကြောင့်လဲဆိုတော့ သူကလည်း အာဏာရှင်နိုင်ငံဖြစ်တာကိုး။

စစ်တပ်ကို အဓိကဆုပ်ကိုင်ထားနိုင်တဲ့သူက တိုင်းပြည်ကို အဓိက အုပ်စိုးရမှာပဲဆိုတဲ့ သဘောထားရှိပြီးသားပဲ။ အဲဒါကြောင့် စစ်ကောင်စီ အကျိုးစီးပွားအတွက် တစ်စုံတစ်ရာ လိုက်လျောနေတာပေါ့။ ဒီလိုလိုက်လျောတယ်ဆိုတာက သူ့အကျိုးစီးပွားတွေ ကာကွယ်ပေးမှာနဲ့ သူထပ်ပြီးရင်းနှီးမြှုပ်နှံမယ့် နယ်ပယ်တွေမှာလည်း အကန့်အသတ်မရှိတဲ့ ကန့်ကွက်မှုမလုပ်မယ့် အစိုးရဖြစ်လို့ပဲ။

နောက်တစ်ခုက ဒီဒေသတွေမှာ ငြိမ်းချမ်းရေးဆောင်ရွက်မယ်ဆိုရင်လည်း စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ငြိမ်းချမ်းရေးရည်မှန်းချက်တွေထဲမှာ ပါဝင်နေတဲ့အနေအထား ရှိနေတဲ့အခါ စစ်ကောင်စီကို အားပေးနေအုံးမှာပဲ။ သူ့ဘက်က အားပေးတယ်ဆိုတာက သူတို့ယူဆထားတာက အဓိကအားဖြင့် ရွေးကောက်ပွဲဝင်၊ တရားဝင်အစိုးရဖြစ်အောင်ကြိုးပမ်း အဲဒီလုပ်ငန်းစဉ်တွေမှာ ကူညီမယ်ဆိုတဲ့သဘောပေါ့။

ဒါပေမယ့် အဲဒါတွေက ဗမာပြည်ရဲ့ကံကြမ္မာနဲ့ပတ်သက်ပြီး အဆုံးအဖြတ်ပေးတဲ့၊ သဘောထားတွေမဟုတ်ပါဘူး။ အဲဒါတွေက အခြေအနေတစ်ခုအောက်မှာ ဆုပ်ကိုင်ထားတဲ့ မူဝါဒတွေပါပဲ။ တကယ်လို့ အခြေအနေပြောင်းသွားရင်လည်း အခြေအနေပြောင်းသွားတဲ့အတိုင်း လုပ်မှာပါပဲ။ ဒါက သူ့ရဲ့ တစ်လျှောက်လုံး ကိုင်ဆွဲထားတဲ့ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ပေါ်လစီကတော့ ဆက်ပြီး ကျင့်သုံးနေအုံးမှာပါပဲ။

အခြေခံကတော့ သူ့အကျိုးစီးပွားတွေ အကာအကွယ်ပေးမယ့်၊ သူ့အကျိုးစီးပွားတွေ ဆက်လက်တိုးချဲ့နိုင်မယ့် နယ်ပယ်တွေကို လောလောဆယ်ဆယ် ထိန်းချုပ်နိုင်တာ စစ်ကောင်စီဖြစ်နေလို့ စစ်ကောင်စီကို အားပေးနေတာပါ။ စစ်ကောင်စီကို ကြိုက်လို့လည်း မဟုတ်ပါဘူး။ သဘောကျလို့လည်း မဟုတ်ပါဘူး။ ဒါက ကျွန်တော့်အမြင်ပြောတာပါ။

မော်ကွန်း – တရုတ်အနေနဲ့ အခုလို တွန်းအားပေးတာ၊ ကြားဝင်စွက်ဖက်လာတာက နွေဦးတော်လှန်ရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ဘယ်လောက်ဆိုးကျိုးရှိနိုင်လဲ။ သူ့ရဲ့ဖိအားက တခြားအဖွဲ့အစည်းတွေအပေါ်မှာရော ဘယ်လောက်ထိ သက်ရောက်မှုရှိနိုင်လဲ။

ဦးသန်းစိုးနိုင် – ကာလအပိုင်းအခြားတစ်ခုနဲ့ နယ်မြေဒေသတစ်ခုထဲမှာတော့ ဒီတော်လှန်ရေးလှုပ်ရှားမှုတစ်ခုလုံးကို အတိုင်းအတာတစ်ခုထိတော့ နှောင့်နှေးသွားအောင်လုပ်နိုင်ပါတယ်။

ဒါပေမယ့် အဆုံးအဖြတ်ကတော့ ဗမာပြည်သူလူထုနဲ့ တိုက်ပွဲဝင်နေတဲ့ အင်အားစုတွေပါပဲ။ ဒီအင်အားစုတွေက တရုတ်ရဲ့ သဘောထားကို လက်မခံဘူး။ တရုတ်ရဲ့ မူဝါဒကိုလည်း လက်မခံဘူး။ ဒီအနေအထားကို သူ့အနေနဲ့ ကြိုးစားဟန့်တားတာ အနှောင့်အယှက်တစ်စုံတစ်ရာတော့ ရှိပါတယ်။ ဒါပေမယ့် နွေဦးတော်လှန်ရေး တစ်ခုလုံး ဆင်နွှဲမယ့် လမ်းကြောင်းကိုတော့ တားဆီးကန့်သတ်လို့မရပါဘူး။

ဘာလို့လဲဆိုတော့ သူ့တားဆီးကန့်သတ်မှုကို တစ်ဖက်ကတုန့်ပြန်နိုင်မယ့် နိုင်ငံတကာ အင်အားစုတွေကလည်း ရှိနေတာကိုး။ အဲဒီအခြေအနေအောက်မှာသူလည်း အကန့်အသတ်နဲ့ပဲ ပါဝင်နေရတာဖြစ်ပါတယ်။ အခု KIA တို့ အာရက္ခတပ်တော် (AA) တို့နဲ့ပတ်သက်တဲ့ကိစ္စတွေမှာ သူ့အနေနဲ့ ဘာမှ ကန့်သတ်ချုပ်ခြယ်လို့ မရပါဘူးဆိုတာ လက်တွေ့ပါပဲ။

အခု အညာဒေသရဲ့ လှုပ်ရှားမှုတွေ၊ မြစ်ဝကျွန်းပေါ်ဒေသဘက် လှုပ်ရှားမှုတွေထဲ တိုးဝင်သွားပြီဆိုရင်တော့ သူဘာမှ လက်လှမ်းမမီတော့ဘူးလို့ ယူဆပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ ကင်းလို့လည်းမရတဲ့ အိမ်နီးချင်း၊ ပေါင်းစပ်လို့လည်းမရတဲ့ အိမ်နီးချင်းနဲ့ကတော့ အတိုင်းအတာတစ်ခုထိ ပါးပါးနပ်နပ်ပဲ ကိုယ့်အကျိုးစီးပွားကိုယ် ဖော်ဆောင်နိုင်ဖို့အတွက် တရုတ်ကို သတိထားပြီး ဆက်ဆံသွားရမယ်လို့ ယူဆပါတယ်ခင်ဗျ။

မော်ကွန်း – MNDAA အပစ်အခတ်ရပ်စဲလိုက်တာက မန္တလေးတိုင်းထဲက ရှမ်းမန်းစစ်ဆင်ရေးမျိုးတွေမှာရော ဘယ်လောက်ထိ သက်ရောက်မှုရှိနိုင်လဲ။

ဦးသန်းစိုးနိုင် – MNDAA ဟာ လားရှိုး၊ သန္နီကနေ မကျော်သင့်ဘူးဆိုတာ တစ်ပြည်လုံးမှာရှိနေတဲ့ အခင်းအကျင်းအရ၊ အမျိုးသားပါဝင်မှုသဘောအရ ပထဝီနိုင်ငံရေးသဘောအရ ပြောတာပါ။

ကျွန်တော်တို့ကတော့ ဗကပတပ်ထဲမှာ ဖြတ်သန်းလာတာဆိုတော့ ကိုးကန့်ဆိုတာ ရှမ်းနာမည်ခံထားတဲ့ တရုတ်တွေပါပဲ။ သူတို့နဲ့ ဆက်ဆံရတာ ဘယ်လိုလဲဆိုတာ ကျွန်တော်တို့က သဘောပေါက်ပြီးသားပါ။ ဆိုလိုတာက ဒီအင်အားစုတွေ မြေပြန့်ထဲ၊ ဗမာလူထုထဲကို ပါဝင်လာမယ့် အနေအထားကို ကျွန်တော်ကတော့ သဘောမကျပါဘူး။

အဲဒါကြောင့် ဒီနေရာမှာ ရပ်သွားတာကောင်းတယ်လို့ ပြောတာပါ။ နောက်ပြီးတော့ တော်လှန်ရေးအတွက် အကျိုးရှိတဲ့အချက်တွေ အသုံးချဖို့ ကြိုးစားသွားရမှာပါ။ ဒါက ကျွန်တော့်ရဲ့သဘောထားပါ။

မော်ကွန်း – ဟုတ်ကဲ့ နောက်ဆုံးမေးခွန်းအနေနဲ့ MNDAA ရဲ့ အပစ်ရပ်လိုက်တာနဲ့ ပတ်သက်လို့ ဘာတွေမျှော်လင့်လို့ရနိုင်ပါလဲ။

ဦးသန်းစိုးနိုင် – မျှော်လင့်လို့ရတာတော့ ကျွန်တော်ခုနက ပြောသလိုပါပဲ၊ သူတို့က ရပ်သင့်တဲ့အနေအထားမှာ ရပ်လိုက်တာလို့ ယူဆပါတယ်။

နောက်အတွက် သူ့အတွက် အားထုတ်မှုက သွေးတွေအသက်တွေပေးပြီး ရယူထားတဲ့ နယ်မြေတွေက မဆုတ်ခွာဘူးဆိုတော့ ကျွန်တော်ကတော့ ဒါက အပြုသဘောဆောင်တဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုလို့ ယူဆပါတယ်။

အဲဒီလိုလုပ်လိုက်တဲ့အတွက် နွေဦးတော်လှန်ရေး ဦးကျိုးသွားတာ နောက်ဆုတ်သွားတာ ၊ နွေဦးတော်လှန်ရေး ရပ်ဆိုင်းသွားတာ စတဲ့ သက်ရောက်မှုတွေဘာမှမဖြစ်နိုင်တဲ့အတွက် ဒါက ကောင်းတယ်လို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."